မှိုတို့သည်မပေါက်
ယာတို့သည်ခြောက်ကုန်၏
စိန်ပန်းနီနီတွေ မြေမှာကြဲပြန့် နေတဲ့
ကျောင်းဖွင့်ချိန်ကိုရောက်လို့ လာခဲ့ပြီ
ဆရာမကြီး စော တို့  မူလတန်းကျောင်း
ကလေးရဲ့ ကျောင်းဖွင့်ချိန်ဟာ တကယ့်ကို
ရောက်လို့ လာခဲ့ပါပြီ။
ကျောင်းကလေးရဲ့မြေပြင်မှာ မိုးသက်လေ
ကျောင်းကလေးရဲ့မြေပြင်မှာ မိုးသက်လေ
ခြွေထားတဲ့ စိန်ပန်းနီနီတင်မက နွေလက်ကျန်
ငုရွှေဝါတွေပါ ရောနှောနီဝါရွှေလို့ ချစ်စရာ၊
သနားစရာ ကျောင်းကလေးကို
ကြည့်လို့ မဝနိုင်ခဲ့ပါဘူး။
ငယ်ငယ်တုန်းက အထက်တန်းစကားပြော လက်ရွေးစင်မှာ သင်ခဲ့ရတဲ့ဆရာ၊ သိပ္ပံမောင်ဝရဲ့ ရွာ့ကျက်သရေ ထဲက ဆရာစော၏ကျောင်းမှာ ဓနိကပ် ၊ ဓနိမိုး ၊ ဝါးလုံးတိုင် ၊ ဝါးကြမ်းခင်း ပြုတင်းပေါက်နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာ ရှိလေသည် ဆိုတဲ့ ဆရာစော ကျောင်းကလေးအတိုင်း တသွေမတိမ်း နုံ့နဲ့စုတ်ခြာလှတဲ့ ဒီကျောင်းကလေးကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူစော ပြောင်းလာတဲ့နေ့မှာပဲ ချစ်တဲ့သူက နံမည်ပေးခဲ့တယ် ဆရာမကြီးစောကျောင်းတဲ့။
ဟုတ်လည်းဟုတ်ပါရဲ့ မြို့ဆင်ခြေဖုံးရဲ့ ဝါးကပ်မိုး၊ ထရံကာ ကျောင်းကလေးက တဖက်ကို ၄၅ ဒီကရီ တိမ်းစောင်းလို့ ကျောင်းကလေးအောက်မှာ စီးဆင်းနေတဲ့ ရေဆိုးရေမဲတွေနဲ့အတူ ခရမ်းပြာရောင် ဗေဒါတောအုပ်ကလည်း မင်းမူလို့ .....စာသင်လို့ကောင်းနေပြီဆို ဝုန်းကနဲ အသံကြားရပြီ။
ကလေးတွေ ကြမ်းပေါက်ကြွံကျတာ မြေဖြူပစ်ချ၊ ထမီအစိမ်းအသာမ လွှားကနဲနေအောင် ခုန်ပျံပြေးပြီး ရေဆိုးရေမဲထဲက ဟာလေးတွေကို ဆယ်ယူကယ်တင်ရသေးတာ။
ကျောင်းသားချင်းကလည်း ဆရာစော ကျောင်းနဲ့ တပုံတည်းပါပဲဗျာတဲ့လေ။
ဟုတ်လည်းဟုတ်တာပဲ ပြောလည်းပြောစရာ၊ "ရွာကျက်သရေ"ထဲကငထွန်းကား စာမအံ၊ ယင်ကောင်တွေကို ဖမ်းပြီးလျှင် နောက်တိုး၏နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တယောက်တချက်စီ ထိုးနေကြလေပြီ။
ထွန်းဝေနှင့် စံသိန်းးတို့ကား ကျောင်းအောက်တွင် နဘမ်းလုံးနေကြကုန်၏။ မိခွေးနှင့် မယ်သိန်းတို့မှာ ဒေါင့်တဒေါင့်တွင် ခရားစေ့တောက်တမ်း ကစားနေကြနေသည် ဆိုတဲ့ စာပိုဒ်ကို သူရွတ်ပြရင် ဆရာမကြီးစောကလည်း အားကျမခံ ရွာကျက်သရေထဲက "နောင်နှစ်ပေါင်း ၄ဝ - ၅ဝ ခန့်ကြာလျှင် ဤကျောင်း မှပင် မြန်မာပြည်သမတ္တ ထွက်ချင်ထွက်နေမည်ကို စည်းစားမိပုံမပေါ်" ဆိုတဲ့ စာပိုဒ်ကို ပြန်ရွတ်ပြလိုက်တာပေါ့။

