Saturday, 3 December 2011

ဆံမဖြီးမသင်၊ မုတ်ဆိပ်မှင်သူမရိတ်၊ ဆေးလိပ်တိုတဖွာဖွာပေါ့

ဟေ့ကလေးမ ကြည့်စမ်း၊ ၀ါဆိုဝါခေါင် တောင်သမန်ရဲ့အလှ။ ရေပြည့်လျှံစ တမျှော်တခေါ်၊ အင်းရေပြင် ကြီးက စိမ်းလို့၊ ကြည်လို့၊ အေးလို့။ လထွက်ခါနီးဆိုတော့ အင်းရေပြင်မှာပေါ်မှာ မလင်းတလင်း။ လေစိမ်းတွေက လည်း ကြမ်းကြမ်းရမ်းရမ်း တိုက်နေလိုက်တာ။
ဒီမှာကလေးမ၊ လေစိမ်းဆိုတာ ဒီလို လေမျိုးကို ခေါ်တာရယ်။
ညည်း သိရဲ့လား။ အေး... ပြီးတော့ နားထောင်ကြည့်စမ်း။ အင်းလှိုင်းလုံးတွေ တို့လျှောက်နေတဲ့ တံတားအောက်ခြေကို လာပြီးတော့ ရိုက်နေတဲ့အသံ။
 
ဝုန်းခနဲ ၀ုန်းခနဲ။
ဘယ်လောက် ယစ်မူးစရာကောင်းတဲ့ အရိုင်း ဂီတသံလဲ။
သေသေချာချာ နားထောင်ကြည့်နော်။
ကလေးမရေ ညည်းတို့ ရန်ကုန်မှာ ဒီလိုအရသာမျိုး ဘယ်ခံစားရမလဲအေ။

ဟုတ်တယ်မဟုတ်လား။ မခံစားရပါဘူး။ အေး ဒါကြောင့် ညည်းတို့ ဇနီးမောင်နှံ တောင်သမန် လထွက်ချိန်အလှကို ခံစားရအောင်လို့ ငါရယ်၊ ဟောဒီက ဆရာတော် ကိုပညာရယ်၊ ညည်း လေးလေးကြီးရယ် တို့က တမင်တကာ အချိန်ရွေးပြီး ခေါ်လာခဲ့တာ။
ဟော ကြည့်။ ဟိုမှာ လထွက်တော့မယ်။ အရှေ့ဘက်ကောင်းကင် နီဝါရောင် မလင်းတလင်းကနေ တဖြည်းဖြည်း ၀ါဝါပြီး လင်းလာပြီ။
ဘယ်နှယ့်လဲ မလှဘူးလား။ အ၀ါရောင်ကလေး လင်းလင်းလာတာကို ကြည့်ရင်း၊ ကြည့်ရင်း ကြည့်ရင်း.....။ 
ဟော လ၀န်းရဲ့ အစွန်းလေး ရိပ်ခနဲ အင်းရေပြင်အစပ်မှာ ပေါ်လာတာဟာ ကဗျာမဆန်လိုက်ဘူးလားအေ ဟင်။
ရွှန်းမြမြလရောင်ဆိုတာ ဒါကို ခေါ်တာရယ်။ မပြုံးနဲ့ ကလေးမ ဟုတ်တယ်ရယ်။ ဒါ ရွှန်းမြမြလရောင်။ ကြည့်စမ်း အင်းရေပြင်ကြီးတခုလုံး လရောင်နဲ့ တလက်လက်တောက်လို့။ ဟောဟိုက လှမ်းမြင်နေရတဲ့ လရောင် အောက်က စေတီဖြူဖြူလေးဟာ ဟောဒီ ဦးပိန်တံတားကြီး အဆုံးမှာရှိတဲ့ တောင်သမန်ရွာလေးရဲ့ ရွာဦးစေတီလေး ပေါ့။
 
ပြီးတော့ ဟေ့ကလေးမ ဟိုမှာရော ကြည့်လိုက်စမ်းပါဦး။ အင်းလှိုင်းခေါင်းဖြူတွေ ရိုက်ခတ်ဦးညွတ် ရှိခိုး ပူဇော်နေတဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အမှတ်တရအထိမ်းအမှတ် ဗိမာန်တော်လေ။ ဆရာတော်ဘုရားကြီးဟာ ညည်းတို့ငါတို့လို စာရေးဆရာ၊ ကဗျာဆရာတွေ အတုယူ စံထားလောက်တဲ့ ကြည်ညိုလေးစားဖွယ် စာရေးဆရာကြီးလည်း ဖြစ်တာရယ်။ ဟုတ်တယ်၊ ဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ ကျမ်းစာအုပ်တွေဟာ နည်းတာမှတ်လို့။
 
