Tuesday, 29 November 2011

မိုးရေဈေး

မိုးရေတွေက ကျွန်မခြေထောက်ကို ဖြတ်စီး နေကြတယ်။
မြေနီလမ်းရဲ့ အဖုအထစ် ချိုင့်ဝှမ်းတွေထဲမှာ မိုးရေတွေချည်းပဲ၊ မိုးဦးပေမယ့် မိုးရွာတာ က ရေပါလိုက်တာ၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ ရပ်ကွက်လေးတခုလုံး ရေကြီးနေပြီ၊ သစ်ပင်အုပ်အုပ်လေးတွေနဲ့ နှစ်ခန်းတွဲ တထပ်တိုက် အမိုးနိမ့်နိမ့်ပြားပြားလေးတွေက မိုးရေထဲမှာ ငြိမ်ငြိမ်လေး တွေရပ်နေကြတယ်။
ဟိုတုန်းက လခနှစ်ရာကနေ လေးရာ ပတ်ဝန်းကျင်ရတဲ့ ဝန်ထမ်းတွေကို ဆောက်ပေးခဲ့တဲ့ လေးထောင့်ငါးရာတန် နှစ်ခန်းတွဲ တထပ်တိုက် ပြားပြားလေးတွေဟာ ဗာဒံပင်၊ သပြေပင်၊ ပိတောက်ပင်၊ အုန်းပင်လေးတွေ ဝန်းရံပြီး အလျင်တုန်းကတော့ (အမိုးနိမ့်လွန်းတာကြောင့် မနေနိုင်၊ မထိုင်နိုင် ပူတာကလွဲရင်) သိပ်ကိုအေးချမ်း လှပခဲ့လိမ့်မယ် ထင်တယ်။

ခုကျတော့လဲ တိုက်ပြားလေးတွေ ဘေးမှာ အဖီတွေ၊ အဆွယ်တွေ၊ အပိုးတွေနဲ့ ကြည့်ရတာ ပုံပန်းမကျနိုင်လိုက်တာ၊ ဟော...... ရှေ့မှာစီးနေတဲ့ မိုးရေချောင်းက တော်တော် နက်ဟန်တူတယ်၊ ကျွတ်ကျွတ်အိတ်နဲ့၊ ပိုက်ဆံအိတ်နဲ့ လုံးထွေးကိုင် တဘက်က ထီးဆောင်းပြီး မိုးရေချောင်းကို ဖြတ်ရတယ်။ ရှေ့ကသွားနေကြတဲ့ မိန်းမတွေ နောက်ကိုလည်း မီအောင် လိုက်ရသေးတယ်။ မရောက်သေးဘူးလား၊ ဒီနားနီးနီးလေးဆိုပြီး ခုထိလဲ ဆူသံ၊ ညံသံ၊ ခေါ်သံ၊ အော်သံ ဘာအသံဗလံမှလည်း မကြားရသေးဘူး။
တိုက်ပြားလေး နှစ်ခုနားကနေ မိုးရေအိုင်ဖြတ်ရင်း လမ်းကိုချိုးကွေ့ လိုက်တယ်။ ဟင်..... ကြည့်ပါဦး၊ မမျှော်လင့်ပဲ ဘွားကနဲ တွေ့လိုက်ရတဲ့ ဈေးလေး၊ မိုးရေတွေ ဖွေးဖွေးလှုပ် နေတဲ့ ကွင်းပြင်ကြီးရဲ့ အစပ်မှာ ဈေးနဲ့မတူစွာ ငြိမ်သက်လှုပ်ရှားနေတဲ့ ကျွန်မ နေ့စဉ် ဝယ်ရမယ့် မိုးရေဈေးကလေး။

xxxx xxxx xxxx xxxx

ဈေးလေးကို ဝင်ဝင်ချင်း ကျွန်မကို ဆီးကြိုနှုတ်ဆက်တဲ့ဆိုင်၊ တသွင်သွင်စီးခံနေတဲ့ မိုးရေချောင်းလေးကို ခွဆောက်ထားတဲ့ ခေါက်ဆွဲ၊ ပဲပြားနဲ့ ဘဲသွေးဆိုင်၊ ဆိုင်ရှင်မိန်းမက အင်ဖက် ကလေးတရွက်နဲ့ ယင်တဖျပ်ဖျပ်ခတ်ရင်းက ကျွန်မကို မျှော်လင့်တကြီး လှမ်းကြည့်နေတယ်။ မကြည့်နဲ့ ရှင်ရေ၊ ခေါက်ဆွဲကျော်ဆိုတာ စားလို့ကောင်းပေမယ့် ဆီသိပ် ကုန်တယ်သိလား။ ဈေးအဝင်ဝမှာ ထီးထီးလေးကျန်ရစ်ခဲ့တဲ့ ခေါက်ဆွဲဆိုင်ကနေ နည်းနည်းလျှောက်ပြီး ဘယ်ဘက်ကို ကြည့်လိုက်တော့ မြေကြီးပေါ်မှာ ရေစိမ်ထားတဲ့ ငါးဇလုံတွေကို ချရောင်းနေတဲ့ ငါးသည် နှစ်သည်၊ ငါးသည်ဘေးမှာ စားပွဲခုံလေးတခုံနဲ့ ဝက်သားသည်၊ ဝက်သားသည်ဘေးမှာ မြေကြီးပေါ် ပလပ်စတစ်ခင်း ပုံထားတဲ့ သရက်သီး သည်။
အဲဒီဆိုင်တွေ အလယ်မှာ ကျွန်မ ရပ်လိုက်တယ်။
ဘာဝယ်ရမှန်း မသိဘဲ ငါးရေဇလုံထဲ ဂယက်ထအောင် ကျနေတဲ့ မိုးရေတွေနဲ့ စားပွဲခုံ လေးပေါ်က ဝက်သားတွေပေါ် တပေါက်ပေါက် ကျနေတဲ့ မိုးရေတွေကို ငေးကြည့်မိတယ်။ ငါးနဲ့ ဝက်ပေါ်မိုးရေကျတာ မကောင်းပေမယ့် သရက် သီးတွေပေါ် မိုးရေကျတာကတော့ အကောင်း သား၊ သရက်သီးလေးတွေက စားချင့်စဖွယ် သန့်ရှင်းဝင်းလက်လို့။
'အစ်မရေ....... လာလေ၊ ငါးမြစ်ချင်းတွေ လတ်တယ်'
'ဝက်သားချက် အစ်မရေ၊ ဆီခိုရတယ်'
'ပင်လယ်ငါးကတော့ ချိုလတ် ပေါလေး လေ.....'
ကျွန်မ ခြေထောက်တွေက အလိုလို ဝက်သားဆိုင်လေးဘေးကို ရောက်သွားတယ်၊ နှစ် ယောက်တည်းသော ငါးသည်ရဲ့ နှစ်မျိုးတည်းသော ငါးမြစ်ချင်းနဲ့ ပင်လယ်ငါးဟာ ဝက်သားနဲ့ စာရင် ဈေးနည်းနည်းပေါပေမယ့် အနံ့တမျိုး နံတတ်တဲ့ ငါးမြစ်ချင်းကို ကြက်သွန်ဖြူ၊ မန်ကျည်း မှည့်၊ မဆလာထပ်ဆောင်းရတာနဲ့။ အရသာပေါ့ ရွှတ်ရွှတ် ပင်လယ်ငါးကို ငံပြာရည် အချိုမှုန့် နာနာနယ်ရတာနဲ့ပဲ ဝက်သားဈေးနဲ့ ဘာထူးလို့လဲ။
ဘာပဲပြောပြော ဝက်သားက စားလို့ ကောင်းတယ်၊ ဆီခိုရတယ်၊ ဟင်းနာမည်ပြောရ တာ ဂုဏ်ရှိတယ်၊ သူ့ဟာသူ လေးဆယ်ဖြစ်ဖြစ်၊ ငါးဆယ်ဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် လေး ဝက်သား အစအနလေး တဆယ်သားလောက်ကို သုံးကျပ်ခွဲလောက်နဲ့ ဝယ်ပြီး ရောနှောဖန်တီးလိုက်ရင် စားကောင်းတဲ့ ဟင်းတခွက်တော့ ဖြစ်ပါတယ်။
'သုံးထပ်သား အစလေးတွေ နှစ်ဆယ်သား ထည့်ပေးနော်'
'နံရိုးလေး အစိတ်သား မြန်မြန်လုပ်ပါဦး နော်၊ ရုံးချိန်နီးနေလို့'
'ဒီအသားစလေးတွေ ဘယ်လောက်သားလောက် ရှိမလဲဟင်'
ကျွန်မ ရှေ့က ဝယ်နေတဲ့မိန်းမတွေလဲ အကြံတူ ဥာဏ်တူတွေချည်းပါလား၊ သူတို့သုံး ယောက်စလုံး ရုပ်ရည်သန့်သန့်ပြန့်ပြန့်တွေ၊ လေသံကလဲ မွန်မွန်ရည်ရည်ပဲ၊ နားမှာနားကပ် တောင်မပါပဲ သန့်ရှင်းနေတာက လွဲရင်ပေါ့၊ အဲ...... ရှင် တာက ကိစ္စမရှိဘူး၊ သူတို့ သုံးယောက် ပြီးရင် ကျွန်မအတွက် အသားစရမှ ရပါ့ဦးမလား၊ အသားစပုံနဲ့ နံရိုးပုံအတော်နည်းနေပြီ၊ ဒီဘက်က ဝက်သားပေါင်သားကြီးကတော့ အရာမယွင်းသလောက်၊ ကျွန်မ သက်ပြင်းတချက် ချလိုက်မိတယ်၊ ပေါင်သား ကောင်းကောင်းကတော့ ငါးကျပ်အနည်းဆုံးရှိမှာ၊ တော်ပြီ အသားစ မရလို့ကတော့ မဝယ်တော့ဘူး။
'သမီးရေ.... သရက်သီးတွေက ဘယ်လောက်တဲ့လဲကွယ်'
'တကျပ်ခွဲ ငါးမတ် အဒေါ်၊ ဒီဘက်က တကျပ်ခွဲ၊ ဒီဘက်က ငါးမတ်'
ဝက်သားသည်နားမှာ ချီတုံချတုံရပ်နေတဲ့ ကျွန်မအာရုံ သရက်သီးဆီ ရောက်သွားပြန် တယ်။ အသားဖြူဖြူဝဝ အဒေါ်ကြီးတယောက်က တကျပ်ခွဲ သရက်သီးနဲ့ ငါးမတ်သရက်သီးကို တလုံးစီ ကောက်လိုက်ချလိုက် လုပ်ရင်း......
'မလျှော့တော့ဘူလားကွယ်၊ ဈေးက သိပ် ကြီးတာပဲ'
'ဟာ.... ဘယ်က ဈေးကြီးရမှာလဲ အဒေါ်ရဲ၊ ဒါ့ထက်ကောင်းတဲ့အသီးတွေ နှစ်ကျပ် သုံးကျပ် တောင်ရှိသေးတယ်၊ အဒေါ်က ဘယ်နှစ်လုံး ယူမှာလဲ၊ ဆယ်လုံးလား'
'အို..... မဟုတ်ပါဘူး၊ နှစ်လုံးလောက်ပါကွယ် ကလေးတွေ အဖေအတွက်'
အဒေါ်ကြီးက ငါးမတ်တန်အပုံထဲက အနာပါတဲ့ သရက်သီးနှစ်လုံးကို ဆွဲထုတ်တယ်။
'ဒီအမှည့်လေးတွေဆိုရင်ကောကွယ်'
'ကဲ..... အဒေါ်ရယ် တကျပ်နဲ့ပဲ ယူသွားပါ တော့၊ အနာပါလို့ လျှော့လိုက်မယ်'
အဒေါ်ကြီးက ခြင်းလေးထဲ ပင်လယ်ငါးရဲ့ ဘေးမှာ သရက်သီးနှစ်လုံးကိုတင်တယ်။
'ခက်တာပဲ၊ ကလေးတွေ အဖေကိုတော့ ဒီ အကျင့်ကို ဖျောက်ခိုင်းဦးမှ၊ ထမင်းစားပြီးရင် အသီးအနှံလေး စားတတ်တဲ့ ဟိုတုန်းက စာရေးကြီးအကျင့်ကို ရပ်တန်းကရပ်တော့ တော်ရေ လို့'
ညည်းညူသွားတဲ့ အဒေါ်ကြီး လေသံက မွန်ရည်တယ်၊ ရုပ်ကလည်း ရှေးစာရေးကြီး ကတော်ရုပ်၊ သန့်ပြန့်တယ်၊ ဒါပေမယ့် ဖြူသန့်တဲ့ သူ့မျက်နှာပေါ်က အမူအရာကိုတော့ ကျွန်မ အဓိပ္ပါယ် မကောက်တတ်ဘူး။ တမျိုးပဲ၊ ပင်ပန်းနွမ်းလျနေတာလား၊ အားငယ်ဝမ်းနည်းနေတာ လား၊ ထိတ်လန့်ကြောက်ရွံ့နေတာလား၊ ဘာလဲ။

xxxx xxxx xxxx xxxx xxxx

'ချဉ်ပေါင်ရွက်က ဘယ်လိုလဲဟင်'
'တစီး ငါးမူးအစ်မ'
'မျှစ်ကကော'
'မျှစ်က တကျပ်ခွဲ'
ချဉ်ပေါင်ရွက်တစီးကို အိတ်ထဲထည့်ပြီး မျှစ်နုလေးတွေကို စုဖွကြည့်မိတဲ့ ကျွန်မလက်တွေ တွန့်သွားတယ်။ ချဉ်ပေါင်နဲ့ မျှစ်လေးရောချက်၊ ငါးပိထောင်းစပ်စပ် ထောင်းတော့မယ်ဆိုတဲ့ အစီအစဉ်နဲ့ ဝက်သားဆိုင်ကနေ ခွါပြေးလာခဲ့တာ ကြည့်ပါဦး၊ မျှစ်က ချဉ်ပေါင်ထက် သုံးဆ၊ ငါးကျပ်သားတည်း ဝယ်ပြန်တော့လဲ ညမနက် မလောက်ပြန်ဘူး၊ ကဲပါလေ မထူးပါဘူး၊ ဒါမှမချက်ရင်လဲ ဘယ့်နှယ်လုပ်မလဲ၊ ခုလိုချိန်မှာ နှစ်ကျပ်သုံးကျပ်နဲ့ ဟင်းတခွက်ဖြစ်ဖို့ လွယ်မှတ်လို့။
ဈေးသည်ကောင်မလေးကို ကျွန်မ ငါးကျပ် တန်ပေးထားရင်း သူ့ကုန်စိမ်းဆိုင်လေးကို လျှောက်ကြည့်မိတယ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မျှစ်၊ ငရုတ်စိမ်း၊ ဖလံတောင်ဝှေး ဒါပဲ၊ သူ့ဆိုင်လေးက လဟာပြင်ဝက်သားဆိုင်၊ လဟာပြင်ငါးဆိုင် လဟာပြင်သရက်သီးဆိုင်တို့ရဲ့ ညာဘက်တည့်တည့်၊ မျက်နှာချင်းဆိုင် ဆိုင်တန်းလေးရဲ့ ဘယ်ဘက်ခြမ်းမှာ၊ သူ့ဆိုင်လေးက စပြီး တဖက် ရပ်တဲကလေးနဲ့ လုံလုံခြုံခြုံလေး ဖြစ်လာပြီ။
'ညီမရေ....ဖလံတောင်ဝှေး သုံးစည်း လောက်ဟေ့'
'ရတယ်ဆရာ၊ ဒီနေ့ ဆရာမ မလာဘူးလား'
'ညည်းဆရာမ မနေ့က ကားတဆင့် အပြောင်းမှာ မိုးမိပြီး ဖျားပြီလေ'
ဆိုင်ရှင်ကောင်မလေးက ကျောင်းဆရာထင်ရတဲ့ မျက်မှန်တဝင်းဝင်းနဲ့ သူရဲ့အိတ်ထဲကို ဖလံတောင်ဝှေးစည်းတွေထည့်ပေးရင်း.....
'သုံးကျပ် ဆရာ'
'ဟောဗျာ၊ တကျပ်သုံးစည်း မဟုတ်ဘူးလားအေ့'
ဆိုင်ရှင်ကောင်မလေးက တခစ်ခစ်ရယ်ရင်း မျက်စိမျက်နှာ ပျက်သွားတဲ့ ဆရာကို 'တကျပ်သုံး စီးက ဟိုးရှေးတုန်းကဆရာရဲ့' တဲ့။
'ညည်းဆရာမကတော့ သားငါးဈေးကြီးတယ်တဲ့၊ ပေါ်ဦးပေါ်ဖျားလေးဆိုပြီး ဖလံတောင် ဝှေးကြော်ကို ငါ စားချင်တာဟေ့၊ ကဲ စိတ်တော့ မဆိုးနဲ့ ထားခဲ့ပဟ'
ဖလံတောင်ဝှေးစည်းတွေကို ချခဲ့ပြီး သုတ်ခနဲပြေးတဲ့ မျက်မှန်ထူနဲ့ ရည်မွန်သပ်ရပ်တဲ့ ဆရာရဲ့ ရှက်မျက်နှာပေါ်က အမူအရာတမျိုးကို ကျွန်မ မြင်ဖြစ်အောင်မြင်လိုက်တယ်။