ခုတော့လည်း ဆရာမကြီးစောနဲ့ လက်လုပ်လက်စား ကျောင်းသားမိဘများရဲ့ နှစ်ရှည်ကြိုးစားမှုကြောင့် ရေဆိုးရေမဲကင်းစင်၊ ဖို့မြေမှာ သွပ်မိုး၊ အုပ်ကာလေးနဲ့ သမတ္တလောင်းလေးတို့ရဲ့ ကျောင်းကလေးဟာ ပြောင်းလဲခဲ့ပြီ။ ဒင်းလေးတို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ရပါတယ်။
ဆရာမကြီးစောနဲ့ လက်ထောက်ဆရာမများ အလှုမခံဖူးသူ ဒီနယ်တွင်မရှိ၊...... ဈေးရောင်းခြင်းဖြင့် ရံပုံငွေရှာဖူး၊ ဗလာဇာတ်ပွဲသွင်းပြီးတော့လည်း ရံပုံငွေရှာခဲ့ရ....၊ ကိုယ်အိမ်ကိစ္စဘာမှ ပြန်မကြည့်နိုင်.....၊ သားသမီးတွေက "အမေက သမိးတို့ထက် အမေ့သမတလောင်းလေးတွေကို ပိုချစ်တာ" တဲ့လေ။
ပါရမီဖြည်ဖြက် ခင်ပွန်းသည်ကတောင် စိတ်ကောက်ရှာထင့်... သမတလောင်းလေးတွေနဲ့အတူ နေရစ်ပေရော့တဲ့.....။ ဆရမကြီးစောကို ထားရစ်ခဲ့ပြီ။ ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ ခရီးကို ထွက်ခွာသွားခဲ့ပြီ....။
ဆရာမကြီးစောကလည်း ဆရာမကြီးစော ပါပဲလေ။ ကျောင်းကလေးကိုမြင်တာနဲ့ အားလုံကိုမေ့ အမောပြေ။ သမတလောင်းတို့ကိုမြင်တာနဲ့ ပျော်ရွှင်ကြည်နူးကျေနပ်။ ဆရာမကြီးစောရဲ့ဘဝ နေပျော်၊ ပြည့်စုံသတဲ့......။ ဒီနှစ်ကျောင်းဖွင့်ချိန်ဆို ပိုလို့တောင်နေပျော်၊ စိတ်ပျော်သလိုပဲ။ "ကျောင်းနေရွယ်ကလေး ကျောင်းနေရေး၊ မိဘပြည်သူ ဝိုင်းကူပေး" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ၊ ကျောင်ဝင်ကြေးမရှိစေရ၊ စာအုပ်ဖိုးမကုန်စေရ၊ မည့်သည့်အခကြေးငွေမှ ပေဟစရာမလိုတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖေါ်မတဲ့.....။ ကောင်းလိုက်သလေ....။
ဆရာမကြီးစော ကျောင်းကလေးရဲ့ လက်လုပ်လက်စား ပတ်ဝန်းကျင်က ပိုက်ဆံမတတ်နိုင်မှုနှင့် ကျောင်းမနေနိုင်ရှာတဲ့၊ ကျောင်းထွက်ရရှာတဲ့ သမတလောင်းလေးတွေ ဆရာမကြီးစောကျောင်းမှာ အမျာကြီး တိုးပွားလာကြဦးမှာပေါ့။ အသေအချာပေါ့။
...........................................