အင်း...၊ ကလေးမ ညည်း ဆရာတော်ဘုရားကြီး စာဘယ်လိုရေးတာရော ညည်း သိရဲ့လား။ ဆရာတော်ဘုရားကြီးဟာ စာရေးရင် အင်းရေပြင်ကို မျက်နှာမူနေတဲ့ ကျောင်းစင်္ကြန်မှာ စာပွဲခုံမြင့်နဲ့ မတ်တတ်ရေးတာ။ အင်းရေပြင်ကို လှမ်းမျှော်ကြည့်လိုက်၊ စာရေးလိုက် နေမှာပေါ့။ တို့ စာရေးဆရာတွေမှာ အကျင့်လေးတွေ တမျိုးစီလေ။ စာပွဲခုံမြင့်နဲ့ ရေးတတ်တဲ့သူ၊ စာပွဲခုံနိမ့်နဲ့ ရေးတတ်တဲ့သူ။ ကဲ စာရေးဆရာမကြီး ညည်းကော ဘယ်လိုရေးလဲ။ အင်း လူတကိုယ် အကျင့်တမျိုးစီရယ်နော်။
ဒါပေမယ့် တို့ဆရာတော်ဘုရားကြီးနဲ့ ရေးပုံရေးနည်းချင်း သွားတူနေတဲ့ စာရေးဆရာတယောက် ရှိတယ်။ ဘယ်သူလဲဆိုတော့ ကလေးမ ညည်းသိမှာပါ။ ကမ္ဘာကျော် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး။ သိတယ်နော်။ အေး၊ စာရာရေးဆရာကြီး ဟဲမင်းဝေးကလည်း ပင်လယ်ပြင်ပေါ်က သူပိုင်သင်္ဘောရဲ့ ဟိုးအပေါ်ဆုံးထပ်ရဲ့ အမြင့်မှာ ပင်လယ်ပြင်ကို ကြည့်ပြီး မတ်တတ်ရပ် ရေးတာရယ်။ ထူးခြားတဲ့ တိုက်ဆိုင်မှုလေးနော် ကလေးမ။
 
ဘယ့်နှယ်လဲ၊ တောင်သမန်လထွက်ချိန်ဟာ ညည်းကို ဖမ်းစားထားပြီ မဟုတ်လား။ ခံစားစမ်း။ ညည်းတို့ မောင်နှမ အပြည့်အ၀ ခံစားစမ်း။ အဲ၊ ဟေ့ ကလေးမ တို့တတွေ တောင်သမန် လထွက်ချိန်ကို မခံစားတတ်ခင် အရင်ခံစားနေတဲ့သူ၊ ခုလည်း ညတိုင်းခံစားနေတဲ့သူ တယောက်ရှိတယ်အေ့။ သိလား။ ဘယ်သူမှတ်လဲ။ ဟော ဟောဒီက ဆရာတော် ကိုပညာ။ အင်မတန် နှလုံးသားနူးညံ့သိမ်မွေ့တော်မူတဲ့ ကိုပညာ (အမရပူရ) ဆိုတဲ့ စာရေးဆရာကြီးပေါ့။ ဟုတ်တယ် နော် ဆရာတော်။
 
ဒီမယ်အေ့ ကလေးမရဲ့။ ကိုပညာဆရာတော်ကို ငါ သိပ်ချစ်တယ်။ ညီအစ်ကိုရင်းလိုကို ချစ်တာ။ သူကလည်း စာရေးဆရာ၊ ကဗျာဆရာ။ အို.... ၊ အနုပညာသမားဆို အားလုံးကို ချစ်နေတာပဲနော်။ တောင်သမန်အခြေက တောင်လေးလုံးကျောင်းတိုက်ဆိုတာ အနုပညာသမားတို့ရဲ့ ၀ိဟာရလေးရယ်။ နော် ကလေးမ။ ညည်းတို့လည်း ဆရာတော်ကို ချစ်တာပဲ။ ဟုတ်တယ်မဟုတ်လား။ ဟား ဟုတ်တာပေါ့။ ဆရာတော်က ညည်း အစ်ကိုတော်ပဲ။ ဒီမယ်ကလေးမ ဆရာတော်ရဲ့ နှမအငယ်ဆုံးလေးက ညည်းနဲ့ အရွယ်ချင်း မတိမ်းမယိမ်းရယ်။ ဆရာတော်က သူ့နှမလေး ရုတ်တရက် ဆုံးရှာတော့ သိပ်စိတ်ထိခိုက်ရှာတာ။ အဲဒါ ညည်းနဲ့ သိကျွမ်းခင်မင်တော့ ၀မ်းသာအားရ ပြောရှာတယ်။ ကျုပ်နှမလေး အစားပြန်ရသလိုပဲတဲ့ဗျာ။ ညည်းက စာရေးဆရာဆိုတော့ သူ့မှာ သံယောဇဉ်တွေကို ပိုကြီးလို့။ သူ့နှမအငယ်ဆုံး စာရေးဆရာမလေးပေါ့။
 