xxxx xxxx xxxx xxxx

ငါးပိထောင်းအတွက် စိမ်းစားငပိ ဝယ်ရဦးမယ်။
ဒီဘက်ခြမ်းက တဖက်ရပ်တဲဆိုင်ကလေး သုံးဆိုင်စလုံးက ကုန်စိမ်းဆိုင်တွေ၊ ရောင်းတဲ့ အသီးအရွက် အားလုံးကလဲ အတူတူပဲ။ နည်းနည်းပိုရင်းနိုင်တဲ့ ဆိုင်နဲ့တူတဲ့ ဘယ်ဘက်ဆုံးက ဆိုင်မှာပဲ ခရမ်းချဉ်သီး တင်ထားတာ တွေ့တယ်။ သုံးလုံးပဲစီးတဲ့ တဆယ်သားနှစ်ကျပ်တန် ခရမ်းချဉ်သီးကို ကျွန်မ ဝေးဝေးကရှောင်ခဲ့တယ်။
ငါးပိဝယ်ဖို့က ကုန်ခြောက်ဆိုင်မှာမှ ရှိမယ်။ မိုးရေဈေးရဲ့ ဘယ်ဘက်ခြမ်းက ဆုံးပြီလေ။ အဲ ညာဘက်ခြမ်းမှာ ကုန်ခြောက်ဆိုင်ပဲ။ ဟိုပုလင်းလေးထဲက မည်းမည်းတွေဟာ စိမ်းစားငါးပိပဲ။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ကုလားပဲ၊ ကြာဆံ မဆိုးဘူး။ ကုန်ခြောက်အစုံရှိသားပဲ၊ တခုပဲရှိတယ်၊ ပစ္စည်းတွေကတော့ အားလုံး ခပ်ညံ့ညံ့တွေချည်းပဲ။ ဆိုင်ရှေ့ရပ်ပြီး ကျွန်မ ပါးစပ်က 'ငါးပိတမတ်ဖိုး' လို့ လွှတ်ခနဲထွက်မယ် လုပ်ပြီးမှ ကုန်စိမ်းသည်မလေးရဲ့ ဟိုရှေးတုန်းက ဈေးကိုအမှတ်ရပြီး 'ငါးပိ ငါးမူးဖိုး' လို့ ခပ်တိုးတိုး ပြောလိုက်မိတယ်။ ဆိုင်ရှင်မိန်းမက အာလူးချိန်နေရာက ကျွန်မကို တချက်လှမ်းကြည့်ပြီး....
'သုံးမတ်ဖိုး ယူလိုက်လေ၊ နှစ်ကျပ်သား၊ ရှင်မနာအောင်လို့၊ ငါးပိတဆယ်သား သုံးကျပ်လေ'
ကျွန်မ နည်းနည်းရှက်သွားတယ်၊ ငါ့နှယ်ညံ့ လိုက်လေ၊ တဆယ်သား ဘယ်လောက်လဲ မေးပြီး နှစ်ကျပ်ခွဲသားပေးလို့ ပြောနိုင်ပါလျက်ကနဲ့ သုံးမတ်ဖိုးလောက်တော့ တတ်နိုင်ပါသေး တယ်လေ။
'ခဏနော် ပေးမယ်၊ ရော့ မောင်လေးရေ၊ ဟိုညီမလေးကို အာလူးထည့်ပေးလိုက်ပါဦး၊ ပိုက်ဆံလဲ ရှင်းယူလိုက်နော်'
ဆိုင်ရှင်မိန်းမက သူ့ဘေးနားမှာ ထိုင်ရောင်းနေတဲ့ သူ့မောင်လူငယ်ကောင်လေးကို အာလူးတောင်းလေးပေးပြီး ငါးပိပုလင်းကိုဖွင့်တယ်၊ အာလူးဝယ်တဲ့ ကောင်မလေးရဲ့ သွယ်သွယ်နဲ့ ဖြူလျတဲ့ လက်ချောင်းလေးတွေကို ကျွန်မသတိ ထားလိုက်မိတယ်၊ ဆွဲကြိုးတွေ နားကပ်တွေ မပါတဲ့ မျက်နှာနဲ့ လည်တိုင်လေးကလဲ လှလိုက်တာ၊ သန့်လိုက်တဲ့ ရုပ်ကလေး၊ ကျွန်မလိုပဲ။ ရွယ်တူဆိုင် ရှင်ကောင်လေးက အာလူးထည့်ပေးရင်း ငေးနေလိုက်တာများ ကောင်မလေးတောင် သိတယ်။
'ငရုပ်သီးမှုန့် ငါးကျပ်သားတထုပ်ပါပေးနော်၊ ဘယ်လောက်ကျလဲဟင်'
ကောင်မလေးက ငရုတ်သီးမှုန့်ထုပ်လေး ခြင်းထဲထည့်ပြီး ပိုက်ဆံအိတ် မည်းမည်း သေးသေးလေးကို ဖွင့်တယ်။
'အာလူးငါးဆယ်သားက လေးကျပ်၊ ငရုတ် သီးမှုန့်ထုပ်က နှစ်ကျပ်၊ ခြောက်ကျပ်ခင်ဗျ'
ကောင်မလေးက တဝက်ဖွင့်ထားတဲ့ ဇစ်ကနေ ကျပ်တန်လေးတွေ နှိုက်ယူနေတယ်၊ လေးရွက်။ ဇစ်ကိုအဆုံးအထိ သူဆက်ဖွင့်တယ်၊ ကျွန်မရင်ထဲ ထိတ်ခနဲတုန်သွားတယ်၊ သူ့ ပိုက်ဆံအိတ်ထဲမှာ အကြွေလေး တစေ့နှစ်စေ့ကလွဲလျှင် ဘာမှမရှိတော့ပါလား။
'ငါးပိရပြီ အစ်မ'
'ဟုတ်.....ဟုတ်' ဆိုပြီး ကျွန်မ ငါးပိထုပ်လေးကို လှမ်းယူရင်း သူလေးရဲ့ခြင်းလေးထဲကို မျက်စိက ရောက်မိပြန်တယ်၊ ခြင်းထဲမှာ ချဉ်ပေါင်တစည်းရယ်၊ အာလူးရယ်၊ ငရုတ်သီးမှုန့် ထုပ်လေးရယ်ပါပဲလားကွယ်၊ နှာခေါင်းဖျားလေးတွေ ချွေးစို့နေတဲ့ သူ့မျက်နှာလေးကို သနား လိုက်တာ။
'ဟို...... ကျွန်မ ငရုတ်သီးမှုန့်ထုပ် မယူတော့ဘူးနော်၊ မေ့ဝယ်မိလို့'
ကျပ်တန်လေးရွက်နဲ့ ငရုတ်သီးမှုန့်ထုပ်လေးပေးနေတဲ့ ကောင်မလေးရဲ့ ပိုက်ဆံအိတ် ဇစ် ဖွင့်ချည် ပိတ်ချည်လုပ်နေတဲ့ အဖြစ်ကို ကောင်လေးက ရိပ်မိသလို ကဗျာကယာနဲ့.....
'ဟာ..... ရပါတယ်၊ ဒီမှာ ခင်ဗျားယူချင်လဲ ယူသွားပါ၊ နောက်မှ ပေးပေါ့၊ ရပါတယ်'
'အို မယူပါဘူး'
ကောင်မလေးက ခြင်းလေးဆွဲပြီး အပြေးတပိုင်းနဲ့ ထွက်သွားလိုက်တာ သူ့ပလတ်စတစ် ခွပ်ခွပ်ဖိနပ်လေးက စင်တဲ့ ရွှံ့ရေတွေ သူ့အင်္ကျီအဖြူလေးမှာ တဖျပ်ဖျပ် စဉ်ကုန်တယ်။
'မနှစ်ကမှ ဘွဲ့ရတာလေ၊ ရုပ်ကလေးကလဲ ရှိတော့ မာနလေးနဲ့၊ ဒါပေမယ့် ဆင်းရဲပါတယ်၊ မိဘတွေက ပင်စင်တွေ၊ မောင်နှမကလဲ အများကြီး'
ကျွန်မကိုလား၊ သူ့မောင်ကိုလားမသိ၊ ရည်ရွယ်ပြောနေတဲ့ ဈေးသည်မိန်းမရဲ့စကားကို ကျွန်မ နားမထောင်ချင်ဘူး။
ကျွန်မ ဆက်လျှောက်ခဲ့တယ်၊ ဒီညာဘက်ခြမ်းက တဖက်ရပ်တဲဆိုင်လေး သုံးဆိုင်စလုံး ကုန်ခြောက်ဆိုင်တွေချည်းပါလား၊ ကုန်ခြောက်ဆိုင် သုံးဆိုင်ပြီးတော့ မိုးရေဈေးရဲ့ တဆိုင် တည်းသော ပန်းဆိုင်၊ အဲဒီပန်းဆိုင် ပြီးတာနဲ့ ကြက်သား၊ ဆိတ်သား၊ အမဲသားဆိုင်၊ အလှကုန်ဆိုင်၊ အထည်ဆိုင်၊ စက်ချုပ်ဆိုင်၊ ဖိနပ်ဆိုင်၊ မုံ့ဟင်းခါးဆိုင်၊ ကက်ဆက်ခွေဆိုင်၊ စာအုပ်ငှားဆိုင် မရှိတဲ့ ဈေးလေးက ဆုံးသွားခဲ့ပြီ။
မိုးရေဈေးအဆုံးက ပန်းဆိုင်ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်။

xxxx xxxx xxxx xxxx

'ဘာပန်းတွေရှိလဲ အဒေါ်'
'ဇော်စိမ်းရှိတယ်၊ ဇော်ကျားရှိတယ်၊ နှင်းဆီနဲ့အောင်သပြေတွေကလဲ လှမှလှ၊ သမီး ဘာယူမလဲ'
'နှင်းဆီတွေက ဘယ်လောက်လဲ အဒေါ်'
တစည်းသုံးကျပ်လေ သမီး၊ နှင်းဆီက ဈေးတော့နည်းနည်းကြီးတယ်ကွယ့်၊ ဇော်စိမ်း လေးတွေယူပါလား၊ ဈေးလဲချိုတယ် အထားလဲခံတယ်'
'ဇော်စိမ်းတွေချည်းပဲ တင်ရလွန်းလို့လဲ ဘုရားကို အားနာလှပြီ အဒေါ်ရဲ့၊ တခါတလေ မွှေးတဲ့ပန်းလေး ဘာလေးတင်ရကောင်းမလားလို့'
'ကဲ ဒီလိုဆို နှင်းဆီရှစ်ပွင့်စည်းလေးပဲယူ၊ နှစ်ကျပ်တမတ်ပေးခဲ့'
'ဒီဈေးက ညနေဈေးရောရှိလား အဒေါ်'
'ရှိပါတယ်၊ ဒါပေမယ့် ညနေဈေးက သိပ်မစုံ ဘူးပေါ့၊ အဒေါ်ဆို ညနေဈေး ဘယ်တော့မှ မထွက်ဘူး၊ ညနေကျ ပန်းသွားယူရတယ်လေ'
'ဈေးလေးက သေးသေးလေးနော် အဒေါ်၊ ဒီဈေးရှိတာ ကြာပြီလား'
'ကြာပြီဆိုပါတော့ကွယ်၊ လေးငါးနှစ်တော့ ရှိပြီပေါ့၊ ဈေးကလေးဆို စည်ပင်သာယာက ဖွင့်ပေးတဲ့ဈေးမှ မဟုတ်တာကွယ်၊ အလျင် အဒေါ်တို့က ဟိုးကားလမ်းမ ဈေးကြီးနားမှာ ပြေးလွှားရောင်းနေရတဲ့ ပျံကျဈေးသည်တွေလေ၊ ဒီနားမှာစုပြီး ဆိုင်လေးကနားလေးနဲ့ လုပ်လိုက်တော့ ဣနြေ္ဒရသွားတာပေါ့ကွယ်၊ ဒီတဝိုက်က ဝန်ထမ်း သမားတွေလဲ နီးနီးနားနား ဝယ်လို့ရသွားတာ ပေါ့'
'ရောင်းရရဲ့လား အဒေါ်၊ တနေ့ဘယ် လောက်မြတ်သလဲ'
'မဆိုးပါဘူးသမီးရယ်၊ တမနက်ခင်း တဆယ်၊ ဆယ့်နှစ်ကျပ်တော့ ကျန်ပါတယ်၊ ဒါနဲ့ သမီးက ဒီဈေးမဝယ်ဖူးဘူး ထင်တယ်'
'ကျွန်မ ဒီပြောင်းလာတာ မကြာသေးဘူး အဒေါ်ရဲ့၊ နှစ်ရက် သုံးရက်ပဲ ရှိသေးတာ'
'သြော်-ဟုတ်လား၊ ဘယ်ကပြောင်းလာ တာလဲ သမီးက'
'ကမာရွတ် လှည်းတန်းကပါ'
'ဟင်...... ဒီနေရာက ဝေးကဝေးနဲ့၊ ဘာလို့ ပြောင်းလာတာလဲ၊ အလုပ်သွားတော့ ကားနှစ်ဆင့်ကြီး'
'သြော် အဒေါ်ရယ်၊ စပေါ်ကစကားပြောတာပေါ့၊ စပေါ်မတတ်နိုင်တဲ့ ကျွန်မတို့လို ဝန်ထမ်းတွေ အဝေးလွင့်ရတာပဲပေါ့၊ ဒီနေရာမှာ ဝန်ထမ်း တွေ စုနေတာပဲကြည့်၊ ကိုယ့်အလုပ်နဲ့ နီးနီးနေချင်တာချည်းပေါ့ အဒေါ်ရယ်၊ ကျွန်မ အမျိုးသားဆို တက္ကသိုလ်က ဆရာပဲ၊ လှည်းတန်းက ဘယ်ပြောင်းချင်မလဲ'
'အေးလေ ဟုတ်ပါရဲ့၊ ဒါနဲ့ သမီးအလုပ်ကကော'
'ကျွန်မအလုပ်က မြို့ထဲက ရုံးမှာ'
'သမီးက လခဘယ်လောက်ရလဲ'
'ရှင်'
ကျွန်မ ရုတ်တရက် နှုတ်ဆွံ့သွားတယ်၊ တနေ့ တဆယ် ဆယ့်နှစ်ကျပ်ရတဲ့ ပန်းရောင်းတဲ့ အဒေါ်ကြီးကို ဘွဲ့ရ ကျွန်မရဲ့ နေ့စားဝင်ငွေ ခြောက်ကျပ်ခွဲကို ကျွန်မ ပြောမထွက် ဘူး။
'ဟိုလေ..... အဒေါ် ဒီနားက ဝန်ထမ်းများ တော့ ကြွေးတွေဘာတွေ ကျမှာပဲနော်'
'ဟင့်အင်း မကျပါဘူး၊ ကြွေးမယူဘူးကွယ့်၊ ဘာပြောမလဲ သိက္ခာပေါ့ကွယ်၊ ဒီလိုပဲ ကြိတ်မှိတ် သည်းခံပြီး တတ်နိုင်တာလေးတွေပဲ ဝယ်သွားကြတာပဲ'
ကြိတ်မှိတ်သည်းခံ ဟုတ်လား၊ ကျွန်မသိပြီ၊ မိုးရေဈေးလေးထဲမှာ ဈေးဝယ်နေကြတဲ့ မျက်နှာတွေကို ကျွန်မ သိပြီ၊ ရည်မွန်သန့်ပြန့်တဲ့ ဟိုမိန်းမတွေရဲ့ မျက်နှာ၊ စာရေးကြီးကတော် အဘွားကြီး မျက်နှာ၊ ဟိုကျောင်းဆရာ မျက်နှာ၊ ဟိုချောချောနဲ့ ဘွဲ့ရကောင်မလေးရဲ့ မျက်နှာတွေကို ကျွန်မ သိပြီ၊ ချဉ်ပေါင်နဲ့ မျှစ်ထည့်ထားတဲ့ ကျွတ်ကျွတ် အိတ်လေးကို ဆွဲ၊ မိုးရေတွေကို ဖြတ်သန်းပြီး ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ မှန်ထဲမှာ ကျွန်မ မျက်နှာကို မြန်မြန် ပြေးကြည့်ရဦးမယ်၊ မဟာဝိဇ္ဇာဘွဲ့ရ၊ လခလေးရာကျော်ရ၊ တက္ကသိုလ်က နည်းပြဆရာရဲ့ မိန်းမ၊ သိပ္ပံဘွဲ့ရ ကျွန်မရဲ့ မျက်နှာကကော။ ။
နုနုရည်အင်းဝ

၁၉၈၇၊ ရင်ခုန်ပွင့် မဂ္ဂဇင်း။
source ......မာယာ
ထားခဲ့ပါဆရာ

 အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို.... ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။
နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။
သိပ်လှတာပဲ။
ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။
ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။
သူများတွေပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။


'ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ' တဲ့။
ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်က မျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိတ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိတ်ပြောတတ်တာပဲ။
တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ 'ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား' ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။
စကားအလှတန်ဆာ မဆင်တတ်ဘူး။
'ဟင့်အင်း.... ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ' လို့ ပြောတော့ 'ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိတ်စိတ်ချမ်းသာ တာပဲ' တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင် တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေးရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။
ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်း ချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ် ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ၀ိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
'ဟဲ့... ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့... ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ်... ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး.... ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံ ယူလိုက်စမ်း....'
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ 'မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ' ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
'ကျွန်မ နိုးပီ အမေရေ့..... ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်'
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း... ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေး က လက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
'မိထွေး... နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ'
'ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်'
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ် က အမြဲ အလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ် နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
'မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့'
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိ အောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
'ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူက ခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော'
'တလုံး'
အမေရဲ့ 'ဘာဟဲ့' ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
'ဟဲ့.... လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ'
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက 'ကျွပ်' ခနဲ စုတ်သပ်ပြီး 'အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့' လို့ ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး-
'နင့်..... အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့် လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ'
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့......
'ဟဲ့.... အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အ၀င်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အ၀င်းတခေါက်လာသေးတယ်'
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
'ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ'
အ၀င်းနဲ့ ကျွန်မက ၀လုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အ၀င်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အ၀တ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
'ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား'
'ရတယ်အမေ... ကျွန်မနင်းနိုင်တယ်' ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အ၀င်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အ၀င်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင် တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
'ဟဲ့... အေးသစ် နင် နေကောင်းသွားပြီလား'
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အ၀င်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း....
'နင်.... မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်... နင်ခုဘယ် သွားမလို့လဲ'
'အမေ့အတွက် မြေနေရာ သွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား....'
'နင်တယောက်ထည်းလား'
'ဟင့်အင်း... ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး'
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစက မလိုက်ဘဲ နေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ်မှာ ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ ... သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာမှတ်လို့နော်.....။
အ၀င်းရယ်၊ ကျွန်မရယ်၊ အ၀င်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော.. ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အ၀င်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအ၀င်အ၀ကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအ၀င်အ၀မှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
'အေးသစ်ရေ... မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ'
အ၀င်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အ၀င်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ၀င်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ၀င်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့ နေရာ လာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အ၀င်းမောင်လေးက 'ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး' လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
'ဦးကြီး... ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ' သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
'နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ'
အ၀င်းဆီက 'ဒေါ်သိန်းခင်' ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
'အော်.... ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ'
အ၀င်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး....
'ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်'
'အေးပါ'
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
'အဲဒါပဲကွ' တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
'ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ'
'ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ'
အ၀င်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက်ကို တယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့ လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို... ဘုရားရေ.... ကျွန်မတို့ကို ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ်ခုန်လာတယ်။ အားကိုးရာတခုလို အ၀င်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ.... သူ အဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
'ဆရာ'
အို.... ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ၀င်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်းသူထွက်သွားခဲ့ပြီ ဆရာရယ်....။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိတ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။

နုနုရည် (အင်းဝ)
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ။
ကျွန်မနဲ့ ဖုန်းဖြေစက်

ကျွန်မညီမလေး 'သီ' နဲ့ ကိုရဲလင်း (Alfred)တို့ ဇနီးမောင်နှံ ဒီတခေါက် အမေရိကားက အပြန်မှာ ကျွန်မတို့အိမ်အတွက် ဖုန်းဖြေစက် (Answering Machine) လေးဝယ်လာတယ်။ မြန်မာစကားကို မွှတ်နေတဲ့ ကိုရဲလင်းက 'ဒါ ဆရာမတို့အတွက် အလိုအပ်ဆုံး ဖြစ်မယ်။ နောက်ဆိုရင် ကျွန်တော်တို့ မောနေအောင် လိုက်မရှာရတော့ဘူးပေါ့နော်' တဲ့။ သူပြောတာ တကယ်ကို မှန်ပါတယ်။ နှစ်ယောက်တည်းရှိတဲ့ ကျွန်မတို့အိမ်မှာ နှစ်ယောက်လုံးထွက်သွားရင် လူကိုယ်တိုင်ပဲ လာလာ၊ ဖုန်းပဲဆက်ဆက်၊ လက်ခံပြီး ဖြေမယ့်သူရယ်လို့ ဘယ်သူမှ မရှိတော့ဘူးလေ။
တခါတလေကျ ဖုန်းဆက်ပြီးလာမယ့် သူတွေကလည်း ဖုန်းမြည်ပြီး ကိုင်မယ့်သူမရှိ တာကိုပဲ ပျက်နေတယ်ထင်ပါရဲ့ ဆိုပြီးလာ၊ ဒီရောက်တော့ မတွေ့၊ မေးရမယ့်သူကလည်း မရှိနဲ့ အင်မတန် အားနာစရာကောင်းတာ။ ကျွန်မမိတ်ဆွေကြီး ရွှေပုပ္ပါးဆို အကြိမ်ကြိမ် အခါခါ ခံရလွန်းလို့ 'မဖြစ်တော့ဘူးဆရာမ၊ ဘောလ်ပင်နဲ့ စာအုပ်ကလေးတအုပ် ဆရာမတို့ တံခါးဝမှာ ချိတ်မှ ဖြစ်တော့မယ်' လို့ အကြံပေးဖူးတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကလည်း သိပ်အဆင် ပြေမယ် မထင်လို့ အဲဒီအကြံ အထမမြောက်ခဲ့ဘူး။