"မင်္ဂလာပါ"
ကျောင်းကလေးကို လွှမ်းခြုံထားတဲ့ ဒီအသံဟာ ဘယ်လောက်များ ကျက်သရေ ရှိလိုက်ပါသလဲ.....။ တလောကလုံးမှာ အသာယာဆုံအသံ၊ အချိုမြိန်ဆုံးအသဲပေပဲ...။ စိတ်ကလေးကြည်ကြည်နဲ့ ဆရာမကြီးစောတယောက် ကျောင်းသားစာရင်းစာအုပ်ကို တဖြတ်ဖြတ်လှန်တယ်...။
မနှစ်ကကျောင်းသားကျောင်းသူဟောင်း (၁ဝ) ယောက်။ သူငယ်တန်းကစပြီး လေးတန်းအထိ အရွယ်စုံ၊ အတန်းစုံ၊ ဆယ်ရောက် ခုချိန်ထိ ကျောင်းလာမအပ်သေး။ ဒီနေ့ဆို ကျောင်းဖွင့်တာ တပတ်ကျော်ပြီ။
"ဆရာမ ညိုရေ"
ဘေးနားမှာ ဘုရးပန်းအိုးထိုးနေတဲ့ ဝဝဆရာမကြီးလဲ ဆရာမကြီးစောရဲ့ အကြောကို နောကျေနေအောင် သိရှာပါတယ်။
"ညည်းသမတလောင်း ဆယ်ယောက်ကိစ္စလား၊ ကျုပ်မခင်သန်းကို လွှတ်လိုက်ပြီ။ အဲဒီဟာတွေရဲ့လိပ်စာနဲ့၊ စရိတ်လဲပေးလိုက်တယ်။ သေချာလဲမေးခဲ့လို့ မှာလိုက်တယ်"။
"အေးကောင်းတယ်၊ ဒါဖြင့် မခင်သန်း ဒီမနက် ကျောင်းဈေးမရောင်းရဘူးလား"..။
"ရောင်းတယ်လေ ... ။ရောင်းပြီးမှသွားတာပေါ့ ။ ကျုပ်လဲ... သူ့အမြတ်တော့ မစိုက်နိုင်ဘူးအေ၊ စရိတ်စိုက်ရင်တော်တော့ ..." ။ ငယ်သူငယ်ချင်းလိုဖြစ်နေတဲ့ စိတ်တူကိုယ်တူ ဆရာမညိုကို ဆရာမကြီးစော ရယ်မော ရပြန်တယ်။
"ဒီတခါ.... ဘုရားပန်းဖိုးတော့ ယူပါအေ၊ ငါပေးပါ့မယ်...။
"အမလေး တော်ပါအေ..။ ဒီကုသိုလ်လေးတော့ ယူပါရစေ၊ ကျုပ်တို့မယ်၊ တခြားကုသိုလ် ကြီးကြီးမားမား၊ ခဲခဲဖတ်ဖတ်လဲ မလုပ်နိုင်ဘူး....." ။
"ညည်း.... ဟိုနေ့ကစိုက်ထားတဲ့ မီးချောင်းဖိုးတော့ယူ..... ။ ငါ့သမီးကလှုမယ်တဲ့ ....." ။
"အေး..... ပြီးရော ။ လာ... ဘုရားပန်းကပ်လှည့်တော့...."
"ညည်း..ကပ်လိုက်ပါ...၊ ပြီးတော့မှ ငါကပ်မယ်..." ။
သစ္စာပန်း အဝါတွေ ဝေနေတဲ့ ဘုရားပန်းအိုးလေးကို ကိုင်မြှောက်ကပ်လှုရင်း ဆရာမညိုရဲ့မျက်လုံးတွေ ဘုရားအာရုံပြုဖို့ မှိတ်မလိုရှိသေး ။
"ဆရာမကြီး.... ဆရာမကြီး ...ကျွန်မပြန်လာပြီ "။ ဟော.... စွာလောင်စွာလောင် အသံနဲ့ မခင်သန်းတယောက် ပျာလောင်ပျာလောင်နဲ့ ရုံးခန်းထဲ ဝင်လာပါပြီ။

"မခင်သန်း.... မြန်သားပဲ..."။
"ဟုတ်... ဆရာမကြီး .... အဲဒီဘက်ပိုင်းသွားတဲ့ ကျွန်မတို့အရပ်ထဲက ကောင်းလေးတစ်ယောက် ဆိုင်ကယ်နောက်က လိုက်သွားလိုက်တာ.... ။
အမလေး... ဆရာမကြီးရယ် ...အဲဒီအခန်းတွဲတွေကို ကြားသာကြားဖူးတာ၊ မရောက်ဖူးဘူး ။ ဆရာမကြီးကလု တစ်မိသားစု၊ တစ်ခန်းမဟုတ်ဖူး။ တစ်ခန်းကို ငါးအိမ်ထောင်စု၊ ခြောက်အိမ်ထောင်စု ပေါင်းနေကြတာ။ ထမင်းဟင်းလည်း ချက်စားလို့ မရဘူး။ အိပ်ရုံပဲတဲ့.... ။ နေ့ချင်းရှင်း တစ်ညလေးရာတဲ့ ဆရာမကြီးရဲ့ ...