ဟား ဟား ဘာတဲ့၊ ညည်းယောက်ျားကတော့ ဘုန်းကြီးယောက်ဖတဲ့။ ဟုတ်လား ဆရာတော်။ ဟား ဟား ပြုံးပြီး ကျေနပ်နေတယ် ဟုတ်လား။ အင်း ပျော်တယ်နော်။ ဟေ့ ကလေးမ ညည်းတို့လည်း ပျော်တယ်နော်။ ဆရာတော် တပည့်တော်တို့ ဟောဒီ တံတားအဆုံးအထိ လျှောက်ကြမယ်နော်။ လရောင်အောက်မှာ စကားတွေ ပြောပြီးတော့။ ဟေ့ ကလေးမ ညည်းလျှောက်နိုင်တယ်မဟုတ်လားဟင်။ အေး မလျှောက်နိုင်လည်း ညည်းမောင်တော် ထမ်းခိုင်း အေ။ ဘယ့်နှယ်လဲ ကလေးမ။ ထမ်းခိုင်းရဲပါ့မလား။ ဟင်၊ ဟုတ်လား။ ထမ်းခိုင်းရဲသလား။ သြော်.... ၊ ညည်းကလည်း ငါ့ကို နောက်နေပြန်ပြီအေ။ ကလေးမ၊ ဒီမှာကလေးမ၊ ဦးပြောမယ်။ ဟော ညည်းရယ်ပြန်ပြီ။
ဘာလဲ။ သြော်... ညည်းက ကလေးမဆိုတာကို ရယ်နေတာကိုး။ မရယ်နဲ့ ညည်း။ နားထောင်ကလေးမ။ ငါ မိန်းကလေးတိုင်းကို ခေါ်တာမဟုတ်ဘူး။ အဲ ငါ အင်မတန် ရင်းနှီးချစ်ခင်ပြီး သွေးရင်းသားရင်း၊ တူမရင်း၊ ညီမရင်းလို မိန်းကလေးမျိုးကိုမှ ငါ ခေါ်တာ။ ကြားလား ကလေးမ။
 
ညည်းကို တို့က ကိုယ့်တူမလေးလို၊ ရဲဘော်ရဲဘက်လို၊ မိတ်ဆွေသူငယ်ချင်းလို သဘောထားပြီး ငါတို့က သိတ်ချစ်တာ။ အေး ဒါပေမယ့် ညည်း စိတ်ကောက်ချင်ကောက်။ ဟောဒီလူ ညည်းမောင်တော်ကိုတော့ ငါက ညည်းထက် ပိုချစ်တယ်ဗျ သိလား။ ဟေ့လူ ဒီမယ် ကျုပ်က ကိန်းကြီးခန်းကြီး နိုင်တဲ့သူဆို သိပ်စိတ်ပျက်တာဗျ သိလား။ ခင်ဗျားကို ကျုပ်က သိတ်ခင်တာ။
ဒါပေမယ့် ဟေ့လူ ကျုပ်တခုတော့ပြောမယ်။ ခင်ဗျား ကြင်ယာတော်ကြီးတော့ မဖြစ်စေနဲ့နော်။ ဘုရင်မရဲ့ ကြင်ယာတော်ကြီး ဘယ်တော့မှ မဖြစ်စေနဲ့ ကိုယ့်လူ။ ကျုပ်က ခင်လို့ပြောတာ။ ပြီးတော့ ဟေ့လူ ဒီကောင်မလေးကို ခင်ဗျား အလိုမလိုက်နဲ့နော်။ ဘေးကနေ ကောင်းကောင်းထိန်းပေး ကြားလား။ ကလေးမက စတက်ဘွန်းလေးဗျ။ ခေါင်းမာတယ်။ မှန်တယ်ထင်ရင် ကြက်ခေါင်းဆိတ်မခံ တကတဲ။ ဟဲ ဟဲ သူ့ကို ကျုပ်တို့က သူ့ကွယ်ရာမှာ နာမည်ပေးထားတယ်ဗျ။ တိုက်ကြက်မတဲ့။ အရွယ်ရောက်ပြီး ခွပ်လက်ခွပ်သွေး စုံနေတဲ့ တိုက်ကြက်မလေးတွေကို ခင်ဗျား မြင်ဖူးတယ် မဟုတ်လား။
 