နောက်တော့ ကျွန်တော်တို့ နှစ်ယောက်က စိတ်ကူးပေါက်တဲ့အချိန် ထွက်ချင်ရာ ထွက်သွား၊ မိတ်ဆွေသူငယ်ချင်းတွေက ဖုန်းဆက် မတွေ့၊ သွားတတ်တဲ့နေရာတွေ လိုက်ရှာကြ မတွေ့၊ စိတ်ညစ်ကြ၊ စိတ်တိုကြ၊ မေတ္တာပို့ကြနဲ့ပဲ.... ဒီလိုနဲ့ပဲပေါ့။
ကျွန်မ ဝေးရပ်မြေခြားမှာတုန်းက ဖုန်းဖြေစက်လေးတွေ ရုံးတိုင်းစေ့၊ အိမ်တိုင်းစေ့ တပ်ထားတာတွေ့တော့ အိမ်ဖို့ စိတ်ကူးမိသေးတယ်။ ဒါပေမယ့် ကျွန်မတို့ဆီမှာ ဘယ်အိမ်မှာ၊ ဘယ်ရုံးမှာမှ သိပ်တပ်လေ့မရှိဘူးဆိုတာ သွားသတိရတယ်။ တယ်လီဖုံးဆိုတာလည်း အိမ်ပေါက်စေ့မရှိ။ ရှိတဲ့အိမ်တွေမှာလည်း တယ်လီဖုံးကိုင်ဖို့ လူအားတယောက်က အမြဲရှိနေတတ်တာလေ။ ကိုယ်တယောက်တည်း ကြောင်တောင်တောင်နဲ့ ဖြစ်နေဦးမယ်။ တော်ပါပြီလေဆိုပြီး မ၀ယ်ခဲ့တာ။ တကယ်တမ်းကျ (စီးပွါးရေး၊ ကြီးပွါးရေးကိစ္စ ဟုတ်လည်း မဟုတ်၊ ရှုပ်လည်း မရှုပ်ပေမယ့်) အပေါင်းအသင်းများစွာနဲ့ ကိစ္စများမြောင်လှတဲ့၊ အိမ်မှာလဲ ဘယ်တော့မှ ကပ်လေ့မရှိတဲ့ ကျွန်မတို့အိမ်မှာကမှ အဲဒီစက်ဟာ တကယ်လိုအပ်တာ။ ခုတော့ ဟန်ကျသွားပြီ။ 'သီ' တို့ ဇနီးမောင်နှံက သူတို့လက်ဆောင်ကလေးကို အိမ်တိုင်ရာရောက် လာရောက်တပ်ဆင်ပေးပြီး သုံးစွဲပုံ နည်းနာနိသျှတွေကို သင်ကြားပေးသွားပြီး နောက်တနေ့မှာ ပဲ ကျွန်မတို့ စတင်အသုံးပြုပါတော့တယ်။
နောက်တနေ့ အပြင်ထွက်ခါနီးမှာ စက်ကလေးကို ပလပ်ထိုး၊ အသံသွင်းခလုတ်ဖွင့်ပြီး၊ စက်ကို နည်းနည်းပါးပါး မြင်ဖူး၊ တွေ့ဖူးထားတဲ့ ကျွန်မက ဆရာကြီးလုပ်ပြီး 'ဟဲလို၊ ခြောက်၊ ခြောက်၊ ခွန်၊ သုံး၊ လေး၊ သုံး' လို့ ပြောထည့်လိုက်တယ်။ ပြီးတော့ အသံ ပြန်နားထောင်ပြီး မီးနီလေး ငြိမ်သွားပြီ ဆိုတော့မှ 'ရပြီ၊ သွားစို့' ဆိုတော့ ကျွန်မခင်ပွန်းက 'ဟာ.. ဒီလောက်နဲ့ ရပါ့မလား' တဲ့။ 'ရတာပေါ့၊ ဒီလိုပဲ သွင်းရတာ၊ ဟိုမှာ ဒီလိုပဲ ဖုန်းနံပါတ်ပဲ ပြောထားတာပဲ' ဆိုပြီး 'ဟိုမှာ' နဲ့ ကျွန်မကိုင်ပေါက်လိုက်တော့ ကျွန်မခင်ပွန်းခမျာလည်း 'ဟုတ်လား၊ ဒါဖြင့်လည်း ပြီးတာပဲ' ဆိုပြီးငြိမ်သွားရှာတာပေါ့။
အဲဒီနေ့ တနေ့လုံး စက်အားကိုးနဲ့ သွားချင်ရာတွေ သွားပြီး အိမ်ပြန်လာတော့ မီးနီလေးကိုလည်း ကြည့်လိုက်ရော မီးနီကလေးက နဂိုအနေအထားအတိုင်း ရဲရဲလေးပဲ ငြိမ်လို့။ တယောက်ယောက်က စက်ထဲစကားပြောထည့်ထားရင် မီးနီလေးက မှိတ်တုတ်မှိတ်တုတ်နဲ့ အချက်ပြမှာလေ၊ ခုတော့ ငြိမ်လို့။ ဘယ်လိုသဘောလဲ။ ကျွန်မတို့ သွားနေတုန်း တစုံတယောက်သောသူမှ မဆက်ဘူးဆိုတာကတော့ မဟုတ်နိုင်။ ဘယ်လိုမှ မဟုတ်နိုင်။ ဒါဆိုရင် ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မ စဉ်းစားနေတုန်းမှာပဲ ဖုန်းသံ မြည်လာပါတယ်။ ကျွန်မကောက်ကိုင်ပြီး 'ဟဲလို' လုပ်လိုက်တော့ ကျွန်မသူငယ်ချင်း ကျောင်းအုပ်ဆရာမ အပျိုကြီးရဲ့ အသံ။
'ငါပါဟဲ့.....မယ်နုရဲ့'
'အေးပါ၊ ဘာလဲ ပြောလေ'
'နေစမ်းပါဦး၊ နေ့လည်တုန်းက နင်ဘယ်လို ဖြစ်တာလဲ။ ဘာဖြစ်လို့ ဖုန်းနံပါတ်ပြောပြီး ဖုန်းကို ချပစ်ရတာလဲ'
'ဟောတော့'
'ဘာဟောတော့လဲ။ အရေးကြီးတာ ပြောမလို့ပါဆိုမှ နောက်စရာ မဟုတ်ဘူးဟဲ့။ ငါလေ တကယ်စိတ်တိုတယ်။ သုံးခါတောင်လုပ်တယ်၊ နင်.... ဟင်း...'
'အမယ်လေး... သေတော့မှာပဲ၊ အဲဒါလူမဟုတ်ဘူးဟဲ့။ စက်၊ စက်။ Answering machine ဟဲ့။ နင်ပြောချင်တာတွေ အဲဒီထဲ ပြောထားခဲ့လို့ ရတယ်လေ။ ဒါလေးတောင်မှ နင်မသိဘူးလား။ ငါတနေကုန် အပြင်သွားနေတာ'
'ဟင်.. ဟုတ်လား၊ ငါဘယ်လိုလုပ် သိမလဲဟဲ့။ နင်ပဲ မှတ်တာပေါ့။ စက်ဆိုလည်း စက်မှန်းသိအောင် ပြည့်ပြည့်စုံစုံပြောဟေ့၊ တို့က တောသူတွေ'
ဟုတ်လိုက်လေ၊ ဒီတခါတော့ အပျိုကြီး မှန်သွားပြန်ပါပြီ။ စက်အတွေ့အကြုံ လုံးဝမရှိတဲ့ သူတယောက်ဟာ ဒီလိုဖြစ်နိုင်တယ် ဆိုတာကို ကျွန်မဘာဖြစ်လို့ ဘ၀ မေ့ရတာလဲ။ ဝေးမြေ ရပ်ခြားမှာ အဆောင်ကနေ သူငယ်ချင်းဆီ ဖုန်းဆက်တော့ ဖုန်းသံသုံးချက် မြည်အပြီးမှာ 'ဟဲလို သစ်စ်အစ်စ် ကြည်ကြည်' အစချီပြီး စက်သံပေါ်လာတာကို မသိဘဲ ၀မ်းသာအားရနဲ့ 'ဟေ့... မကြည်၊ မနုလေ၊ မနု' နဲ့ လုပ်နေတာ၊ ဟိုဘက်က မရပ်ဘဲ ဆက်ပြောနေတော့မှ နည်းနည်း ရိပ်မိသွားပြီး ငြိမ်နားထောင်ကြည့်ရတာ၊ အဲဒါကျမှ 'သြော်... စက်ဆိုတာ ဒါကိုး' ဆိုပြီး ဥာဏ်အလင်းပွင့်သွားတာ။ နောင် စက်များစွာနဲ့ တွေ့ထိဆက်ဆံပြီးတော့မှ စက်နဲ့လူကို ချက်ချင်း ကွဲနိုင်သွားတာလေ။ ဒီတော့ ကျွန်မ၏ များစွာသော ချစ်မိတ်ဆွေ၊ ချစ်သူငယ်ချင်းများ လည်း ကျွန်မကဲ့သို့ ဥာဏ်အလင်းပွင့်စေရန် စက်ဖြစ်ကြောင်း ထည့်သွင်းပြောကြားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ကို ခင်ပွန်းသည်အား တင်ပြလိုက်ခါ ရှိသေး။ တခါတည်း အောင်နိုင်သူတို့ မျက်နှာနဲ့ 'ကျုပ် မပြောဘူးလား၊ ဒါ 'ဟို' မဟုတ်ဘူး။ 'ဒီ.. ဒီ' မြန်မာပြည်... နော် ဖုန်းနံပါတ်လေး ပြောရုံပဲ မရဘူးဗျ' နဲ့ လိုအပ်သည်များကို လမ်းညွှန်မိန့်ကြားတော့တာပဲ။
အံမယ်၊ နောက်နေ့ကျတော့ 'ကိုယ်အသံသွင်းမယ်' ဆိုပြီး၊ ဘယ်လိုပြောထည့်လိုက် သလဲ သိလား။ 'ဟဲလို.. ခြောက်၊ ခြောက်၊ ခွန်၊ သုံး၊ လေး၊ သုံး၊ ဦးအောင်ကျော်တိုးနဲ့ ဒေါ်နုနုရည်အင်းဝ အိမ်ကပါချင်ဗျာ။ ကျွန်တော်တို့ နှစ်ယောက်လုံး အပြင်သွားပါတယ်။ ဒါစက်ပါခင်ဗျာ၊ မှာစရာရှိရင် စက်ထဲမှာ..'
အဲဒီနေရာလည်းရောက်ရော ကျွန်မက မအောင့်နိုင်ဘဲ ရယ်ချလိုက်ရော။
'ဟောဗျာ.... ဒီမှာ အသံသွင်းနေတယ် ဘာဖြစ်တာလဲ'
'ဘာမှ မဖြစ်ဘူး၊ 'ဒါစက်ပါခင်ဗျာ' ဆိုတာကြီးကို ရယ်ချင်လို့၊ မှာစရာရှိရင် စက်ထဲမှာ မှာခဲ့ပါ ဆိုရင် သိပါပြီ။ ကျုပ်တို့လူတွေ ဒီလောက် မတုံးပါဘူး'
အဲဒါကျမှ 'အေး.....အေး' ဆိုပြီး နောက်ဆုံး အချောသပ် ဘယ်လိုသွင်းလိုက်လဲ ဆိုတော့ 'ဟဲလို... ခြောက်၊ ခြောက်၊ ခွန်၊ သုံး၊ လေး၊ သုံး၊ ဦးအောင်ကျော်တိုးနဲ့ ဒေါ်နုနုရည်အင်းဝ အိမ်ကပါခင်ဗျာ၊ ကျွန်တော်တို့ နှစ်ယောက်လုံး အပြင်သွားပါတယ်။ မှာစရာရှိရင် စက်ထဲမှာ မှာထားခဲ့လို့ရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ' တဲ့။ မဆိုးပါဘူး၊ အိုကေဆိုပြီး အဲဒီနေ့က ကျွန်မတို့ အပြင်ထွက်ပြီး၊ ပြန်လာတော့ ကျွန်မရဲ့ စက်ကလေးမှာ မီးနီကလေးက မှိတ်တုတ်မှိတ်တုတ်နဲ့ အချက်တွေပြလို့။ ကြည့်စမ်း... ကျွန်မသူငယ်ချင်း၊ မိတ်ဆွေတွေ စက်မှန်းသိသွားပြီ။ မှိတ်တုတ်မှိတ်တုတ် မီးနီကလေးဟာ စက်ထဲမှာ မှာထားတာတွေရှိကြောင်း အသိပေးနေတာလေ။ ဘယ်သူတွေ ဘာတွေ မှာထားပါလိမ့်။ ကဲ.. လာခဲ့စမ်းဆိုပြီး နားထောင်တဲ့ခလုပ်ကို ကျွန်မ ဖွင့်ချလိုက်တယ်။
ပထမဆုံး ပေါ်လာတဲ့ အသံက ကျွန်မနဲ့ စိမ်းတဲ့ အမျိုးသမီးတယောက်ရဲ့ မ၀ံ့မရဲ အသံလေး။ '....မှာ.....ကျင်းပပါမယ်ဆရာ၊ အဲဒါ ဆရာ တက်ဖြစ်အောင်တက်ပါတဲ့။ ဒါပါပဲ' တဲ့။ ကျွန်မတို့ နှစ်ယောက် တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြတယ်။
'အသံက ပြတ်နေတယ်။ အဲဒါ ဘယ်သူလဲ'
'ကိုယ့်ဌာနက တယောက်ယောက် ဖြစ်မယ်၊ ကောင်းရော။ ဘယ်နှစ်နာရီ၊ ဘယ်မှာဆိုတာ အကုန်ပြတ်နေတယ်။ အေး... ကိုယ်သိပြီ။ စက်ထဲက တီ..တီ..တီ.. ဆိုတဲ့ အချက်ပေးသံ အဆုံးကို မစောင့်ဘူး၊ ပြောချလိုက်တာ'
'ဟုတ်တာပေါ့ ပြသနာပဲ'
စက်ထဲမှာ 'မှာစရာရှိရင်မှာပါ၊ ကျေးဇူးတင်ပါတယ်' ဆိုပြီး စကားဆုံးရင် တီ..တီ..တီ ဆိုတဲ့ အချက်ပေးသံလေး ပေါ်လာလေ့ရှိတယ်။ နောက်ဆုံး 'တီ' ဆိုတဲ့ အသံရှည်လေးဟာ စပြီးအသံသွင်းဖို့ စပြီးစကားပြောဖို့ အချက်ပေးတဲ့ အသံပဲ။ အဲဒီ အချက်ပေးသံ အဆုံးကို မစောင့်ပဲ သွင်းလိုက်ရင် ရှေ့က အသံတွေ အကုန်ပြတ်ကုန်တာပေါ့။ နောက်ထပ်သွင်းထားတဲ့ (Message) သုံးခုကို ကျွန်မနားထောင်ရတော့လည်း ထိုနည်းလည်းကောင်းပဲ။ ရှေ့က အသံတွေ အကုန်ပြတ်ပြီး တယောက်ကကျ 'ဒါပဲနော်' တဲ့။ နောက်တယောက်ကျ 'ဖုန်းပြန်ဆက်ပါ' တဲ့။ နောက်တယောက်ကျ 'လာခဲ့ပါနော်.. ဒါပဲ' တဲ့။ ဘယ်သူ့အသံလဲ ဆိုတာ ဖမ်းလို့မရဘူး။ ပြသနာပဲ။
'ကဲ... ဘယ့်နှယ်လုပ်မလဲ'
'အင်း..နေဦး'
နောက်တနေ့ အပြင်ထွက်မယ်လုပ်တော့ ကျွန်မတို့ ဘယ်လိုလုပ်လိုက်သလဲဆိုတော့ 'စက်ထဲမှာ မှာစရာရှိတာ မှာထားခဲ့လို့ရပါတယ်' ဆိုတဲ့ စကားနောက်မှာ 'မှာမယ်ဆိုရင် အချက်ပေးသံလေး နားထောင်ပြီး အချက်ပေးသံလေးဆုံးတော့မှ မှာပါနော်' ဆိုတဲ့ ၀ါကျရှည်တကြောင်းကို ထပ်မံဖြည့်စွက်ပစ်လိုက်တယ်။ ပြီးတော့မှ ကျေးဇူးတင်ပါတယ်ပေါ့။ အိုကေ... ဒါဆိုရင်တော့ တော်တော်လေး ဟုတ်သွားပြီ။ စက်ဖြစ်ကြောင်းလည်း ဖွင့်ဆိုရှင်းပြပြီး ပြီ။ စက်ကို ဘယ်လို အသုံးပြုပါ ဆိုတာကိုလည်း မေတ္တာရပ်ခံပြီးပြီ။ ဘာများအဆင်မပြေစရာ ရှိသေးလို့လဲ။ အဆင်ကို ပြေရမယ်ဆိုပြီး ကျွန်မတို့နှစ်ယောက် အပြင်လောကကို တခေါက် ထပ်မံထွက်ခဲ့ကြပြန်တယ်။

xxxx xxxx xxxx xxxx

ဒီတခါမှာတော့ ကျွန်မတွေးထင်ထားတဲ့အတိုင်းပါဘဲ။ မီးနီကလေး မှိတ်တုတ်နဲ့ စက်ကလေးထဲက ချစ်မိတ်ဆွေတို့ရဲ့ အသံတွေဟာ အပြတ်အတောက်မရှိ အဆင်တော့ ပြေပါရဲ့။ ကဲ.... ကျွန်မ စက်ကလေး တနေ့တာ ဖမ်းယူရရှိထားတဲ့ အသံတွေကို နားဆင်ကြည့်စမ်းပါဦး။

xxxx xxxx xxxx xxxx

'အဲ.. ဟဲဟဲ...ဟဲဟဲ (အကြောင်းမဲ့ ရှက်စနိုး ရယ်မောလိုက်သောအသံ) အဲ.. ခင်မောင်မြင့် ဆက်တယ်၊ ခင်မောင်မြင့်... ဟိုဟာလေ စာတမ်းဖတ်ပွဲကိစ္စပြောမလို့။ ပြည့်ပြည့်စုံစုံ ပြောချင်တာ။ အဲ.. ဘယ်လိုပြောရမလဲ မသိဘူး။ ဟဲ...ဟဲ.. ကိုတိုးနဲ့ မနု အခုဆက်တာ ခင်မောင်မြင့်၊ ဒါပဲနော် ကျေးဇူးပဲ'
(သူကတော့ ကျွန်မတိုရဲ့ ရင်းနှီးတဲ့မိတ်ဆွေ လက်ထောက်ညွှန်မှူးအဆင့်ရှိတဲ့ ဦးခင်မောင်မြင့် ဆိုသူ ဖြစ်ပါတယ်)
'ဟဲလို... အဲ..ဟဲလို...အဟင်း (လည်ချောင်းရှင်း၍အားယူသံ) ကိုအောင်ကျော်စိုးရှင်၊ ရှင့်ကို ကျွန်မ မသိပါဘူး၊ ကျွန်မကိုလည်း သိမှာ မဟုတ်ပါဘူး။ ဟို... ကျွန်မ ဖုံးမှားဆက်မိတာပါ။ ဒါပေမယ့်.... ဒီလို အသံမျိုး တခါမှ မကြားဖူးလို့ အသံသွင်းကြည့်တာပါ။ နောက်လည်း ဆက်ပါဦးမယ်ရှင်'
(နာမည်ကိုပါ မှားခေါ်သွားတဲ့ အမည်မသိ၊ လူချင်းလည်းမသိ၊ ထူးဆန်းသော မိန်းမတယောက်)