ဟိုဒင်း.... ။
"ကျွန်မသိပါတယ် အဲဒါတွေ ... ။ ဒီလိုပဲ နေကြရတာပေါ့ ။ ရှင်က အိမ်ပိုင်ယာပိုင်နဲ့ဆိုတော့
ပြောအားရှိတာပေါ့.. ။ ရှင့်ဆရာမကြီး ကျွန်မတောင် နေစရာမရှိသေးဘူး ။ ပင်စင်က ခြောက်နှစ်ပဲ လိုတော့တယ်။ ကဲပါ ဘယ်သူတွေတွေ့လဲ ပြောပါဦး" ။
"ဟိုဒင်း... ကလေးတွေပဲ တွေ့တယ် ဆရာမကြီး၊ လူကြီးတွေက အလုပ်သွားတယ်တဲ့။ တစ်ယောက်မှ မတွေ့ဘူး ။ အဲ မျက်စိကွယ်နေတဲ့ အဖွားကြီးတစ်ယောက်တော့ တွေ့တယ်.... ။ ဟိုဒင်းလေ ဆရာမ ဒေါ်ညိုညိုအတန်းက... ၊ ဖြီးတီး၊ ဖြီးတီးနဲ့ ကောင်လေးရဲ့ အဖွားတဲ့...." ။
"ဂျိုးဇက်လား ....၊ သွားကျိုးလေးနဲ့၊ သူငယ်တန်းက မျက်နှာရူးလေးလေ။ အဲဒီမျက်နှာချိုကောင်၊ တစ်တန်းတက်ရမှာ....." ။
"ဟုတ်တယ်..၊ ဟုတ်တယ်။ သူ့အမေက အလုပ်သွားတယ်တဲ့။ အဲဒါ.... သူတို့မြေးဖွားနှစ်ယောက်ကို ပြောခဲ့တယ်။ ဆရာမ ဒေါ်ညိုညို မှာတာတွေ ကျွန်မပြောခဲ့တယ်။ ကျောင်းအမြန် လာအပ်ပါလို့ .....။ ကျောင်းပြောင်း မယ်ဆိုလဲ ကျောင်းထွက်လက်မှတ် လာယူပါလို့ ...."။
"အရေးကြီးတာရော ပြောခဲ့ရဲ့လား။ ကျောင်းအပ်ရင် ဒီနှစ် ပိုက်ဆံတပြားမှ မကုန်တော့ဘူးဆိုတာ...." ။
" ပြောခဲ့တယ် ဆရာမကြီး ။ ပြောခဲ့တယ်။ အကုန်ပြောခဲ့တယ်...."။
"ဟုတ်ပြီ။ ဟုတ်ပြီ .....။ ကျေးဇူးပါပဲ မခင်သန်းရယ် ....သွားပေးတော့"
"ဟုတ်....ဆရာမကြီး .. ဟုတ်...."

စွန့်ထားတဲ့ ဘုရားပန်းအနွမ်း၊ အမှိုက်တွေကို ခြေမြန်လက်မြန် ကောက်သိမ်းယူပြီး ပျာလောင်ပျာလောင်ထွက်သွားတဲ့ မခင်သန်းနောက်ကျောကို ဘာရယ်မဟုတ် ငေးကြည့်ရင်း ဆရာမကြီးစောက သက်ပြင်တစ်ချက်ကို ချလိုက်တုန်းမှာပဲ၊ ဆရာမညိုကလဲ သူ့မူပိုင်အသံ ခပ်ကျယ်ကျယ်ကြီးနဲ့ပဲ.... ။
"ပိုက်ဆံမပေးရဘူး ဆိုလို့ကတော့ ညည်းသမတလောင်းတွေ၊ ဒီနေ့ မနက်ဖြန် ကျောင်;လာအပ်ကြမှာပါအေ" ။
...................................