ခေါင်းကလေးမော့မော့၊ ရင်အုပ်ကလေးတချီချီ၊ မျက်လုံးကလေးတွေက နီရဲပြီး တောင်ပံတဖျန်းဖျန်း ခတ်လို့ သူ တိုက်ပွဲအတွက် အဆင်သင့်ပြင်၊ ဖျတ်လတ်တက်ကြွနေတဲ့ တိုက်ကြက်မကလေးတွေလေ။ ဟေ့ ကလေးမ ညည်း အဲဒီနာမည်ကို သဘောကျရဲ့လား။ တကယ်ပါအေ ကလေးမ ဟောဒီလူကို ငါ တကယ်ခင်တာ။ ညည်း လင်ကောင်းသားကောင်း ရတယ်နော၊ ကလေးမ သိလား။ ညည်းက မရယ်ပါနဲ့အေ့။ ဘာလဲ ညည်းနဲ့ ညည်းလေးလေးကြီးနဲ့ နှစ်ယောက်ပေါင်းပြီး ငါ့ကို ရယ်နေကြတာပေါ့ ဟုတ်လား။ ဒီမှာ ကလေးမ ငါ့ကို မူးနေတယ်လို့ ညည်း ထင်မနေနဲ့နော်။ ငါသောက်တာ နည်းနည်းလေး။ နှစ်ပိုင့်ထဲရယ်။ 

ညည်းလေးလေးကြီး သိတယ်။ အလကား၊ ညည်းလေးလေး ကဗျာဆရာကြီးက တခါမှ လျှာပေါ်မှာ အရက်ကို တစက်တောင် တင်ဖူးတာ မဟုတ်ဘူး။ ဟေ့ သူငယ်ချင်း ဒီမှာ ယောက်ျားဆိုတာ ယောက်ျားအလုပ် အစုံလုပ်တတ်ရတယ်ကွ။ ဒါမှ ယောက်ျားပီသတာ။ ယောက်ျားပီသခြင်းဆိုတာ....။
'အေးပါကွာ အေးပါကွာ။ မင်း ယောက်ျားပီသတော် မူပါတယ်ကွာ။ မင်းမိန့်ခွန်းကို မင်းဘာသာ ဆက်ခြွေတော်မူပါ။ ကဲ ကလေးမရေ နားထောင်လိုက်။ ကြင်ယာတော်ကြီးရေ လာဟေ့ သီချင်းဆိုရအောင်'
'လုပ်လိုက်လေ။ ဘာလဲ ဟိုဟာလေးလား။ မမလေးကိုနော်ဗျာ မောင်ကခိုးမယ်လို့'
 
'ဟုတ်ပါ့မောင်ရာ ဟုတ်ပါ့။ လာပြီလူလေးရေ'
'..... မမလေးကိုနော်ဗျာ... မောင်ကခိုးမယ်လို့... လူဆိုးတွေနဲ့ မောင်တိုင်ပင်... မြို့အ၀င်... ညောင်ပင်ကြီးမှာ .... မြင်းကိုယ်စီပြင်။ လထွက်ကလေးရယ်တဲ့.... မြင်းပေါ်တင်... လ၀င်ရင် မန်းတောင်ရောက် အောင်... လလေး ၀င်ရင်နော်ဗျာ မန်းတောင်ရောက်အောင်... မြင်းငေါက်လို့နှင်...'
 