xxxx xxxx xxxx xxxx

'ခစ်ခစ်.....ခစ်ခစ်...' (ကလေးရယ်သံများ)
'ပြောလေ' (ကြီးကောင်ဝင်စ ချာတိတ်အသံ)
'အို.... ပြောချင်ပါဘူး' (စွာတာတာချာတိတ်မအသံ)
'ဒီမှာ... ဒီမှာ၊ ခင်ဗျားကိုယ်ခင်ဗျား ဘီအီးဒီအောင်သိုက်များ မှတ်နေလား၊ အသံကိုက 'ပဲ' ချည့်ဘဲ' (ဒီအသံပိုင်ရှင်များကတော့ ကျွန်မတို့ သူငယ်ချင်း လေယဉ်မှူးကြီးရဲ့ အနာဂါတ် မျိုးဆက်သစ် ရင်နှစ်သည်းချာလေးများနဲ့ သူကလေးတို့ရဲ့ မိခင်ငယ်လေး ဖြစ်ပါတယ်)

xxxx xxxx xxxx xxxx

'ဟဲလို.... အမယ်လေး.. စက်ကြီးက ချေလိုက်တာ အစ်မရယ်၊ တော်ပြီ၊ မပြောတော့ဘူး.. ဘိုင်' (ဒါက ကျွန်မရဲ့ 'ဂေးလ်' သမီးတွေထဲက နှုတ်ခမ်းတလန်ပန်းတလန် လုပ်တတ်တဲ့ သမီးတယောက် ဖြစ်လိမ့်မယ်)

xxxx xxxx xxxx xxxx

'ဟဲလို...ဆရာ၊ အဲ.. သမီးတို့ပါ၊ ဟို သမီးတို့ အောင်စာရင်းတွေ ဘယ်တော့လောက် ထွက်မှာလဲဆိုတာ သိချင်လို့ပါ။ ဟေ့.. ဒါ ငါ စက်နဲ့စကားပြောနေတာ သိလား။ စက်နဲ့။ (အနားရှိ သူငယ်ချင်းများ လှည့်ပြောသံ) မယုံရင်နေ၊ တကယ်ကို စက်၊ လာနားထောင်ကြည့်'
'ဟဲလို.. ဟဲလို၊ ဟင် စက်ကလည်း ဘာမှ ပြန်မပြောဘူး'
'ခုနကပြောတယ်၊ ငါကြားပါတယ်ဆိုနေမှ၊ ပေး...ပေး..၊ တော်ပြီ၊ ဟဲလို ဒါပါပဲဆရာ၊ သမီးတို့ ဖုန်းပြန်ဆက်ပါမယ်' (သူကလေးတွေကတော့ ကျွန်မခင်ပွန်းရဲ့ တပည့်လေးတွေ 'ဘွဲ့လွန်တက္ကသိုလ်ကျောင်းသူ' များဖြစ်ပါတယ်)

xxxx xxxx xxxx xxxx

'အေး... စက်၊ စက်ဟုတ်လား၊ အဲဒီစက်ကြီးပျက်၊ အေးရော' (ဒီအသံပိုင်ရှင်ကို ရင်းနှီးပုံရပေမယ့် ဒီနေ့ထိ ကျွန်မတို့ ဖော်လို့ မရသေးပါဘူး)
'ဟဲလို... အဲ... နက်ဖြန်မနက် ကိုးနာရီကနေ ဆယ့်တနာရီ (Top Star) ကို၊ ကိုသက်နွယ်ဖိတ်တာ လာခဲ့ဖို့ မှာခဲ့တယ်လို့ သေချာလေး၊ ပြောပေးပါဗျာ နော်၊ အရေးကြီးလို့ပါ၊ ကျေးဇူးတင်ပါတယ်ဗျာ' ('ဟောတော့' ဆိုပြီး ကျွန်မ သဘောကျစွာရယ်မိသူကကတော့ ကျွန်မတို့ အစ်ကိုကြီး နာမည်ကျော် ကဗျာဆရာ ဖြစ်ပါတယ်)

xxxx xxxx xxxx xxxx

'ဟဲလို.... အဲ.... တိုးလေး၊ ငါပါကွာ၊ မင်းသူငယ်ချင်းလေ၊ သိတယ်မဟုတ်လား၊ ဟင်... ဘာမှလဲ ပြန်မပြောဘူး၊ အင်း စက်တပ်တာ ကောင်းပါတယ်၊ ဒါပေမယ့် စကားပြောရတာ အရသာ မရှိဘူးကွနော်၊ အဲ... သူငယ်ချင်းရေ..၊ ပြောရဦးမယ်၊ ဖြစ်ကြောင်းရယ် ကုန်စင်ဆို သလိုပေါ့ကွာ။ ဟိုနေ့က အင်း... မှတ်မှတ်ရရ လွတ်လပ်ရေးနေ့၊ ဇန်န၀ါရီလ လေးရက်နေ့မှာဟေ့ ဖြစ်တာ။ တကယ်တော့ ငါမမှားဘူး သူငယ်ချင်း။ အဲဒီနေ့မနက်က ထင်တော့ထင်သား၊ မျက်ခုံးကလည်း လှုပ်တုတ်တုတ်ကွ။ ငါပြောတယ် မိန်းမကို၊ မိန်းမရေ ငါ ဒီနေ့...'
(မှာကြားရန် Message တခုကို စက္ကန့် ၃၀ အချိန်ကိုက်ထားတဲ့အတွက် စက်က ဖြတ်တောက်လိုက်တဲ့အတွက် ကျွန်မခင်ပွန်း ငယ်သူငယ်ချင်းရဲ့ ဖွဲ့နွဲ့မှုဟာ တ၀က်တပြက်နဲ့ (သူဘာဖြစ်တယ်ဆိုတာ မသိလိုက်ရဘဲ) ပြတ်တောက်သွားတော့တယ်။ သူကတော့ သူ့ထုံးစံအတိုင်း ဖြစ်ကြောင်းရယ်ကုန်စင်ကို ဘယ်အချိန်ထိ ဆက်ပြီး ဖွဲ့နွဲ့လေတယ်မသိ။)

xxxx xxxx xxxx xxxx

အသံတွေ အားလုံးကို နားထောင်ပြီးတဲ့ အချိန်မှာတော့ ကျွန်မတို့ နှစ်ယောက် မျက်နှာငယ်ကလေးတွေနဲ့ တယောက်မျက်နှာ တယောက် ကြည့်လိုက်မိကြတယ်။ သက်ပြင်းတချက်ကိုလည်း ကျွန်မ ရှိုက်လိုက်မိတဲ့ခဏမှာဘဲ ဖုန်းသံက မြည်လာပြန်တယ်။
'ဟဲလို.....'
'ဟဲ့... စက်လား၊ လူလား...'
ဟိုက်....၊ ကျွန်မရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း၊ အရာရှိကြီးကတော်ရဲ့ အသံ၊ စက်လား.. လူလားတဲ့။
'လူပါဟယ်၊ လူပါ၊ စက်မဟုတ်ပါဘူး'
ကျွန်မဖြေသံကို ကိုယ့်ဘာသာကိုယ်တောင် ကျွန်မ သနားနေမိတယ်။
'မသိဘူးဟေ့၊ မေးရသေးတာ၊ ငါ့အကြောင်းညည်းသိသားပဲ၊ စက်နဲ့ ပြောဖို့ မဆိုထားနဲ့ တယ်လီဖုန်းခွက်ကြီး နားနားကပ်ပြီးပြောရတဲ့ အလုပ်ကို ငါအင်မတန် စိတ်ပျက်တာ၊ ဟဲ့..... နေဦး ငါပြောဦးမယ်'
'အေး...အေး.. ပြော....'
ခါတိုင်း ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်တွေ့ရင် ဘယ်သူမှ ၀င်လို့မရအောင် စကား ပြောတတ်ကြပေမယ့် ဒီတခါမှာတော့ ကျွန်မတယောက် ဟီးဟီး ဟားဟား လည်းမလုပ်နိုင်၊ သူပြောတာတွေကိုပဲ အင်း လိုက်ရင်းနဲ့ ဖုန်းဖြေစက်ကလေးကိုပဲ မမှိတ်မသုန်ကြည့်လို့။ သင်းကလေးကို ဆက်ထားသင့် မထားသင့် ကျွန်မတွေးနေမိပါပြီ။

xxxx xxxx xxxx xxxx

'ဟဲလို'
'....'
'ဟဲလို'
'ဟဲလို.... အဲ... ဆရာမလား၊ လူကိုယ်တိုင်ပဲလား၊ ကျွန်တော်ပါ၊ မိုးထိုက်ပါ'
'အေး... ကိုမိုးထိုက်ပြော၊ လူကိုယ်တိုင်ပါပဲ မောင်ရာ...ပြောပါ'
'ဟာ... ဆရာမနှယ်၊ ဟိုနေ့က ကျွန်တော်ဆက်တယ်၊ စက်မှန်းသိပါဘူးဆိုဗျာ၊ ဆရာမ အသံကလည်းတိုးတိုး၊ မြန်လည်း မြန်နေတယ်ဗျာ။ သိုင်းကယူလို့လည်း ကြားလိုက်တော့ ကျွန်တော့်ကို ဘိုလိုပြောနေတယ်ထင်လို့.. ဟဲလို.. အိုင်အမ် မိုးထိုက်၊ အိုင်ဝမ့်တူ စပိခ် ၀သ်စ်ယူနဲ့ လုပ်နေတာဗျို့။ နောက်... ဆရာမအသံက ငြိမ်သွားပြီး တီတီ ဆိုတာတွေ ပေါ်လာတော့မှ ဟိုက်... စက်ဆိုတာ ဒါနဲ့ တူရဲ့ပေါ့။ ကိုယ်လည်း တခါမှ သုံးဖူးသုံးစ မရှိတော့ အဲဒီဟာထဲလဲ ဘယ်နှယ့်ဟာ၊ ဘာညာရယ်လို့ ထည့်ခဲ့တော့ပါဘူးဗျာ'
'သြော်...အေး၊ အဲဒီနေ့က လှည်းတန်းဘက် ခဏလေးထွက်သွားတာကွ၊ သွားခါနီး ငါ ကဗျာကယာ သွင်းသွားလို့နဲ့ တူတယ်'
'မသိဘူးလေဗျာ၊ အဲဒါ နေဦးဗျ၊ ညဘက်ကျတော့ ကျွန်တော် တခါ ထပ်ဆက်ပြန်ရော။ အောင်မယ် အဲဒီအခါကျတော့လည်း ခင်ဗျားယောက်ျား အသံကြီးနဲ့ လုပ်ပြန်ရောဗျို့'
အညာသား၊ နာမည်ကျော် ဓာတုဗေဒ ကျူရှင်ဆရာနဲ့ စကားပြောပြီးတဲ့ အချိန်မှာတော့ ကျွန်မခမျာ ရယ်ရတော့မလို၊ ငိုရတော့မလို။
ဘယ်လိုလဲ စက်ကလေးရေ၊ သနားစရာ စက်ကလေးကို ကျွန်မ အသာတို့ထိလိုက် တုန်းမှာဘဲ ဖုန်းသံက မြည်လာပြန်ပါပြီ။
'ဟဲလို'
'ဟဲလို... နုနုလား၊ ရွှေအေးပါ'
'ဟယ်...ရွှေအေး..သူငယ်ချင်း၊ ငါသတိရနေတာ ဘယ်လိုလဲ....'
(ရုတ်တရက် ရွှေအေးရှိုက်သံကို ကျွန်မ ကြားလိုက်ရပါတယ်)
'ဟဲ့... ရွှေအေး၊ ဘာဖြစ်ပြန်ပလဲ ငါ့ကို ပြောစမ်း'
ဝမ်းနည်းဓါတ်ခံ အလွန်ရှိတဲ့ မရွှေအေးက ဆက်ပဲရှိုက်နေတယ်။ ပြဿနာပဲ။ ကျွန်မ ဒီသူငယ်ချင်းက ငယ်ငယ်ကတည်းက ဆင်းရဲရှာပြီး၊ ရိုးရိုးအအ၊ အရာရာမှာ အားငယ်ကြောက် တတ်၊ ပြဿနာမှန်ကို မျက်ရည်နဲ့ဘဲ အလျှော့ပေး ဖြေရှင်းတတ်တဲ့သူ။ သူအားအကိုးဆုံးက ကျွန်မ။ ခုလည်း ဘာဖြစ်ပြန်ပြီလဲ မသိပါဘူး။
'ရွှေအေး၊ နင့်ကိုငါပြောထားတယ် မဟုတ်လား၊ မျက်ရည်နောက်မှကျ၊ ပြဿနာကို အရင်ပြောရမယ်လို့လေ'
'ငါ...ငါ... ၀မ်းနည်းလို့ပါ'
'အေး.. ဘာဖြစ်လို့ ၀မ်းနည်းတာလဲလို့'
'ငါ... ဟိုတနေ့က နင်တို့အိမ်ကို ဖုန်းဆက်တာ၊ နင့်ယောက်ျားက ငါ့ကို အဖက်လုပ် စကားမပြောဘူး သိလား'
'ဘာရယ်....'
'ငါက ဒီဘက်ကနေ ပြောနေပါတယ်။ ဆရာ၊ ကျွန်မ နုနုသူငယ်ချင်း ရွှေအေးပါလို့၊ သူက ဖုန်းနံပါတ်တွေ၊ နင်တို့ နှစ်ယောက်နာမည်တွေပြောတယ်။ အသံကလည်း တမျိုးကြီး၊ ငါ့ကို အရင်က ပြောတဲ့ အသံမျိုး မဟုတ်ဘူး။ ငါဘယ်လိုပြောပြော သူပြောချင်တာတွေ ပြောပြီး ဖုန်းချပစ်လိုက်တယ်။ ငါ ၀မ်းနည်းလိုက်တာ... ငါ...'
'နေဦး.... ရွှေအေး ငါပြောမယ်'
'(ရှိုက်လျက်) ငါက နင့်ကို ခဏခဏ အကူအညီတောင်းရတာ ခဏခဏ ဒုက္ခပေးရတော့ သူက ငါ့ကို....၊ ငါနောက်... နင့်ကို ဒုက္ခမပေးတော့ပါဘူး။ ဘယ်တော့မှလည်း ဖုန်းမဆက်တော့ပါဘူး'
'ရွှေအေး....၊ ရွှေအေး'
ကျွန်မ ဘယ်လိုပဲ ခေါ်ပေမယ့် ကျွန်မသူငယ်ချင်းဟာ 'ဂွပ်' ခနဲမြည်တဲ့ဖုန်းချသံနဲ့ နောက်ဆုံးနှုတ်ဆက်ခဲ့သွားပါပြီ။ သက်ပြင်းတချက်ကို ချလိုက်ရုံကလွဲလို့ ကျွန်မ ဘာများ တတ်နိုင်ဦးမှာလဲ။ စက်ကလေးရေ၊ မင်းကိုငါ ဖြုတ်ပစ်တာပဲ ကောင်းမယ်ထင်ပါရဲ့။ ဖုန်းဖြေစက်ကလေး ဘေးနာမှာ ထောင်ထားတဲ့ ၂၀၀၁ ခုနှစ် ပြက္ခဒိန်လေးထဲက လှည်းယဉ်ကလေးနဲ့ မြန်မာသမီးပျိုလေးက ပြုံးပြုံးလေးကျွန်မကို ကြည့်နေတယ်။ အလို... ကျွန်မ စက်ကလေးကို ဖြုတ်ဖို့ စိတ်ကူးတဲ့နေ့ဟာ ဇန်န၀ါရီ (၁)ရက်၊ နှစ်ဆယ့်တစ်ရာစုထဲကို ချင်းနင်း ၀င်ရောက်တဲ့ နေ့ပါလား....။ ။

နုနုရည် (အင်းဝ)
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၉၄။
 ကြောင်ညိုပါးရယ် စားတတ်လှတယ်

ဖိုးအေကြီးရေ.. ဖိုးအေကြီး။ သြော်.. ဒီအဖိုးကြီးကလဲ၊ နားလေးပလေးနဲ့ ခေါ်မကြား အော်မကြား..။ အေ.. ဖိုးအေကြီး.. မြန်မြန်လာစမ်းပါ၊ မြန် မြန်၊ မြန် မြန်...၊ တကတည်းတော် ခေါ်လိုက်ရတာ၊ ဘာလုပ်နေတာလဲ၊ အိမ်ရှေ့မှာ။ ဟင်း.. ပက်လက်ကုလားထိုင်ပေါ်မှာ တရေးနှပ်နေတာ မဟုတ်လား..။ အလကား အဖိုးကြီး၊ ဒီမှာ.. ကိုယ့်မြေးလေးအတွက်တော့ လာပြီး ကူပြု လုပ်မယ် ကိုင်မယ်မရှိဘူး။ တော်ဟာလေ.. ကျုပ်လောက်ကို မြေးလေးကို မချစ်ဘူး၊ ကျုပ်သိတယ်။ ဘာ... ချစ်ပါတယ်ကွာလဲ..။ ချစ်ရင်လာ၊ ရော့ ဒီမှာ.. အုန်းသီး၊ ဒီမှာ အုန်းခြစ်၊ အုန်းနို့ညှစ်ပေး.. ကျုပ်ကို...။ မြေးလေးအတွက် အုန်းနို့ကျောက်ကျော ကြိုရအောင်။ ဘာသက်ပြင်းချတာလဲ၊ ဘာ.. မျက်နှာကြီး မဲ့သွားတာလဲ။ ဟင့်အင်း မပြောနဲ့..၊ မပြောနဲ့။ တော့်ပါးစပ်ကြီး ဟမလာနဲ့။ မနေ့က ကျုပ် နွာနို့ထမင်းတွေ သွန်ပစ်ရတာကို တော်ပြောမလို့ မဟုတ်လား။ မပြောရဘူး၊ မပြောရဘူး၊ ကျုပ်.. ကျုပ် အော်ငိုပစ်လိုက်မှာနော်၊ အော်ငိုပစ်လိုက်မှာ....။