"မင်္ဂလာပါ ဆရာမကြီး"
ဟော.... လာကုန်ကြပါပြီ .... ။ ဟိုမျက်နှာချို ကောင်လေး ဂျိုးဇက်က လေသာပြုတင်းကို အကုန်ဖွင့် ပြုံးရင်း ရုံးခန်းပေါက်ဝမှာ လက်ကလေးပိုက်လို့ ..... ။ နံ့သာဖြူနံ့ ထောင်းထောင်ထနေတဲ့ သနပ်ခါးတွေကလဲ ဖွေးလို့ .. ။ အိတ်ထောင်ဘတ်လပ်နဲ့ ကျောင်းဝတ်စုံလေးကတော့ နွမ်းရှာတယ် ..... ။
"ဆရာမကြီး....."
ဂျိုးဇက်နောက်က သူ့အမေနဲ့တူရဲ့ ... ။ ငယ် သေးတာပဲ ။ သူကမျက်မမြင် အဖွားအိုတစ်ယောက်ကို တွဲလို့ ....။ ဟောတော်... ။ အဲဒီနောက်မှာတော့ ..ဆရာမကြီးစောရဲ့ (နှစ်တန်းနဲ့သုံးတန်းတက်မဲ့) တပည့်ကျော်နှစ်ကောင် ဂျိုးဇက် အကိုနှစ်ယောက်ဟာ ကတုံးစိမ်းလေးတွေနဲ့ ကိုရင်နှစ်ပါးအသွင် ပြောင်းလို့.... ။
"လာ ...လာ ...လာကြ "။
"ဟုတ်.."
"ထိုင်... ထိုင်... ။ အဖွားကို ဒီမှာထိုင်ခိုင်းလိုက် ..." ။
"ကျွန်မအမေက ၊ မျက်စိမမြင်ပါဘူး ဆရာမကြီး..." ။
"ဟုတ်လား... မနေ့က မခင်သန်းကတော့ ပြောသား ။ ကျွန်မမနေ့က လွှတ်လိုက်တာလေ...။ ကျောင်းအပ်ဖို့ နောက်ကျနေလို့ ..။ အကြီးနှစ်ယောက် ကိုရင်မထွက်ရသေးလို့နဲ့တူတယ် ဟုတ်လား....." ။

ရုံးခန်းပေါက်ဝမှာ သူ့ဆရာမ ဒေါ်ညိုညို မျက်နှာဖြတ်ဆို ပေါ်လာတော့... မျက်နှာချိုကောင်လေး မောင်ဂျိုးဇက်က "မင်္ဂလာပါ ဆရာမ" လို့ အာရပါးရ အော်ပြီးပြေးထွက်သွားတယ်။
ကလေးတွေအမေက သက်ပြင်တချက်ကိုချတယ်...။
"ကျွန်မတို့... ကျောင်းလာအပ်တာ မဟုတ်ပါဘူး.. ဆရာမကြီး...."
" အော် ... ဒါဖြင့်... ကျောင်းပြောင်းလက်မှတ် ထုတ်ဖို့ပေါ့.. ။ အိမ်ပြောင်းမလို့လား...." ။
"ဟို...." ။
"ကျွန်မနားလည်ပါတယ်။ ဒီလိုပဲပေါ့....။ ကျောင်းပြောင်းလက်မှတ်လေးတွေ သေချာလုပ်ပေးလိုက်မယ်။ ဓါတ်ပုံလေးတွေတော့ ရိုက်ရဦးမယ်။ ကိစ္စမရှိဘူး... ကျွန်မလုပ်ပေးလိုက်မယ်...။ ခဏလေး..." ။
"မဟုတ်ပါဘူး ...ဆရာမကြီး... ။ ကျောင်းပြောင်းလက်မှတ်မဟုတ်ဘူး ...။ ကျွန်မကလေးတွေကို.. ကျောင်းမထားတော့ပါဘူး...."။
" ဟင်...." ။
ဆရာမကြီးစောတယောက် ကလေးတွေအမေကို နားမလည်သလိုကြည့်တယ်.... ။ ကိုရင်လေးနှစ်ပါးက ခေါင်းလေးတွေငုံ့လို့ .... ။
"ကျွန်မ.... သူတို့ကို ကျောင်းမထားနိုင်တော့ဘူး ဆရာမကြီး... ။ ကလေးတွေအဖေကလဲ မရှိတော့ဘူး အမေအိုကြီးနဲ့ ကျွန်မတစ်ယောက်ထဲ လုပ်စာနဲ့......" ။