အဲ...အဲ.. ဒီလိုမှပေါ့၊ ဖိုးအေကြီးရယ်။ လိမ္မာစမ်းပါ။ ကျုပ်အလိုကို လိုက်စမ်းပါ။ ကျုပ်ပြောတာကို နားထောင်စမ်းပါ။ ကဲ.. လုပ်..လုပ်။ အုန်းသီး မြန်မြန်လေးခြစ်..။ ဟီ..ဟိ၊ တော့်မြေးလေးက အုန်းနို့ကျောက်ကျောများဆို အငမ်းမရ ကြိုက်တဲ့ဟာလေး။ ကျောက်ကျော တဗန်းများဆို အငမ်းမရ ကြိုက်တဲ့ဟာလေး။ ကျောက်ကျောတဗန်းများ သူနဲ့တင် တ၀က်ကုန်ရစေရဲ့။ တော်နဲ့ ကျုပ်နဲ့ကတော့ ကျန်တာပေါ့နော်။ ဆွမ်းတော် ပန်းတော်လေးလဲ တင်ပေါ့။
အင်း.. နေဦး၊ တော်အုန်းနို့ ညှစ်နေတုန်း ကျုပ်ဝက်သားလုံးကြော်လေး အရင်နွှေးလိုက် ဦးမယ်။ တော့်မြေးက ကျောက်ကျောမစားခင် ထမင်းအရင် လွေးချင် လွေးမှာ။ ထမင်းမစားလဲ ၀က်သားလုံးကြော်ကို ဒီအတိုင်း တစွပ်စွပ် နှိုက်စားနေတတ်တာ....။ ၀က်သားကြိုက်လေး..။ ကျုပ်နမ်းတိုင်း သူ့ပါးစပ်က အမြဲ ၀က်သားနံ့တသင်းသင်းနဲ့။ အဟင်း.. ကျုပ်ကလဲ ကျုပ်မြေးကြိုက်တတ်မှန်း သိလို့ ကြောင်အိမ်ထဲ ၀က်သားလုံးကြော်ပန်းကန် မပြတ်စေရပါ ဘူးတော်..။ ကျုပ်အိမ်ဆိုင်ကလေး တည်တာတောင် စီးပွါးရေးထက် ကျုပ်မြေးစားချင်တဲ့ သွားရည်စာ စားနိုင်အောင်လို့ တည်တာ သိပြီလား။ အရာအားလုံးဟာ ကျုပ်မြေးအတွက်၊ ကျုပ်ချစ်တဲ့ မြေးလေး ဖိုးသဲ (ခေါ်) ရန်ကျော်ဦးအတွက်....။
ဖိုးအေကြီးရေ... တကယ်တော့ မြေးလေး ဖိုးသဲဟာ ကျုပ်တို့ရဲ့ မြေးဆိုလဲ မြေး..၊ သားဆိုလဲ သားပါပဲနော်..။ ဟုတ်တယ်မဟုတ်လား။ မွေးကတည်းက ကျုပ်ရင်ခွင်ထဲရောက် ခဲ့တာ။ ကျုပ်တိုက်တဲ့ နို့ဘူးတလှည့်၊ နို့မထွက်တဲ့ ကျုပ်နို့ပိန်ကို စို့ရင်း ကြီးပြင်းခဲ့တာ။ သိပ်ကို သနားစရာကောင်းတဲ့ မြေးကလေးပါနော်.. ဖိုးအေကြီး။ မွေးမွေးချင်း မအေက ပစ်ပြီး သေမင်း ခေါ်ရာနောက် ကောက်ကောက်ပါရတော့...။ အို.. ဖိုးအေကြီးရယ် ကျုပ်ကို မငေါက်ပါနဲ့တော်၊ တော် မပြောစေချင် မပြောပါဘူး။ သမီး အမိုက်မအကြောင်း ကျုပ်လဲ မပြောချင်ပါဘူး။ သူမိုက်တာကိုးတော့။ မိဘ မနှစ်မြို့တဲ့ဟာကို ယူပြီး မိဘရင်ကွဲအောင် စုံကန်တော့ ဒီလိုမျိုး... အေးလေ.. ဖိုးအေကြီး အုန်းနို့ရမလား၊ ၀က်သားလုံးကြော်အိုး ချလိုက်တော့မနော်။ ဟေ..ဟေ.. ကောင်းလိုက်တာ၊ ၀က်သားလုံးလေးတွေ နီရဲပြီး မွှေးကြွပ်နေတာပဲ...။ ကျုပ်သားအကြိုက်..။ ကျုပ်သားဖိုးသဲအကြိုက်။ ဘယ်လောက်များ ကြိတ်လိုက်မလဲ မသိဘူး။ အေး.. ဒါပေမယ့် မကြိုတ်ခင်မှာတော့ ထုံးစံအတိုင်း ဘွားဘွားနဲ့ ဘိုးဘိုးကို သုံးခါစီ မွှေးရဦးမယ်နော်..။ သုံးခါ။
ဖိုးအေကြီးရယ်...။ ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ မကြည့်ပါနဲ့။ ကျုပ်ဘာပြောလို့လဲ။ ကျုပ်ဘာလုပ်လို့လဲ။ ကြည့်... သက်ပြင်းကြီးက ချရပြန်ပြီ။ ခက်တာပဲ... တော်ဟာလေ..။ ဖိုးသဲတို့ ဖိုးအေဟာလေ..။ တော် အဲလို မျက်လုံးကြီးပြူးတာ ဘာနဲ့တူလဲသိလား။ ဟို.. ဟို.. မကောင်းဆိုးဝါးနဲ့ တူတယ်တော့် သိရဲ့လား။
ကဲပါတော်... ကျုပ်ဆီကို ကြောင်အိမ်ထဲက သကြားပုလင်း လှမ်းလိုက်စမ်းပါဦး။ အင်း သကြား များများလေး ထည့်မှ။ သားလေးက ချိုမှ ကြိုက်တာ။ ပုလင်းဖွင့်ပြီး သကြားကို ကော်စားတာ။ ပုလင်းပိတ်ကို သေချာမပိတ်တော့ ပုရွက်ဆိပ်တွေက တက်ရော။ တော့်မြေးလုပ် တာလေ... တော့်မြေး။ ဟင်... ဖိုးအေကြီး ပုလင်းပိတ်လဲ ကျပ်လို့၊ ပုလင်းထဲလဲ သကြားသိတ် မလျော့ဘူး။ တော့်မြေး.. သကြားမစားပြန်ဘူးထင်တယ် ဖိုးအေကြီးရေ။ သြော်.... ကျုပ်သိပြီ၊ ကျုပ်သိပြီ..။ ခွေးကလေး.. ကျုပ်ဆိုင်က သကြားလုံးတွေချည်း ယူစားနေတာ ဖြစ်ရမယ်၊ သိလား ဖိုးအေကြီး။ အင်း.. ချောင်းဆိုးမှာတော့ စိုးရတယ်၊ သွားနာမှာလဲ စိုးရတယ်၊ ဒါပေမယ့် စားပါစေတော်.. သူကြိုက်တာ စားပါစေ။ သူစားနေတာ ကြည့်နေရရင် ကျုပ်စိတ်ချမ်းသာ နေတာပဲ။ တော်လဲ ကျုပ်လိုပဲ မဟုတ်လားဟင်...။ ဖိုးအေကြီး သားလေးဖိုးသဲကို ချစ်တယ် မဟုတ်လားဟင်...၊ ဖိုးအေကြီး ချစ်တယ်မဟုတ်လား... ပြောလေ ပြော။ အို ကျုပ်တို့ နှစ်ယောက်စလုံး သားလေးကို သိပ်ချစ်ကြပါတယ်နော်။ သွားလေသူ သူ့မအေနဲ့ နောက်မိန်းမ ယူဖို့ ကြိုးစားနေတဲ့ သူ့ဖအေတို့တောင်မှ ကျုပ်တို့လောက် သားလေးကို မချစ်နိုင်ပါဘူး... နော့ ဖိုးအေကြီးရယ်....။
ဟင်း.. ဟင်း.. ဖိုးအေကြီးရေ မှတ်မိသေးလား။ သားလေး ငါးလမှာ တော်ပုခက်ဝယ်ပြီး ပြန်လာတာလေ။ ခုလို မိုးတွင်းကြီးပဲနော်။ မိုးတွေ တဝေါဝေါ ရွာနေတဲ့ထဲမှာ တော် အသားပုခက်ကြီး ထမ်းပြီး ၀င်လာတာလေ။ နှစ်လမ်းကျော် လက်သမားအိမ်ကနေ ကိုယ်တိုင် ထမ်းယူလာတာ။ မြေးကိုထည့်ပြီး လွှဲသိပ်ချင်ဇောနဲ့... အိမ်ထဲအ၀င် ခြေချော်ပြီး ဟီ ဟီ.. မိုးရေထဲမှာ တော် ပစ်လဲတာလေ။ အမယ်လေး.. မြေးဇော.. မြေးဇော။ သူ့မယ် မနာနိုင်ဘူး။ ရွှံ့တွေပေသွားတဲ့ ပုခက်ကို သေချာဆေး၊ အ၀တ်နဲ့ခြောက်အောင် ပွတ်တိုက်ပြီး၊ ပုခက်ဆင်တာ။ ပြီးတော့ မိုးရေစိုကြီးနဲ့ ပုခက်ထဲကမြေးကို အကြာကြီးရပ်ကြည့်၊ ကျေနပ်နေ လိုက်တာ။ နောက်နေ့ကျ ဆေးသောက်ရတာပဲ မဟုတ်လား။
နောက်ပြီးတော့လေ... ဖိုးအေကြီး၊ သားလေးအခါလည်ကျော်... အပူကြီးပြီး တက်သွား တုန်းကလေ၊ မှတ်မိတယ်မဟုတ်လား။ အဲဒါကတော့ ကျုပ်.. ကျုပ်၊ တော်မဟုတ်ဘူး။ သားလေး ဖျားနေတာကို တော်နဲ့ထားခဲ့ပြီး၊ အိမ်ဆိုင်အတွက် ရောင်းစရာကုန်လို့ ကျုပ်ဈေးသွား ၀ယ်နေတုန်းလေ။ သားလေးက အပူကြီးပြီး တက်တာ..။ ကျုပ်က ဈေးခြင်းတောင်းကြီး ရွက်ပြီး ဘတ်စ်ကားပေါ်က အဆင်း။ လမ်းထိပ်မှာ.. လမ်းထိပ်မှာ...။ ဟိုးတလောက ဆုံးရှာတဲ့ မခင်လှလေ..၊ အဒေါ်ရေ. အဒေါ့်မြေး တက်နေလို့ ဆိုတဲ့အသံလဲ ကြားလိုက်ရော၊ ကျုပ်ဘာကိုမှ မမြင်တော့ဘူး။ ဈေးတောင်းရွက်ကြီးနဲ့ အိမ်ကို ပြေးတာ၊ မှောက်လျက်လဲပြီး ဒူးကြီးကွဲ သွားတာ၊ သွေးတွေ ရွှဲလို့။ ဒါပေမယ့် နာရကောင်းမှန်း မသိပေါင်တော်။ ဈေးခြင်းတောင်း မှောက်တာလဲ ကောက်ရကောင်းမှန်းမသိဘူး။ သားလေးဆီကို ကျုပ်အရောက် ပြေးချလာ တာပဲ။
အဲ..... နေဦး ဖိုးအေကြီး၊ ဟိုနေ့ကိုကော၊ တော်မှတ်မိတယ် မဟုတ်လား၊ သားလေးက စကားဝူးတူးဝါးတား ပြောတတ်ခါစ၊ 'ဖွား' လို့ စခေါ်တဲ့နေ့လေ။ အမယ်လေး ကျုပ်တို့နှစ် ယောက် ကြည်နူးလိုက်ကြတာ၊ နားထောင်လို့ မ၀ နိုင်ပါဘူးတော်.... နော်၊ ကျုပ်လေ.. ၀မ်းသာလုံးဆို့ပြီး၊ အိပ်လို့တောင် မပျော်ဘူး။ သိလား။ အမယ်... တော့်ကို 'ဖိုး' လို့ ခေါ်တတ် သွားတဲ့ နေ့ကလဲ တော်ပျော်ပြီး၊ ည အိပ်မပျော်ဘူး မဟုတ်လား။ ဖိုးအေကြီးရယ်... ကျုပ်မြေးလေးက ငယ်ငယ်လေး ကတည်းက သနားစရာ၊ ချစ်စရာပါတော်။ ကျုပ်မြေးလေး ဟာလေ... ကျုပ်မြေးလေးဟာ အပြစ်ကင်းပါတယ်တော်၊ အပြစ်ကင်း... ဟင့်...၊ ဘာလဲဟင် ဘာလဲ၊ ဖိုးအေကြီး...။ အို ဟုတ်ပါ့တော်၊ ကျောက်ကျောအိုးကြီး ပွက်ပွက်ဆူနေတာကို၊ ကျုပ်မေ့နေတာ။ အင်း.. ဟုတ်တယ်၊ ဟုတ်တယ်၊ တော်ပြောတာ။ ပျက်သွားလေး.. သားလေး မစားလိုက်ရဘဲ နေလိမ့်မယ်၊ ဟုတ်တယ်... သားလေး မစားလိုက်ရပဲ နေလိမ့်မယ်။ စိတ်ချ ဖိုးအေကြီးရေ့၊ မပျက်စေရဘူး။ မပျက်စေရဘူး။ ဟော.. ဒီမှာကြည့် ရပြီ။ ဟောဒီ လင်ပန်းလေး ထဲ လောင်းထည့်။ အအေးခံတာ ခဏလေးစောင့်၊ ခဏလေးပဲစောင့်။ အင်း.. စပွဲပေါ်မှာ တခါတည်း တင်ထားလိုက်မယ်။ ကျောက်ကျောဗန်း မ, ရအောင်၊ အ၀တ်စုတ် လှမ်းစမ်းပါဦး၊ ဖိုးအေကြီးရဲ့။
ကဲ....ရော့၊ ဟောဒီမှာ ကျောက်ကျောဗန်း။ ဟောဒီမှာ ၀က်သားလုံးကြော်ပန်းကန်။ ထမင်းကတော့ စားမယ်ဆိုမှ ခူးပေးလိုက်ရုံပဲ။ ကဲ.. အားလုံး အဆင်သင့် ဖြစ်ပါပြီတော်။ အားလုံးအဆင်သင့်။ အဲ... နေဦး၊ နေဦး ကျောက်ကျောစားဖို့ သူ့ခက်ရင်းလေး ချထားလိုက် ဦးမှ။ ဟင်... ဖိုးအေကြီး၊ ကျုပ်မြေးလေး ခက်ရင်းလေး သံချေးတွေ တက်လို့။ သူ ခက်ရင်းနဲ့ မစားတာ ကြာပြီလားဟင်။ ဖိုးအေကြီး၊ ကျုပ်.. ကျုပ်က..ကလေးကို ကျောက်ကျော လုပ်မကျွေးမိတာ ကြာပြီထင်ပါရဲ့ ဖိုးအေကြီးရယ်၊ နော်။ ဟုတ်လားဟင်၊ ဖိုးအေကြီး၊ ဟုတ်လား။
ဟင်... ဘာရယ်၊ ဖိုးအေကြီး၊ ကလေးပြန်လာရင် ပြောနေလိမ့်မယ်။ ကျုပ်ထမီ လဲထားဖို့လား၊ ခေါင်းက ဆံပင်တွေလဲ ရှုပ်ပွနေလား။ ဟုတ်တယ်၊ ဟုတ်တယ်။ ကလေးလေးကလေ သူ့အဘွားကို သိပ်လှစေချင်တာနော်...။ သနပ်ခါးတုံး မနိုင့်တနိုင်နဲ့ သွေးပြီး ကျုပ်ကို လာလိမ်းပေးရတာနဲ့။ နှုတ်ခမ်းနီ ဆိုးခိုင်းရတာနဲ့။ မျက်ခုံးမွေး ဆွဲခိုင်းရတာနဲ့။ မီးဖိုထဲ ကျုပ်အလုပ်ရှုပ်နေတုန်း ပြေးလာပြီး ကျုပ်ပါးအိုးမဲ ပေနေတာကို သုတ်ပေးရတာနဲ့။ အို ဖိုးအေကြီးရယ်... ကျုပ်မြေး အမောပြေလေးရဲ့ အလိုကျ နေမှာပေါ့။ ကဲ.. တော် ဒီမှာ စားပွဲကို စောင့်နေ၊ ကြောင်လာမယ်နော် သိလား....။
ဖိုးအေကြီးရေ.. ဖိုးအေကြီး၊ ကျုပ် ဇင်းမယ်လုံချည် အစိမ်းလေး မတွေ့ပါလား။ ဘယ်သေတ္တာထဲ မြင်မိတုန်း။ ကျုပ် ဟောဒီသေတ္တာ အောက်ဆုံးမှာ... သေချာထားတာတော့။ မှန်း... ဒီ စက္ကူအိတ်က ဘာလဲ။ သြော်... တွေ့ပြီ.. ဖိုးအေကြီးရေ့ တွေ့ပြီ။ ဟင်... ကျုပ်ထမီကြားထဲက ဘာလဲ...။ ကြည့်စမ်း... ကြည့်စမ်း၊ တော်တော် ဥာဏ်သွားတဲ့ အဖိုးကြီး၊ ဟင် ကျုပ်မြေးဓါတ်ပုံတွေကို ဒီထဲမှာ လာဖွက်ထားတယ်။ ကျုပ်မှာဖြင့် ပျောက်လို့ လိုက်ရှာနေတာ။ တော်က ဘယ်အချိန်ကများ ကျုပ်ခေါင်းအုံးအောက်ကနေ ခိုးသွားရ တာတုန်း။ တော်တယောက်ထဲ ကြည့်ချင်တာပေါ့လေ... တော်က.. ဘယ်ရမလဲ...။
ဟီ ဟိ ဒီမှာကြည့်စမ်း ဖိုးအေကြီး။ ချစ်စရာကောင်းလိုက်တဲ့ သားလေးရယ်။ ဒီပုံက ခြောက်လသားမှာ ရိုက်ထားတာ။ ၀တုတ်ပြဲလေး။ ဟောဒီပုံက အခါလည် ကျော်ပြီ။ ဒါက သုံးနှစ်သား၊ ဖိုးအေကြီး ကြည့်ပါဦး၊ ဒီအင်္ကျီနဲ့ ဘောင်းဘီဝတ်စုံလေးကို၊ ဒီဝတ်စုံလေး ၀တ်ပေးနေတဲ့ အချိန်လေ...၊ ဟိုခွေးတိရစ္ဆာန် ရောက်လာတာ မှတ်မိလား။ တော့်သမက်လေ တော့်သမက်။ မွေးကတည်းက ပျောက်သွားတဲ့ အကောင်က ခုမှ သူ့ကလေးတဲ့၊ သူ့သားတဲ့..၊ ပြန်ခေါ်ဖို့ လာတာတဲ့။ ကျုပ်တို့က မပေးဘူးဆိုတော့ ခဏလေး ချီဦးမယ်ဆိုပြီး သူခေါ်လာတဲ့ ကားပေါ်တင်ပြီး မောင်းပြေးတာလေ။ မိုက်ရိုင်းတဲ့ကောင်။ အို..... သားလေးငိုသံ၊ ကျုပ်နားထဲ က မထွက်ပါဘူး။ ကျုပ်ဆီကို လက်ကလေး လှမ်းလှမ်း ပြီးတော့လေ။ တော်နဲ့ ကျုပ်နဲ့ ကားနောက်ကို အတင်း ပြေးလိုက်ကြတာလေ။ မမီတော့မှ အဖိုးကြီးနဲ့အဖွားကြီး လမ်းမပေါ် ငိုကျန်နေခဲ့ရော....။
အဲဒီတုန်းကတခါ ကျုပ်အူတွေ အသည်းတွေကို နှုတ်ယူသွားသလို ခံစားခဲ့ရတယ်နော်။ မြေးလေးကို ပြန်မရခင် နှစ်ညလုံးလုံး ရင်ဘတ်ကြီး စည်းပြီး ကျုပ်လေ အရူးမကြီးလိုပဲနော်.. ဟီဟီ။ မြေးလေး လွမ်းဖျားဖျားပြီ သင်းကို ဘယ်လိုမှ မခင်တော့မှ ဟိုကောင် တော့်သမက် ပြန်လာပို့တာလေ..။ မှတ်မိတယ် မဟုတ်လား၊ ဟင်...။ အိမ် ရှေ့က အသံလေး စကြားရတာလေ။ 'ဘွား' ရေတဲ့။ 'ဘိုးဘိုး' တဲ့။ တခါတည်း ဘွားအေ ရင်ခွင်ထဲမှာ မျက်နှာလေး ဖြည်းဖြည်းချင်း လန်းလန်းလာလိုက်တာ။ ဟောဒီ ဓါတ်ပုံထဲက အရွယ်မှာပေါ့။
အို... ဖိုးအေကြီး၊ ဘာလို့ ဆွဲလုရတာလဲ၊ ဓါတ်ပုံတွေကို....။ ကျုပ်ကြည့်နေတယ်လေ..။ ပေးစမ်း တော့်လက်ထဲက ဓါတ်ပုံတွေ။ ပေးလေ၊ ပေးနော်...၊ မပေးရင် ကျုပ်ဓါးနဲ့ ခုတ်မှာ။ ပေး... ပေး...။ အို ကြည့်စမ်း၊ ဒီပုံက သားလေး ခြောက်တန်းရောက်တဲ့နှစ်မှာ ရိုက်ထားတာ။ တကယ့် လူပျိုကြီး ကျနေတာပဲတော်။ ဖေါင်တိန်ကြီးကို အိတ်မှာ ချိတ်လို့။ လွယ်အိတ် အကြီးကြီးကိုလဲ လွယ်ထားလိုက်သေး။ ဒီပန်းပွါးတွေနဲ့ လွယ်အိတ်အစိမ်းကို လိုချင်လှချည်ရဲ့ ဆိုလို့ ကျုပ်မှာလေ... ၀ယ်ပေးရတာ၊ ဒီလွယ်အိတ်ပေါ့... ဒီလွယ်အိတ်... ဒီလွယ်အိတ်...။
တော်.. တော် မဟုတ်လားဟင်၊ အဖိုးကြီး။ ကျုပ်ဆီကို ရွှံ့တွေ၊ သဲတွေ၊ သွေးတွေ စေးကပ် ပေကျေံနေတဲ့ လွယ်အိတ်ကို ယူပြေးလာတာလေ။ အဲဒီလွယ်အိတ်က ကျုပ်အူတွေ.. အသည်းတွေကို နှုတ်ယူလိုက်တာ၊ နှုတ်ယူလိုက်တာလေ...။
သားလေးရေ...။ သား....၊ အဘွားရဲ့ မြေးလေးရေ၊ လူ့လောကမှာ မရှိတော့ဘူးတဲ့လား။ အို ဖယ်ပါ ဖိုးအေကြီးရဲ့၊ ကျုပ် အော်ပါရစေ။ ကျုပ်တို့ မြေးအဖွားဟာ နှစ်ညပဲ ခွဲခဲ့ဖူးတာ.. တော်သိပါတယ် ဖိုးအေကြီးရဲ့....။
ဘာ... ဘာ ပြောတယ်၊ ဖိုးအေကြီး မြေးလေးက မသေဘူး၊ ကျောင်းက ပြန်လာတော့ မယ်၊ ဟုတ်လား၊ တကယ်နော်... တကယ်...၊ အို ဟုတ်တာပေါ့၊ သားလေးကျောင်းကအပြန် စားဖို့ ဒီမှာတွေ... ကျုပ်ကိုယ်တိုင် လုပ်ထားပြီးတော့၊ ဟင်း..ဟင်း.. မေ့တတ်လိုက်တဲ့ကျုပ်...၊ ကျုပ်တို့ မြေးလေး မသေဘူးနော်..။ ဖိုးအေကြီး၊ ကျောင်းသွားနေတာနော်... ဖိုးအေကြီး။ ဖွ.. ဖွ.. ကျောင်းကအပြန်မှာ ဘာကားမှလဲ တိုက်မသွားဘူးနော်။ ဟင့်အင်း... တိုက်မသွားပါဘူး...။ သေချာပါတယ်..။ ကျုပ်မှ မမြင်ရတာ...။ ဒါ ကျုပ်မြေး ဘာမှ မဖြစ်လို့ပေါ့ ဖိုးအေကြီးရဲ့...။
ဟော... မိုးတွေတောင် မှောင်လာပါပကောလား...၊ ဖိုးအေကြီးရေ...၊ တော့်ရဲ့ ထီးကောက်ကြီး မြန်မြန်ယူခဲ့...။ မြေးလေးကို သွားကြိုရအောင်..။ ကလေးပြန်လာတော့မယ်။ လာလေ...ဟောတော်.. ကြည့်စမ်း၊ ကျက်သရေမရှိတဲ့ ဒီမျက်ရည်တွေက ဘာဖြစ်လို့ ကျနေတာတုန်းလို့...။ လာစမ်းပါ.. မြန်မြန်....၊ သားလေးက ပြန်လာတော့မယ်... ဖိုးအေကြီးရဲ့...။