"အို.... အို ... ဟုတ်ပြီ .. ။ ကျွန်မပြောမယ်။ ဒီနှစ် ကျောင်းအပ်ဖို့အတွက်က ပိုက်ဆံတပြားမှ မကုန်တော့ဖူးလေ...။ ဘာမှ မကုန်တော့ဘူးလေ..." ။
"ဆရာမကြီးကို.. အားနာလို့ လာရှင်းပြတာပါ ။ ကြုံရာကျဘမ်း ကျွန်မလုပ်စာနဲ့ ပါးစပ်ငါးပေါက်ဝအောင် မစားနိုင်ဘူး ဆရာမကြီးရဲ့ ....အဲဒါကြောင့် ....ဒီအကြီး နှစ်ယောက်ကို တစ်ခါတည်း အပြီးကို ကိုရင်ဝတ်ပေးလိုက်ပြီ.... ။ ဘုန်းကြီးကလဲ စာသင်ပေးမယ်တဲ့... "။

ရေပက်မဝင်ပြောတတ်တဲ့ ဆရာမကြီးစော တစ်ယောက် ဆွံ့အလို့ သွားခဲ့ပြီ ...။ ကိုရင်လေးနှစ်ပါးက မျက်နှာငယ်လေးတွေနဲ့ သူတို့ဆရာမကြီးကို ကြည့်နေတယ်လေ...။
"အငယ်လေးကျတော့လဲ ကျွန်မအလုပ်သွားရင် သူ့ဖွားအေကို ကြည့်ဖို့ထားခဲ့ရမှာ...." ။
"မင်္ဂလာပါ ဆရာမတွေ" မိုးမွှန်အောင် လိုက်နှုတ်ဆက်ရင်း ဘာမှမသိရှာသူ မျက်နှာချိုကောင်လေးကတော့ ရုံးခန်းထဲကို ပြန်ပြေးဝင်လာခဲ့ပြီ.... ။
"ကျွန်မတို့သွားတော့မယ်... ဆရာမကြီး.. ၊ ထ ကိုရင်တို့" ။

ဆရာမကြီးစောတစ်ယောက် မတ်တပ် ထရပ်မိရင်း "ဂျိုးဇက် "လို့ ခေါ်မိတယ်။ ကောင်ငယ်လေးက "ဗျာ" တဲ့.. ။
"မင်းက.. ကျောင်းမနေချင်ဘူးလား..." ။
" နေချင်တာပေါ့ ၊ နေမှာလေ..." ။
"မင်းက.. ကျောင်းမနေချင်ဘူးလား..." ။
" နေချင်တာပေါ့ ၊ နေမှာလေ..." ။
ကလေးတွေအမေက အံကြိတ် မျက်လုံးပြူး ခေါင်းရမ်းပြ အပြီးမှာတော့ မျက်နှာကလေး ညှိုးကျလို့ ။ ကောင်ငယ်လေးရဲ့ လေသာပြုတင်းပေါက် ပါးစပ်လေးလဲ ပိတ်ခဲ့ပြီ ...။ သွားတော့ကွယ်.... ။
အိုး.... မိုးသက်လေးက ဖြန်းကနဲ ရိုက်ချလိုက်တော့ စိန်ပန်းတွေရဲကနဲ ကြွေကြပြန်ပြီ... ။
"ဆရာမကြီးကို နှုတ်ဆက်လိုက်ဦးလေ "။
"မင်္ဂလာပါ ဆရာမကြီး........" ကျိုးကြေနေတဲ့ အသံတုန်လေးပေါ်ကို ကျောင်းခန်းဆီက ညီညာဖျဖျအော်လိုက်တဲ့ အသံတွေက ဖုံးအုပ်သွားခဲ့တယ်။ မင်္ဂလာပါ .... တဲ့..... ။
မိုးသက်လေကြောင့် ပေပဲလား...။ ဒီတစ်ခါ မင်္ဂလာပါဟာ ဆရာမကြီးစောနားထဲမှာ.... ကွဲအက်၊ ကြေမွခါးသီးလို့ နေသလိုပါပဲ ..... ။
နုနုရည်အင်းဝ
၂ဝ၁၁ ခုနှစ် ဇူလိုင်လဗြူတီမဂ္ဂဇင်း
(ဆရာတင်မိုးရဲ့ ကန္တရနှစ်များသို့ )
(ကိုယ်တိုင်စာရိုက်တင်ဆက်ပါသည်)
No comments:
Post a Comment