နုနုရည် အင်းဝ။

source ......မာယာ
 ကျေးဇူးတင်ဖူး.... တင်တတ်နိုင်ပါစေ

အနုပညာသမားတယောက်ရဲ့ နှလုံးအိမ်မှာ 'အကြည်ဓါတ်' မရှိရင် အနုပညာ ဖန်တီးလို့ မရဖူး။ အဲဒီ စိတ်နှလုံး အကြည်ဓါတ်ကလေး ကလဲ ဘယ်လိုပဲ မွေးမြူထားထား... အမြဲရှိနေနိုင်ဖို့က အခက်သားလား။ စိတ်ဖိစီးမှုတွေ၊ စိတ်ထိခိုက်မှုတွေ၊ စိတ်အနှောက်အယှက်တွေကြောင့် အဲဒီ 'အကြည်ဓါတ်' က ခဏလေးပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံးသွားတတ်သလို အကြာကြီးလဲ ပျောက်ဆုံးသွားတတ်တယ်။

ခုတလော ကျွန်မ နှလုံးအိမ်ထဲမှာ 'အကြည်ဓါတ်' က လျော့ပါးသွားလိုက်၊ ပျောက်ဆုံးသွားလိုက်....၊ တကယ့်ကို ရှိတဲ့ အကြည်ဓါတ်က မဆိုစလောက် နဲနဲလေးရယ်....။ အိမ်ရှေ့ တုံတာလေးက သစ်ပင် သစ်ရွက်စိမ်းစိမ်းတွေလေး ကြားထဲမှာ ကျွန်မထိုင်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ...။


ဘေးနားက စာအုပ်တအုပ်ကို အသိစိတ်မဲ့ ကျွန်မ ဆွဲယူ တဖျပ်ဖျပ် လှန်ကြည့်မိတယ်။ အသုံးချ စိတ်ပညာ ဆိုင်ရာ စာအုပ်တအုပ် (Communication) ဆက်သွယ်ခြင်း ဆိုတာတဲ့....။ လူတဦးနဲ့ တဦးကြား ပြောချင်တဲ့ အကြောင်းအရာတွေကို နားလည်စေနိုင်ခြင်း၊ မျှဝေခံစားနိုင်စေခြင်း ဖြစ်စဉ်ကို ခေါ်သတဲ့။ တဦးနဲ့ တဦးကြား ပြောချင်တဲ့ အကြောင်းအရာတွေကို 'နားမလည်နိုင်ဘူး' ဆိုရင် ဆက်သွယ်မှု မအောင်မြင်ဖူး၊ 'မျှဝေခံစားနိုင်ခြင်း' မရှိရင်လည်း၊ ဆက်သွယ်မှု မအောင်မြင် ပြန်ဘူးတဲ့။ 'မျှဝေခံစားခြင်း' (Sharing) ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် တွေးရရင်၊ ဟင်းကောင်းလေးတခွက် ကိုယ်စားရလို့၊ သူများလဲ စားပါစေဆိုပြီး ဟင်းခွက်ကလေး လက်ဆင့်ကမ်းလိုက်တာလဲ မျှဝေခံစားခြင်းပဲတဲ့။

ပျော်စရာပဲ ဖြစ်ဖြစ်၊ ကြည်နူးစရာပဲ ဖြစ်ဖြစ်၊ လွမ်းစရာပဲ ဖြစ်ဖြစ်၊ အဖြစ်အပျက်ကလေးတခုကို ပြန်ပြောပြတာလဲ မျှဝေခံစားခြင်း ပါပဲတဲ့။ ပြီးတော့ 'မျှဝေခံစားခြင်း' ဆိုတာ သူတပါးကို မျှဝေရုံတင်မဟုတ် (Sharing Ourselves) ကိုယ့်ဖာသာကိုယ် မျှဝေခံစားလို့လဲ ရပါသတဲ့။ ဥပမာ Sunset နေ၀င်ချိန် ကလေးကို ခံစားတာမျိုးပေါတဲ့။ အင်း.... ဟုတ်တာပေါ့..။ နေ၀င်ချိန်၊ နေထွက်ချိန်၊ လထွက်ချိန်တွေကို ကျွန်မ ခံစားဖူးတာပေါ့။

မန္တလေးတောင်ပေါ်ကနေ ကြည့်ဖူးတဲ့ နေ၀င်ချိန်၊ ပုဂံရဲ့ နေထွက်ချိန်၊ ပြီးတော့ တောင်သမန်ရဲ့ လထွက်ချိန်...။ ၀ါဆိုဝါခေါင် တောင်သမန်ရဲ့ ရေပြည့်လျှံစ အင်းရေပြင်ကြီးက စိမ်းကြည်အေးမြလို့..။ လထွက်ခါနီး အင်းရေပြင်က မလင်းတလင်းကလေး လေစိမ်းတွေက တ၀ုန်းဝုန်း၊ အင်းလှိုင်းလုံးတွေက တ၀ုန်းဝုန်း၊ အရိုင်းဂီတသံနဲ့အတူ အရှေ့ဖက် ကောင်းကင် နီဝါရောင် မလင်းတလင်းကနေ တဖြေးဖြေး၊ ၀ါ.. ၀ါပြီး လင်းလာတာ။

ကြည့်ရင်း၊ ကြည့်ရင်း ခံစားရင်းနဲ့ လ၀န်းရဲ့ အစွန်းလေး ရိပ်ခနဲ၊ အင်းရေပြင် အစပ်မှာ ပေါ်လာတာ။ ကဗျာဆန်လှတဲ့ လထွက်ချိန် တစိမ့်စိမ့်ကြည့်ရင်း ကျွန်မရင်ထဲမှာ တသိမ့်သိမ့် ခံစားရတယ်။ ကြည့်နူးကျေနပ် နှစ်သိမ့်ခြင်း (pleasure) ဆိုတဲ့ အရသာထဲ တငြိမ့်ငြိမ့် နစ်မျော၊ ပျော်ဝင် ခံစားမိတယ်။

အဲဒီတုန်းက ကျွန်မတို့ ခံစားသူ ငါးဖော်ထဲမှာပါတဲ့ တယောက်သောသူက (ခုချိန်မှာ ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ခရီးအဝေးကြီးကို ထွက်ခွါသွားရရှာတဲ့ "နိုင်ငံကျော် ကဗျာဆရာကြီး တယောက်"။ ကလေးမရေ ဟောဒီလို ရေပြင်ကြီးပေါ်မှာ လှေကလေး တစင်းနဲ့ ငါကျင်လည်ခဲ့ဖူးတယ်...။ ဟိုး အထက်မြစ်ညာ ဝေးလံသီခေါင်လှတဲ့ တံငါရွာလေး တရွာမှာပေါ့။ ကလေးမရေ.... အဲဒီတုန်းက ကဗျာဆရာဟာ လရောင်ကို မုန်းတယ်အေ့။ သိလား..။

လသာညဟာ ငါးမရတဲ့ညလေ...။ လရောင်ဖြာရင် ငါးတွေက မလာဘူးရယ်..။ ဟောဒီလို ရေပြင်ပေါ်မှာ လရောင်ဖြာနေရင် တံငါကဗျာဆရာ သိပ်ကို မုန်း...၊ ကလေးမရေ..။ လှေကလေးပေါ်မှာ ငါကဗျာ စပ်ခဲ့တယ်....။

ကဗျာဆရာ တံငါရွာတွင်
ကာလညဥ့်နက် ၀မ်းစာခက်တော့
ပိုက်ကွက်တဖောင် လှေဦးထောင်နဲ့
လရောင်မုန်းသူဖြစ်နေပေါ့.... တဲ့။

လထွက်ချိန်ကို ကျွန်မဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ။ လရောင်မုန်းသူ တယောက်ကြောင့် လထွက်ချိန်ကို ကျွန်မ ပိုပြီးခံစားနိုင်ခဲ့ပြီ...။ လထွက်ချိန်တင်မက.. ကျွန်မကို (pleasure) ရစေခဲ့တဲ့ အရာတွေ များစွာ ရှိခဲ့ဖူးတာပဲ။

သစ်ရွက်ကလေးတရွက်..၊ ငှက်ကလေးတကောင်၊ ပန်းကလေးတပွင့်ရဲ့ အရောင်၊ အနံ့၊ အရသာ၊ အပြုံးလေးတပွင့်၊ အကြည့်လေးတချက်..၊ မျက်ရည်လေးတစက်ကလဲ (pleasure) ရခဲ့ဖူးတယ်။

(Pleasure) ရဖို့အတွက်လဲ၊ ခရီးတွေ ထွက်ခဲ့ဖူးတယ်။ လမ်းခရီးမှာ တောရိပ်တောင်ရိပ်၊ သစ်ပင်ရိပ် ကောင်းကောင်းတွေတိုင်း သစ်ရိပ် ၀ါးရိပ်အောက်က စားသောက်ဆိုင်လေးတွေ တွေ့တိုင်း ကားကလေး ထိုးရပ်ပြီး၊ ဟိုငေး ဒီငေး၊ ဟိုဟာလေးစား၊ ဒီဟာလေးစား၊ ဟိုစကားလေးပြော၊ ဒီစကားလေးပြော...။

သစ်စိမ်းနံ့ မွှေးမြတဲ့ သစ်ပင်လေးကြောင့်လဲ (pleasure) ရဖူးတယ်။ ရေနွေးကြမ်းလေးတကျိုက်၊ ငါးခြောက်ဖုတ်လေးတကိုက်ကြောင့်လဲ ရဖူးတယ်။ ပုပ္ပါးကို မြင်းခြံလမ်းဘက်က ကြည့်ရင် ပိုလှတယ်ဆိုလို့... အဲဒီ (pleasure) ကို ရဖို့ အတွက် မြင်းခြံလမ်းကနေ သွားဖူးတယ်။ ဟုတ်တာပေါ့...။ လှပါဘိ ပုပ္ပါး၊ လွမ်းမောစရာ ကောင်းပါဘိ ပုပ္ပါး..။ ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။

ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်ဝဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။

ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်ဝဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေးတတ်တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာအကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီးမွှေညင်းထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံးတွေ လှလိုက်သလဲ ဆိုရင်....။

"xx နဂါးလိမ်ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လွမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။

ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာတဲ့လား.....။

ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည်ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။

ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ် နှစ်၊ ၂၀၀၈ ခုနှစ်၊ ကျွန်မ ဝေးမြေရပ်ခြား၊ ကိုရီးယားဆိုတဲ့ အရပ်မှာတုန်းကတော့ ကျွန်မကို (pleasure) မနက်စာ (breakfast) စားတဲ့ အချိန်ပေါ့။ နှင်းကလေးတွေ လွှမ်းနေတဲ့ ခူနွာ (Knua) တောအုပ် ကလေးကို လှမ်းမြင်နေတဲ့ နေရာမှာ ကျွန်မရဲ့ မနက်စာ စပွဲရှိတယ်။ လက်ဘက်ရည်ခွက်လေးကို ကိုင်ရင်း မနက်စာ စားပွဲလေးကို ထိုင်လိုက်တဲ့ အချိန်ဆို ဘာလို့မှန်း မသိဖူး။ ကျွန်မအမြဲ (pleasure) ရတယ်။

အဲဒီအချိန်မှာ ကျွန်မရဲ့ ကြည်နူး ကျေနပ် နှစ်သိမ့်နေတဲ့ စိတကလေးကို ပိုပြီး ကြည်နူး ကျေနပ် နှစ်သိမ့်စေတဲ့ အရာကတော့ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲလမ်းဆုံး သီချင်းနှစ်ပုဒ်..။ 'ကိုအံ့ကြီး' ရဲ့ 'မြိုင်ဟေ၀န်' မြိုင်ထနဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန် နှစ်ပါးသွားပေါ့...။

"xx လွမ်းစရာ့ မြိုင်ကုန်းဗွေx တခိုင်လုံးရွှေxx သင်း၍ ပျော်ကြူးဝေxx ညှင်းလေ့ဆော်ဦးဗွေxx နွေဦး... ဆန်းသမို့xxx" လွမ်းဖွယ် ဦးအံ့ကြီးရဲ့ မြန်မာဆန်လှတဲ့ အသံ..။ အလွန်ဆွဲဆောင်မှု ရှိတဲ့အသံ။ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့ အသံ။ ရွာစား စိန်မောင်ကိုကြီးရဲ့ လက်သံကလဲ ကောင်းလိုက်တာ။ တခိုင်လုံးက မြိုင်နေတာပဲ၊ 'ချွင်' ဆိုတဲ့ စည်းသံလေးကလဲ လွင်နေတာပဲ။ ၀ါးလက်ခုပ်သံလေးကလဲ ချိုနေတာပဲ။

"xx ဖိုးရွှေခေါင် ငှက်ငယ်ကရယ်xx မလေးကို မြည်ကာချောတယ်xx့ ရယ်ကာချော့တယ်xx ရယ်ပါတော့ကွယ်x- မြည်ကာချော့တယ်လေး......" ကြည့်စမ်းပါအုန်း..၊ ဆရာကြီးဦးဘသိန်း (မန္တလေး) ရဲ့ စကားလုံး အနု၊ အနွဲ့ အလှလေးတွေ။ အဲဒီတုန်းက တစိမ့်စိမ့် တသိမ့်သိမ့် ခံစားကြည်နူး ကျေနပ်နေတဲ့ ကျွန်မရဲ့ နှလုံးအိမ်မှာ စာရေးဆရာတယောက်ရဲ့ နှလုံးအိမ်မှာ အကြည်ဓါတ်တွေနဲ့ ပြည့်လျှံနေတယ်ဆိုတာ ကျွန်မ မှတ်မိနေသေးတော့တယ်။

"တောင်ထိပ်ရှိ ပတ္တမြားစေတီ ဘုရားသို့ ရောက်ကြသောအခါ တော်သလင်းလဆန်း ၁၄ ရက်၊ လ ကလည်း ထိန်ထိန်ဝင်းလျက်၊ ဧရာဝတီဖြစ်ကြီးကို ထင်းထင်းကြီး မြင်ရပြန်၊ စေတီတော်၌လည်း ဖယောင်းတိုင် မီးများဖြင့် ၀င်းဝင်းလက်လက် ရှိနေပြန်၊ တီးလိုက်သည့် နရည်းသံကလည်း ဆိတ်ငြိမ်သော တောင်ထိပ်၌ ညချိန်တွင် အသည်းနှလုံးတို့ကို ယစ်သွားစေမတတ် သာယာပြန်၊ ကျွန်ပ်၏ စိတ်ဓါတ်အခံကလည်း မျှော်လင့်ချက် အမျိုးမျိုးတို့ဖြင့် ပြည့်တင်းဖောင်းကားလျက် ရှိလေပြန်ရကား ကြည်နူး ရွှင်မြူးလိုက်ပုံမှာ တသက်တာတွင် မမေ့နိုင်ဆုံးသော ညတည အနေဖြင့် နှလုံးသားတွင် တံဆိပ်ခတ်နှိပ်လျက် ရှိပေတော့၏။

အညာသူ အင်းဝသူ ကျွန်မ၊ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က စစ်ကိုင်းတောင်၊ ပတ္တမြားစေတီဘုရား ပွဲ ညကို လွမ်းတိုင်းဖတ်မိတဲ့၊ ကျွန်မကို ပိုလို့ လွမ်းစေတဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ထဲက တခုသော စာပိုဒ်လေးပေါ့။

သူတပါးက မျှဝေခံစားတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ဖာသာကိုယ် မျှဝေခံစားတာပဲ ဖြစ်ဖြစ်၊ ကျွန်ကို (pleasure) ရစေတဲ့...၊ တစိမ့်စိမ့် ကြည်နူး ကျေနပ် နှစ်သိမ့်ခြင်းကို ဖြစ်စေတဲ့...၊ အကြည်ဓါတ်ကို ရစေတဲ့ အရာအားလုံးကို သစ်ရွက်လေးတရွက်၊ မျက်ရည်လေးတစက်က စပြီး သိပ်ကို ကျေးဇူးတင်ပါတယ်။

ပြီးတော့ ကျွန်မရဲ့ ကြည်နူး ကျေနပ်နှစ်သိမ့်မှုကို ပိုပြီးခံစားနိုင်အောင် ဖေးကူခဲ့တဲ့၊ ပိုပြီး ခံစားနိုင်စေခဲ့တဲ့ ကဗျာတွေ သီချင်းတွေ ဂီတတွေ စာအုပ်တွေ ဒဏ္ဍာရီတွေ။

အဲဒီ ကဗျာတွေ၊ သီချင်းတွေ၊ ဂီတတွေ စာအုပ်တွေ ဒဏ္ဍာရီတွေကို ဖန်တီးခဲတဲ့သူတွေ အဲဒီ ဖန်တီးသူ အနုပညာရှင်တွေ အကြောင်းကို ပြောပြခဲ့တဲ့ သူတွေ။

အို.... အားလုံးကို ကျွန်မကျေးဇူးတင်လိုက်တာ....။ ငယ်သူ ကြီးသူမဟူ တလေးတစား ဦးညွတ် ကျေးဇူးတင်ပါရစေ...။

ကျေးဇူးတင်ရမှာကို...၊ ကျေးဇူးတရားကို အောက်မေ့ရမှာကိုများ...၊ ၀န်မလေးစေချင်ပါဘူး၊ မတွန့်ဆုတ်စေချင် ပါဘူး။ ကျွန်မတို့ အားလုံး ကျေးဇူးတင်ဖူးတဲ့ သူတွေ ချည်းပါပဲ။
ကျေးဇူးကိုတင်တတ်ပါစေ....။
ကျေးဇူးလဲ တင်နိုင်ကြပါစေ...။
နုနုရည် အင်းဝ


source ......မာယာ
ရှင်ကွဲ

တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ဝင်လိုက်တာနဲ့ အိမ်ရဲ့အနံ့ကို ကျွန်မရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ ကောလိပ်ကျောင်းသူဘ၀နဲ့ ပြန်လာတုန်းကလည်း သည်အနံ့ပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေးထဲမှာ နဖူးဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက်ငါးဆယ်ကျော် မိန်းမတယောက်။

အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ်အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီးရယ် ရှိတယ်။ ၀မ်းနည်းစရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာနဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။ အမေ ... အမေ့ကို ကျွန်မ ဘယ်လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ်ဆိုတဲ့ အငယ်ဆုံးသမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနားကနေ မမကြီးကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေနဲ့ အမေ့ အိပ်ခန်း။

'ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့'
မျက်နှာထားတင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်းနဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တနှစ်အတွင်းမှာ ပြောင်းလဲသွားတာကတော့ မမကြီးရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။ မနှစ်က အဖေနဲ့ အမေရဲ့ ရှစ်ဆယ်ကိုးနှစ်ပြည့် မွေးနေ့အလှူမှာတုန်းက မမကြီးဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ်မတင်တဲ့ အစ်မနှစ်ယောက်ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့်ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နားနီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'
'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်ကဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'
ကျွန်မရင်ထဲ တမျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေကိုရော မမကြီး ဘယ်လိုလဲဟင်'
အလျင်စလို မေးလိုက်တဲ့ ကျွန်မကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေနဲ့ အမေ အိပ်ခန်းထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေနဲ့ အမေနဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်းအခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူးကတော့ ဒီလိုပါပဲအေ၊ အမေက အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး'
'ဘာရယ်'
အို.... တကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေကလား။ အဖေ့ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'
အားကိုးတိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မစကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ကို သွားခေါ်လိုက်ဦးမယ်၊ ညည်းအဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကိုကြီးတို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီးခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက်ကုလားထိုင်လေးပေါ်မှာ ကျွန်မကိုယ်ခန္ဓာကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရားမရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။ 'ဗုဒ္ဓယဉ်ကျေးမှုအခြေခံ' တဲ့။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ မမကြီးနဲ့ အဖေတို့ အမေတို့က မုန်းတဲ့ ကျွန်မချစ်လင်ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေးရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့သို့' တဲ့။ ဘုရားရှိမခိုးတဲ့၊ ဘုရားစာမရတဲ့၊ တရားလဲမထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့လက်ဆောင်။ လွန်ခဲ့တဲ့ တပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ကျွန်မရဲ့ ချစ်လင်။

စာအုပ်လေးကို တဖျပ်ဖျပ်လှန်လှောရင်း 'ဓာရဏပရိတ်' ကို အာရုံပြု ရွတ်ဖတ်ဖို့ ကျွန်မကြိုးစားတယ်။

ဆယ့်ငါးပေ၊ ပေငါးဆယ်ရှိတဲ့ အခန်းလေးတခု၊ ခပ်နွမ်းနွမ်း ပရိဘောဂအနည်းငယ်။ ကျွန်မနဲ့ တချို့ လူတွေ မုန်းပြီး သူမြတ်နိုးကိုးကွယ်တဲ့ စာအုပ်တွေအပြည့်။ နေရာအနှံ့ ပုံစံအမျိုးမျိုး ဆေးလိပ်ခွက်တွေ။ အလွန် သပ္ပာယ်တဲ့ ဘုရားဆောင်လေးတခုလဲ ရှိတဲ့ ဒီအခန်းလေးထဲမှာ အိမ်ထောင်သက် အနှစ်သုံးဆယ်နီးပါး ကျွန်မတို့ ဖြတ်သန်း ခဲ့တယ်။ ကျွန်မ ကောလိပ်ကျောင်းသူဘ၀ တပိုင်းတစနဲ့ သူ့နောက် ခိုးရာလိုက်ခဲ့ကတည်းက တဖက်က ကျူရှင်ပြရင်း သူလုပ်ချင်တာတွေ လုပ်ရင်း ချို့တဲ့မှုဒဏ်ကို ခါးစည်းမခံနိုင်တဲ့ ကျွန်မက အိမ်ပြန်လက်ဖြန့်ရင် သည်အခန်းလေးထဲမှာ 'သင်း သွေးကို ငါတို့ ချစ်နေရဦးမယ်၊ နင်တို့ သားသမီးမရစေနဲ့' လို့ ဆိုတဲ့ မမကြီး ကျိန်စာကလည်း ကျွန်မတို့ကို ထိခဲ့တာကိုးနော်။

စာအုပ်လေးကို ကျွန်မ ပိတ်လိုက်တယ်။ မသိမသာ လူးလွန့်လိုက်တဲ့ အဖေ့ကို ကြည့်ရင်း ကျွန်မ၀မ်းနည်းလာတယ်။ ကျွန်မ ဘယ်သူ့ကို ပြောရမလဲ။ ညသန်းခေါင်ရဲ့ ဆူညံလှုပ်ခါနေတဲ့ လူခေါ် ကြေးခေါင်းလောင်းသံ။ ပြီးတော့ သူစိမ်းတွေ။ သူစိမ်းတွေနဲ့အတူ ကျွန်မရှေ့က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အထီးကျန်ခြင်းကို ကျွန်မအတွက် ထားရစ်ခဲ့တဲ့ ကျွန်မချစ်လင်။ ကျွန်မ သိပ်ကြောက်တာပဲ အဖေ။ သူသာဆိုရင်တော့ ကျွန်မကို ပြောဦးမယ်။ 'မင်းဟာ ဘယ်တော့မှ ကြီးပြင်မယ့် မိန်းမ မဟုတ်ဘူး လို့'။

မှောင်စပြုလာတဲ့ အခန်းထဲမှာ မီးဖွင့်ဖို့ ကျွန်မ ထလိုက်တယ်။ မီးဖွင့်ပြီး အဖေ့ခုတင်နား ကျွန်မပြန်လာ တော့ အဖေရယ် နိုးနေပြီ။ ဒါပေမယ့် အဖေကျွန်မကို ဘာမှ မပြောခဲ့ပါ။ သူ့မျက်လုံးတွေ ဟိုဟိုသည်သည် လိုက်ကြည့်နေတယ်။ ပြီးတော့မှ 'ညည်းအမေရော' တဲ့။ ကျွန်မ ငယ်ဘ၀ တလျှောက်လုံး ကြားခဲ့ရတဲ့ အဖေ့ ရေရွတ်သံ။ ကျွန်မ ဘာပြောရမလဲ။

'အမေလား အဖေ'
ကျွန်မ စကားထစ်နေဆဲ အဖေ့မျက်နှာ ဖျတ်ခနဲ ညှိုးနွမ်းသွားပြီး မျက်လုံးတွေ ပြန်မှိတ်ပစ်လိုက်တယ်။ ခုတင်ဘေး စားပွဲလေးပေါ် ဓာတ်ဗူးလေးထဲက နွားနို့ကို အဖေသောက်နေကျ လက်ဖက်ရည်ပန်းကန်ပြား အပက်လေးထဲ ကျွန်မငှဲ့ထည့်လိုက်တုန်း......။

'စိတ်ချ၊ နက်ဖြန်ကျ လိုက်ပို့ပါ့မယ်လို့ဆို'
ဟော မမကြီးအသံ။ အမေလာပြီလား။ အဖေ့မျက်လုံးတွေ ပြန်ပွင့်လာတယ်။ ကျွန်မရင်တွေလဲ တဒိတ်ဒိတ် ပြန်ခုန်လာတယ်။ အမေ ဘယ်လို ဖြစ်နေမှာလဲ။

'လာပါအမေရဲ့'
အခန်းဝမှာ မမကြီးနဲ့အမေ ရုတ်တရက် ပေါ်လာတယ်။
'အမေ'
ပါးရေတွန့် ပါးပြင်မှာ သနပ်ခါးတွေနဲ့ အမေက ကျွန်မကို စိမ်းစိမ်းကြည့်နေတယ်။ လန်းဆန်းတက်ကြွမှု တမျိုး ပူးကပ်နေတဲ့ အသက်ကိုးဆယ်အရွယ်၊ ကျွန်မရဲ့ အမေဟာ ကျွန်မကို ကြည့်ရာက အဖေ့ဆီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကျွန်မ ငှဲ့လက်စ နွားနို့ပန်းကန်ပြားလေးပေါ်။ အို.... အမေ သတိရပါစေ။ ကျွန်မမျက်စိထဲမှာ အဖေ့မေးစေ့အောက်မှာ လက်ကိုင်ပုဝါလေးခံပြီး နွားနို့ ပန်းကန်ပြားလေးကို တိုက်နေတဲ့ အမေ။ အဖေ့ဒူးကို အမြဲတမ်း နှိပ်ပေးနေတဲ့ အမေ။ 'နင်အဖေရော' ဆိုတဲ့ အမေ့ပူပန်သံနဲ့ ပျာယာခတ် အမူအရာ၊ ကျွန်မအမေ့ကို မျှော်လင့်တကြီး ကြည့်မိတယ်။ ပြီးတော့ နွားနို့ပန်းကန်ကို ကျွန်မကောက်ကိုင်လိုက်ရင်း......

'ရော့လေ အမေ၊ အဖေ့ကို'
ကျွန်မစကားမဆုံးခင်မှာပဲ အမေဟာ အဖေ့ကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်တယ်။
'ဒီအဘိုးကြီးက ဘယ်ကလဲ၊ သူများအိမ်မှာ ဘာလာလုပ်နေတာလဲ။ ခုထိမပြန်သေးဘူးလား၊ မိုးချုပ်လှပြီ'
'အို..... အမေ'
မျက်စိစုံမှိတ်လိုက်တဲ့ အဖေ့မျက်နှာကို ကျွန်မ တသက်မမေ့နိုင်တော့ပါ။
'ဟဲ့ အဘိုကြီး ကိုယ့်အိမ်ကို ပြန်လေ။ မိုးချုပ်လှပြီဆို၊ အသားအရေတွေက ဖြူဖပ်ဖြူရော်နဲ့ အဲ့ဒါ ဘယ်က တရုတ်အဖိုးကြီးလဲ ဟင်၊ ဘယ်ကလဲ'
မမကြီးက အမေ့ကို အတင်းဆွဲခေါ်သွားတယ်။ 'အဖိုးကြီး ပြန်တော့' ဆိုတဲ့ အမေ့အော်သံသဲ့သဲ့ကို ကျွန်မ တကယ်ကြားနေရတာပါလား။ အမေဟာ အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး။ ဖြစ်နိုင်ပါ့မလား။ အိမ်ထောင်သက် အနှစ်ငါးဆယ်ကျော် တလျှောက်လုံး အမေဟာ အဖေ့ကို ဘယ်လောက် မြတ်နိုးခဲ့သလဲ။ ဘယ်လောက် ယုယခဲ့သလဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"ညည်းတို့အမေ၊ ညည်းတို့အဖေကို ယုယပုံများတော့ ငါတို့ တသက် တွေ့ဖူးပေါင်အေ၊ အရိပ်ကြည့်နေ တယ်ဆိုတာမျိုးပေါ့။ ညည်းတို့ အဖေဟာလေ ထမင်းတို့ ဟင်းတို့၊ လက်ဖက်ရည်ချိုတို့၊ ကော်ဖီတို့ ဆိုတာတွေဟာ ပန်းကန်ပြား၊ ပန်းကန်လုံးထဲမှာ ဖြစ်တာလို့ သိတော့တာ။ သူ့ရှေ့မှာ စားစရာ သောက်စရာ ချထားရင် မစားတတ်တော့ဘူး။ ညည်းအမေက ကောက်ယူပြီး 'ရော့ ... ကိုမောင်သန်း စားလေ' ဆိုတော့မှ စားတာ။ တခါများ ညည်းတို့အမေက ထမင်းပွဲ ပြင်ပေးခဲ့ပြီး ဧည့်သည်လာလို့ ဧည့်သည်နဲ့ စကားပြောနေတယ်။ တော်တော်လည်း ကြာသွားတယ်။ ဧည့်သည်ပြန်တော့မှ ထမင်းစားပွဲဆီ ၀င်လာတော့..... အမယ်လေးတော် ပြောချင်ဘူး။ မောင်မင်းကြီးသား ထမင်းဝိုင်းမှာ သည်အတိုင်း ငုတ်တုတ်။ ညည်းအမေက 'စား' လို့ မပြောသေးလို့။ အဖြစ်က။

တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာမို့လား မသိပါဘူးအေ စီးပွါးကလဲ ဖြစ်လိုက်တာ။ ညည်းအမေ မထိုက်ကလည်း တော်ပါပေတယ်။ သန်းထိုက် သစ်စက်ဆိုတော့ တနယ်လုံး ဟိုးဟိုးကျော်ပေါ့။

အဲ .... ညည်းအဖေ ဒူးမဖြတ်ရတာလဲ ညည်းအမေကြောင့်ပဲ။ ညည်းမွေးပြီးစလေးပေါ့။ ညည်းအဖေ ဖြစ်တာ။ မြို့ပြင် သံလမ်းတွေဆီသွားပြီး ကန်ထရိုက်သွင်းရဖို့ ဇလီဖားတုံးတွေကို သွားကြည့်တာလေ။ မြို့ဝင်လမ်းမှာ မန်းကျည်းပင်ကြီးတွေကို လှဲပြီး ထင်းလုပ်နေကြသတဲ့။ ညည်းအဖေက ကားလေးနဲ့တဲ့။ မောင်းတဲ့ လူလဲ ရှိပါတယ်။ အဲ့ဒါ လွတ်ပါတယ်ဆိုပြီး ကားဖြတ်မောင်းတာ တခါတည်း မန်းကျည်းပင်ကြီးတပင်က သူ့ကားပေါ် တည့်တည့်ကျတော့တာပဲ။ ကားလေးဟာ တခါတည်း ပြားချပ်သွားတော့တာပဲ။ မောင်းတဲ့လူကတော့ ပွဲချင်းပြီးပေါ့။ ညည်းအဖေက နောက်ခန်းမှာ ထိုင်လာတော့ လူတော့ မသေဘူး။ ကားထဲမှာ ခြေထောက်တွေ ညှပ်နေတာ ဆွဲထုတ်လို့ မရဘူး။ အမလေး ... ညည်းအမေက ဘယ်လောက်သတ္တိကောင်းတယ် မှတ်လဲ။ ဒါလောက်ချစ်တဲ့ ယောက်ျားနော်။ ဦးမောင်သန်းကြီးကား မန်ကျည်းပင် ပိလို့တဲ့ဗျို့ ဆိုပြီးကြားတော့ ငိုလိမ့်မယ် မှတ်လား။ ညည်းကို ရင်ခွင်ထဲက ချပြီး သစ်စက်ကို ပြေးတာပဲ။ သစ်စက်က ရှိသမျှလူခေါ်၊ သစ်လုံးမတဲ့ ဟာကြီးတွေ ယူဆိုပြီး အကုန်စီစဉ်တာ။ ဟိုရောက်တော့ ညည်းအဖေကလေ ပေါ်နေတဲ့ ခေါင်းလေး တယမ်းယမ်းနဲ့တဲ့။

'ဟာ ... မထိုက်၊ ငါပြန်လာပေါ့ကွာ၊ ဘာလို့ လိုက်လာတာလဲ' လို့ ပြောသေးသတဲ့။ တခါတည်း တစချင်း ဆွဲဖယ်ပြီးမှ လူကို ထုတ်ရတာ။ ခြေထောက်နှစ်ဖက်စလုံး အရိုးတွေ ကျိုးကုန်တယ်။ အိုး..... ကုလိုက်ရတဲ့ အမျိုး။ မရွှေထိုက်တို့ကတော့ လူ အားရော၊ ငွေ အားရော၊ ဒါပေမယ့် ဆရာဝန်က မရဘူး။ ဖြတ်ပစ်ရမယ် ဆိုပြီး ပြောရော။ အဲ့ဒါ ညည်းအမေက မဖြတ်ပါရစေနဲ့ဦး။ သူကြိုးစား ကြည့်ပါရစေဦးဆိုပြီး ဆေးဆရာ ရှာတာလေ။ နောက်ဆုံး ညည်းအမေ မေတ္တာကြောင့် ထင်ပါရဲ့။ ရှမ်းဆရာကြီးတယောက်နဲ့ တွေ့ပြီး ဆေးစည်းတာနဲ့ အရိုးတွေ ပြန်ဆက်ပြီး ခြေထောက် မဖြတ်ရတော့ဘူး။ အဲဒီကတည်းက ညည်းအမေ ညည်းအဖေ ခြေထောက်တွေကို အမြဲတမ်း နှိပ်ပေးတဲ့ အကျင့်ဖြစ်သွားတော့တာပဲ။ ညည်းအဖေ ပက်လက်ကုလားထိုင်ပေါ် ထိုင်တာနဲ့ ဘေးကနေပြီး နှိပ်ပေးနေတော့တာပဲ။ သစ်စက်အလုပ်တွေကိုလဲ မလုပ်ခိုင်းတော့ဘူး။"

ကျွန်မတို့ ငယ်ငယ်တုန်းက မေမေ့ညီမ ဒေါ်လေးသိုက် ပြောပြတတ်တဲ့ အဖေနဲ့ အမေအကြောင်းဟာ အိပ်ရာဝင် ပုံပြင်တွေလို နားထောင်လို့ သိတ်ကောင်းခဲ့တာပေါ့။ ကျွန်မတို့ ကြီးတဲ့အထိလဲ သမီးတွေ ကျွေးတာ တောင် မစားပဲ အမေကျွေးမှ စားတာတဲ့။ ခဏလေး အမေ့မမြင်တာနဲ့ 'ညည်းအမေရော' လို့ မေးတတ်တဲ့ အဖေ့ကို ကျွန်မတို့ ရယ်ပွဲဖွဲ့လို့ မဆုံးနိုင်ခဲ့ပါဘူး။

အဖေနဲ့အမေ ညအိပ်ညနေခွဲပြီး ခရီးသွားတာကိုလည်း ကျွန်မသိတတ်စ အရွယ်ကတည်းက တခါမှ မတွေ့ခဲ့ဘူးပါဘူး။ အမေ သစ်စက်သွားတဲ့ အချိန်လောက်ပဲ ခဏ ခွဲနေတာ။ အစ်ကိုကြီး အိမ်ထောင်ကျပြီး သစ်စက်ကို ဦးစီးနိုင်တာနဲ့ အဖေ့နားမှာပဲ အချိန်ပြည့် နေတော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်မှာ အဖေထိုင်ပြီး၊ ကြမ်းပေါ်မှာ အမေက ကျုံ့ကျုံ့ကလေးထိုင်လို့ အဖေ့ခြေထောက်တွေကို နှိပ်ပေးနေတဲ့ မြင်ကွင်းဟာ ကျွန်မတို့ အမြဲတမ်း တွေ့နေကျ မြင်ကွင်းပေါ့။

အမေရယ်။ အိပ်မပျော်နိုင်တဲ့ ကျွန်မ စိပ်ပုတီးတချောက်ချောက် စိပ်ရင်းဘယ်ညာ လူလှိမ့်နေမိတယ်။ အဖေ အိပ်ပျော်ရှာရဲ့လား။ အဖေနဲ့ အမေ တခါမှ ခွဲမအိပ်ဖူးဘူးနော်။ အထီးကျန်ခြင်း ဝေဒနာ ဆိုတာကို အမေမသိပါဘူး အမေရယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတာ။ အဖေ့ ချောင်းဆိုးသံက ကျွန်မကို ပိုဝမ်းနည်းလာ စေတယ်။ စိမ့်ကျလာတဲ့ မျက်ရည်တွေကို ကျွန်မ လက်နဲ့ ပွတ်သုတ်လိုက်တော့ စိပ်ပုတီးမှာပါ မျက်ရည်တွေ ရောနှော စွတ်စိုကုန်တယ်။

'နည်းနည်းလောက်တော့ သောက်လိုက်ပါ အဖေရယ်နော်၊ အဖေ ညကလည်း ဘာမှ စားတာ မဟုတ်ဘူး၊ နွားနို့လေး နည်းနည်းလေးနော်... အဖေနော်'

မနက်လင်းတယ် ဆိုကတည်းက ကျွန်မဘယ်လိုပဲ ကြိုးစားတိုက်တိုက် နွားနို့ပန်းကန်ကို အဖေ ခေါင်းယမ်းလို့ချည်း နေတော့တယ်။ ပါးစပ်က မမေးပေမယ့် အဖေ့မျက်လုံးတွေက အခန်းဝကိုချည်း ကြည့်လို့နေတယ်။ အဖေရယ်။

'ပက်လက်ကုလားထိုင်ပေါ် ပြောင်းထိုင်ရအောင်နော် အဖေ၊ ကျွန်မရွှေ့ပေးမယ်၊ ဒါမှ အဖေ အညောင်း မမိမှာ'
အဖေခေါင်းယမ်းနေတဲ့ ကြားထဲကပဲ ကျွန်မအဖေ့ကို ပက်လက်ကုလားထိုင်ပေါ်ကို အသာအယာတွဲပို့ဖို့ ကြိုးစားနေတုန်း
'ဟေ့ .... အဖိုးကြီး မပြန်သေးဘူးလား'
အခန်းဝကနေ ရုတ်တရက် ပေါ်လာတဲ့ အမေ့အသံ ကျယ်ကျယ်ကြောင့် အဖေရော ကျွန်မပါ လန့်ဖျပ်တုန်ယင် သွားခဲ့ပါတယ်။ ပိုးလုံချည် အစိမ်းတွန့်တွန့် ဖြူညစ်ညစ်ပုဝါကို ကျကျနန ခြုံထားတဲ့ အမေက အဖေ့ကို ကြည့်နေတယ်။ အဖေကတော့ အမေ့ကို မကြည့်ပါဘူး။ အဖေ့ကို ပက်လက်ကုလားထိုင်ပေါ် တွဲချ ထိုင်ခိုင်းပြီးတာနဲ့ အခန်းထဲကို ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ၀င်လာတယ်။ ပြီးတော့ အဖေ့ဘေးနား ကြမ်းပေါ်မှာ ထိုင်ချလိုက်တယ်။ ပြီးတော့ အဖေ့ခြေထောက်တွေကို ဖြည်းဖြည်း.... ဖြည်းဖြည်းချင်း။

'အို .... အမေ'
ကျွန်မရဲ့ ၀မ်းသာအားရသံနဲ့ အတူ အဖေ့ မျက်နှာကြည်လင်သွားပုံဟာလည်း မယုံနိုင်လောက်အောင် ပါပဲ။ ဒါပေမယ့် အမေကလေ......

'ဒီ အဘိုးကြီးက တို့အိမ်ဘာလို့ လာနေတာလဲ၊ သူ့မှာ အိမ်မရှိဘူးလား၊ မြန်မြန် ပြန်လွှတ်လိုက်စမ်း၊ ဘယ်ကလဲ ဒီအဖိုးကြီးဟာ...'
အမေရယ် ပါးစပ်က ပြောချင်တာတွေ တွင်တွင်ပြောပြီး အဖေ့ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်ပေးနေတဲ့ အမေ့ကို မကြည့်ချင်တော့ပါဘူး။
အမေအခန်းထဲက ပြန်ထွက်သွားတာနဲ့ ခုတင်ပေါ်က ဇာခြင်ထောင် ထူထူအောက်ကို အဖေပြန်ဝင်သွား ခဲ့တယ်။ ဘာမှလဲ ကျွေးလို့ မရဘူး။

နေ့လယ်လောက်ကျတော့ အဖေ့ကို နွားနို့နဲ့ မုန့်လေးကျွေးဖို့ ကျွန်မနဲ့ မမကြီး ကြိုးစားရပြန်တယ်။ အဖေကတော့ ခေါင်းယမ်းမြဲ။ အပေါ့အပါး သွားပြီးတာနဲ့ ခြင်ထောင်အောက်ကိုပဲ ပြန်ဝင်ဖို့ လုပ်တော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်ကို ရွှေ့လို့ အဖေ ပက်လက်ကုလားထိုင်ပေါ် ရောက်တာနဲ့ အမေရယ်လေ ဗြုန်းဆို ပေါက်ချလာပြီး.......
'ဒီအဖိုးကြီး မပြန်သေးဘူးလား၊ ဘယ်ကလဲ ဒီအဖိုးကြီးနဲ့' ပါးစပ်က ဘာတွေ ပြောပြော အမေက အဖေ့ ပက်လက်ကုလားထိုင်ဘေးမှာ ထိုင်ပြီး ယုယုယယ နှိပ်နေပါပြီ။ အမေရယ်။ မမကြီးက မျက်ရည်ကျ နေတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညနေကျတော့လည်း ခြင်ထောင်ထဲက မထွက်တော့တဲ့ အဖေ့ကို ကျွန်မ ဇွတ် ချော့မော့ပြီး အပြင်ကို ခေါ်ထုတ်ရပြန်တယ်။ ကျွန်မ မျက်ရည်တ၀ဲဝဲနဲ့ တိုက်တဲ့ နွားနို့ပန်းကန်ကို သည်တခါတော့ အဖေက ကြည့်တယ်။ ပြီးတော့ ကျွန်မကို သေချာ စိုက်ကြည့်နေပြီး ပက်လက်ကုလားထိုင်ပေါ် ပို့ဖို့ ပြတယ်။
ကုလားထိုင်ပေါ်ရောက်ပြီးမှ အဖေ ပြန်ထတယ်။ အိပ်ရာပေါ်ကို ဇွတ်လက်ညှိုးထိုးပြနေတယ်။ 'ပို့ ပို့' တဲ့။

'အဖေကလဲ နွားနို့လေး သောက်ပြီးမှ ပြန်အိပ်ပါ။ ဒီမှာ ခဏလေး နေလိုက်ပါဦး'
အဖေခေါင်းကို ယမ်းပြီး ကျွန်မကို သနားစရာ ကြေကွဲစရာ အကြည့်နဲ့ မော့ကြည့်တယ်။ ပြီးတော့မှ တိုးတိုးလေး 'ညည်းအမေ မြင်ရင် အဖေ့ကို နှင်လိမ့်မယ်' တဲ့။ အို.... အဖေရယ်။

ကျွန်မ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် စိတ်ထိခိုက်ရတယ်။ အေးစက်စက် အဖေ့လက်တွေကို ကျွန်မ ကြင်ကြင်နာနာ ကိုင်ထားလိုက်တုန်းမှာပဲ အမေရယ်လေ....

'မိသိုက်ကအေ သိပ်ညစ်တာပဲ၊ တော်ပြီ ဒီကောင်မနဲ့ နောက်မကစားဘူး'
ဒေါ်လေးသိုက်တို့ အိမ်က အပြန် အကြီးအကျယ် အော်ဟစ်သောင်းကျန်းလာတဲ့ အမေက အဖေ့အခန်းဝကိုတော့ တန်းတန်းမတ်မတ်လာတယ်။ ပက်လက်ကုလားထိုင်ဆီကိုလဲ တန်းတန်းမတ်မတ်။ ပြီးတော့ အဖေ့ခြေထောက်တွေကိုလည်း တယုတယ။ ဒါပေမယ့် အဖေ့ကို စူးစူးကြည့်လို့.....

'ဟဲ့ အဘိုးကြီး သူများအိမ်ကို အားမနာဘူးလား၊ မရှက်ဘူးလား၊ ပြန်ပါတော့လား၊ ကိုယ့်အိမ်ကို မပြန်ရင်လေ မပြန်ရင်'

အမေက နှိပ်နေတာကို ရပ်ပြီး ခဏ စဉ်းစားတယ်။ ပြီးတော့မှ အားရပါးရ ဆက်နှိပ်ရင်း 'ရိုက်ထုတ်မယ်၊ ရိုက်ထုတ်မယ်ဟေ့' တဲ့။

'အမေကလဲနော်'
မမကြီးနဲ့ ကျွန်မက စိတ်ထိခိုက် ညစ်ညူးပေမယ့် အဖေဟာ ဒီတခါတော့ ထူးထူးဆန်းဆန်း မျက်နှာ မလွှဲပဲ အမေ့ကို စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် အဖေ့ မျက်နှာကတော့ ကြေကွဲစရာ အကောင်းဆုံး၊ ၀မ်းနည်းစရာ အကောင်းဆုံး မျက်နှာ။
အဲ့သည်ညမှာပဲ အဖေ ဆုံးသွားရှာပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြတင်းပေါက်က ၀င်တဲ့ လေအရှိန်နဲ့ တဖျပ်ဖျပ်လွင့်နေတဲ့ ဇာခြင်ထောင်ကို ကျွန်မနဲ့ မမကြီး မွေ့ရာအောက်မှာ သပ်သပ်ရပ်ရပ် ဖိလိုက်ကြတယ်။ ပက်လက်ကုလားထိုင်ကိုလည်း နေသားတကျ။ ခုတင်ဘေးက စားပွဲလေးပေါ်မှာလည်း နွားနို့ဓါတ်ဗူးနဲ့ ပန်းကန်ပြားလေးကို အဖေရှိနေတုန်းကလိုပဲ သေသေသပ်သပ် ချထားပါတယ်။ အခန်းဝက ကြည့်လိုက်ရင် ခြင်ထောင်ထဲမှာ အဖေရှိနေသလို ပေါ့နော်။ မမကြီးဆီက ကြိတ်ပြီး ရှိုက်သံ ကြားရတယ်။

'ငါ့ကို ဘာဖြစ်လို့ မိသိုက်တို့အိမ် ညအိပ်ခိုင်းရတာလဲ၊ ပြောစမ်းပါဟဲ့'
ဟော အမေပြန်လာပြီ။ အမေပြန်လာရှာပြီ။ မမကြီးက မျက်ရည်တွေကို ကဗျာကယာ သုတ်တယ်။ အမေ့ကို ခေါ်လာတဲ့ အစ်ကိုကြီးရဲ့ 'အမေကလဲဗျာ' ဆိုတဲ့ စိတ်မကောင်းသံကို ကြားရတယ်။

'သူများအိမ်မှာ အပျိုအရွယ်လေး ည သွားအိပ်လို့ မကောင်းဘူးဆိုတာ နင်တို့ မသိဘူးလား။ ငါတစက်မှ အိပ်မပျော်ဘူး။ ဒီနေ့ညသာ ဆက်အိပ်ရရင် မိသိုက်တို့အိမ် မီးနဲ့ အရှို့ပဲ'
ကျွန်မနဲ့ မမကြီး အခန်းထဲက မြန်မြန်ထွက်လိုက်ကြတယ်။ ဧည့်ခန်းထဲမှာ အမေက ဆွဲထားတဲ့ အစ်ကိုကြီးလက်တွေကို ရုန်းဖယ်လို့။

'ဒီမှာ ထိုင်ရအောင်လေ အမေ'
အမေက ခေါင်းကို သွက်သွက်ခါ ယမ်းရင်း ကျွန်မနဲ့ မမကြီးကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကြားက ဖြတ်ပြီး အိပ်ခန်းဆီကို တန်းတန်းမတ်မတ်။

'အမေ'
ကျွန်မ လွှတ်ခနဲ ခေါ်လိုက်ရင်း အမေ့နောက် မြန်မြန် လိုက်ခဲ့တယ်။ အမေက အခန်းဝမှာ ရပ်ပြီး ခုတင်ကို ငေးကြည့်နေတယ်။ ပြီးတော့ အခန်းထဲ ဖြည်းဖြည်းချင်း ၀င်သွားတဲ့ အမေ့ကို နောက်ကနေ ကျွန်မတို့ မောင်နှမသုံးယောက် အသက်မရှူဘဲ ကြည့်နေမိကြတယ်။ အမေက ခုတင်ကို တပတ်ပတ်လိုက်တယ်။ ပြီးတော့ ပက်လက်ကုလားထိုင်လေးကို လက်နဲ့ ထိကြည့်တယ်။ ပြီးတော့ အခန်းထဲကို လှည့်ပတ်ကြည့်ရင်း ဘုရားစင် စားပွဲခုံပေါ် ထောင်ထားတဲ့ အဖေ့ဓါတ်ပုံကို မြင်တော့ ဟက်ဟက်ပက်ပက် ရယ်ချလိုက်တယ်။

'အမေကလည်းဗျာ'
အစ်ကိုကြီးက သက်ပြင်းတချက်ကို ချလို့ ခုတင်ဘေးက ပက်လက်ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
အဖေ့ဓါတ်ပုံကို ကြည့်နေတဲ့ အမေဟာ သည်ဘက်လှည့်လိုက်တာနဲ့ ပက်လက်ကုလားထိုင်ပေါ်က အစ်ကိုကြီးကိုလည်း မြင်ရော အံ့သြသလို မျက်နှာပြောင်းလဲသွားရင်း ပက်လက်ကုလားထိုင်ဘေးကို ချက်ချင်း ရောက်လာတော့တယ်။ ပြီးတော့ ကျုံ့ကျုံ့ကလေးနဲ့ အစ်ကိုကြီး ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်တော့တာပါပဲ။

'အမေ'
အစ်ကိုကြီးက သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်တယ်။ အမေကတော့ အားရပါးရ နှိပ်နေရင်းကနေ အစ်ကိုကြီးဆီက တအစ်အစ်နဲ့ ရှိုက်သံထွက်လာတော့ ဖြည်းဖြည်းချင်း အစ်ကိုကြီးကို မော့ကြည့်တယ်။ ပြီးတော့ ဘာမှ မဖြစ်သလို ဆက်နှိပ်ပြန်တယ်။ ဒါပေမယ့် တဖြည်းဖြည်း လှုပ်ရှားနေတဲ့ အမေ့လက်ချောင်း ပိန်ပိန်လေးတွေ နှေးကွေးသွားပြီး ခဏနေတော့ ဆတ်ခနဲ ထပြီး အခန်းထဲက ထွက်သွားတော့တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ခင်ထွေး .... သမီး'
အဖေ့အိပ်ရာဆီကို လှမ်းလိုက်တဲ့ ကျွန်မတကိုယ်လုံး တုန်လှုပ်သွားခဲ့တယ်။ အမေ။ နံနက်လင်းစ မှောင်ရီရီ အလင်းရောင်အောက်မှာ အမေရယ်လေ။ ခြင်ထောင်ဘေးမှာ ရပ်လို့။ အမေမနိုးခင် အဖေ့အိပ်ရာကို နေသားတကျ ဖြစ်အောင်လို့ ကျွန်မ အစောကြီး ထလာခဲ့တာ။

'အမေ'
ခုတင်ဘေးမှာ တည်ငြိမ်ခံ့ညားစွာ စိုးရိမ်ပူပန်ကြီးတတ်တဲ့ အမူအရာနဲ့ ရပ်နေတဲ့ အမေဟာ ကျွန်မတို့ရဲ့ အလျင်က အမေ ပေပဲလား။
'သမီး'
ကျွန်မ နားကြားမလွဲပါဘူးနော်။ အမေ့နားကို တိုးကပ်ရင်း အမေ့လက်တွေကို ၀မ်းသာအားရ ကျွန်မ ဆွဲယူမိလိုက်တယ်။

'အို အမေ့လက်တွေ အေးစက်နေတာပဲ'
'ဖယ်စမ်းပါ'
အမေက သူ့လက်တွေကို ပြန်ဆွဲယူရင်း အလျင်စလို နိုင်လှတဲ့ ဟိုတုန်းက အမေ့လေသံနဲ့...
'ညည်းအဖေရော'
'ဟင်'
'ညည်းအဖေ ဘယ်မှာလဲ၊ ညည်းအဖေ ဘယ်ရောက်သွားလဲ'
ဘုရား ဘုရား၊ ကျွန်မ ဘာပြောရမလဲ။ အမေလေ ကျွန်မလက်တွေကို ဆွဲခါလှုပ်ရမ်းနေတယ်။
'ပြောလေ၊ ညည်းအဖေရော လို့ဆို'
'အဖေ ရှိပါတယ်'
'ဘယ်မှာလဲ'
'ရှိပါတယ်'
'အို မရှိပါဘူး၊ ငါ အရုဏ်တက်ကတည်းက ညည်းတို့ မနိုးခင်ကတည်းက လိုက်ရှာနေတာ၊ တအိမ်လုံးနှံ့နေပြီ'
'ပြောစမ်းပါအေ ဘယ်မှာလဲ'
'...........'
'ညည်းတို့ ဘယ်ကို ပို့ထားကြသလဲ ဟင်'
'မပို့ပါဘူး အမေရယ်'
'အို အေ'

မျက်ရည်တွေ လိမ့်ဆင်းကျလာတဲ့ ကျွန်မကို အမေက စိတ်မရှည်သလို တွန်းလိုက်ပြီး အမေ့ခန္ဓာကိုယ် လေးဟာ ခုတင်ပေါ်ကို အ၀တ်ပျော့လေးတခုလို ပုံကျသွားခဲ့တယ်။ အမေတင်ထားတဲ့ ဇာခြင်ထောင်အောက်က အိပ်ရာရဲ့ ဘယ်ဘက်ခြမ်းပေါ်မှာ ခွေခွေလေး။ အမေ့မျက်နှာက အဆမတန် အိုမင်းနွမ်းနယ်နေပြီး အမေ့ မျက်လုံးမှာ ဒေါသနဲ့ စိုးရိမ်သောကတွေ။ အမေ့ဆီမှာ ပူးကပ်နေတဲ့ လန်းဆန်းတက်ကြွမှုတမျိုး ဘယ်ရောက် သွားပြီလဲ။
အမေက ခြင်ထောင်အမိုးကို အကြာကြီး စိုက်ကြည့်နေရာကနေ ကျွန်မဘက်ကို ဆတ်ခနဲ လှည့်ကြည့် လိုက်တယ်။

'အသက်ရှင်ရက်တော့ ငါတို့ကို ခွဲမထားကြပါနဲ့အေ'
အမေ့ရဲ့ တောင်းပန်ညည်းညူသံဟာ ကျွန်မကို နာကျင်စေပါတယ်။
'ရှင်ကွဲ, ကွဲရတဲ့ဒုက္ခကို ညည်းတို့ မသိပါဘူး'

အို ...... အမေရယ်။ ကျွန်မ မသိဘဲ ရှိပါ့မလား။ ကျွန်မခံစားနေရတာပဲ အမေ။ အမေ့လို ကျွန်မ ပေါက်ကွဲ ပါရစေတော့။ အမေ နားထောင်ပါနော်။
တဖက်စောင်းသွားတဲ့ အမေ့ရဲ့ လက်တွေကို ကျွန်မ ဆွဲယူလိုက်တဲ့အခါ အမေ အသက်မရှိတော့ပါဘူး။
နုနုရည် အင်းဝ။


source ......မာယာ