'ကောင်းတယ်ဟေ့ ကောင်းတယ်'
သြော် ဆရာတော်ကလည်း သဘောကျ၊ ကောင်းတယ်တဲ့။ အင်း 'လထွက်ကလေးရယ်တဲ့ မြင်းပေါ်တင်၊ လထွက်ကလေးရယ်တဲ့ မြင်းပေါ်တင်' ဘယ်လောက် လိုက်ဖက် လှပတဲ့ စကားလေးလဲ။ ဟင်ကလေးမ ညည်းရော သဘော မကျဘူးလား။ ဒီမှာ ဆရာတော်၊ တပည့်တော်လည်း မမလေး တယောက်လောက်ကို ဟောဒီလို လထွက်ကလေးမှာ မြင်းပေါ်တင်ပြီး ခိုးပြေးကြည့်ချင်တယ်။ ဒါပေမယ့် တပည့်တော်မှာ မမလေး မရှိဘူးဘုရား။ တယောက်ဆို တယောက်မှ မရှိဘူးဘုရား။ ဆရာတော်ဘုရား တပည့်တော်ကို မသနားတော့ဘူး လားဟင်။
 
'အိုး မရှိတော့ ဘာဖြစ်တုံး။ အသက်ကြီးပြီ ဆံပင်ဖြူပြီ။ ကိုယ့်ဟာကိုယ် ကဗျာပဲရေး'
ရက်စက်လိုက်တာ ဆရာတော်ဘုရားရယ်။ သွားပါပြီ၊ သွားပါပြီ။ တပည့်တော် အသက်ကြီးတာ မဟုတ်ဘူးဘုရား သိရဲ့လား။ အသက်နဲ့ မမျှအောင် ရင့်ရော်ခြင်း ဒဏ်ကို ခံရတာ။ ဒဏ်ရာ ဒဏ်ချက်တွေရဲ့ ရိုက်ပုတ် ထုထောင်းမှုကြောင့် တပည့်တော် ဒီလို ဖြစ်ရတာ။ တပည့်တော် အသက်မကြီးသေးဘူး။ ကလေးမ ညည်း လေးလေး အသက်မကြီးသေးပါဘူးအေ့။
 
'ဟုတ်တယ်ဟေ့ တိုက်ကြက်မ။ ငါ့သူငယ်ချင်း အသက်မကြီးသေးဘူး။ အသက်မကြီးသေးပေါင် မောင် ရယ် ထန်းရွက်ပုတီးလေး ဆွဲဖို့ ရွှေစာရံကို အရောက်သွားမယ်'
'... ဟေ့ ... အဖော်တွေ ... ပျော်ပျော်ပါးပါး... မော်တော်ကားနဲ့ရယ်.... လိုက်ခဲ့တော့ အကုန်လုံး ဖုန်တွေ မွန်ရင်ကွယ်.... လက်ကိုင်ပုဝါ.. ခေါင်းစည်းလေးနဲ့ တမျိုးလှလို့ ခန့်ညားတယ်.....'
'အသက်မကြီးသေးပေါင် မောင်ရယ်'
 
အသက်မကြီးသေးပေါင် မောင်ရယ်။ ဘာတဲ့၊ ဟေ့လူ ကျုပ်ဆိုချင်တယ်။ အင်း ထန်းရွက်ပုတီးလေးဆွဲဖို့၊ ထန်းရွက်ပုတီးလေးဆွဲဖို့၊ သိတ်ချစ်စရာကောင်းတဲ့ ထန်းရွက်ပုတီးလေးတွေ၊ ကလေးမ ညည်းငယ်ငယ်တုန်းက ဆွဲဖူးတယ် မဟုတ်လား။ ရောင်စုံလေးတွေလေ။ အဲဒါလေးတွေဆွဲဖို့ တို့တူဝရီးတတွေ၊ ဟေ့လူ ဘာ၊ ရွှေစာရံကို အရောက်သွားမယ်။ ပြီးတော့ ကျန်သေးလားဟ။ ဟေ့ လူတွေရ လုပ်ပါဦး၊ ဆိုစမ်းပါဦး။
 
'အို လာစမ်းကွာ။ ကဲ အစ်ကိုရေ ပွဲတောင်းနေပြီ။ ဟေ့ လုံမငယ် ဖော်တသင်း ရေချိုး ရေခပ်ဆင်းကြတယ်။ ကျွဲနဖားတောင်အောက် ဒုဌ၀တီရစ်ခွေပတ်လည် ဟေ့ ဟိုမှာကွ ကျွဲနဖားတောင်က လရောင်အောက်မှာ'
ကြည့်စမ်း ဘယ်လောက်လှသလဲ။ ကလေးမ ကြည့် ဟိုမှာ။ ဟုတ်တယ်နော် ဆရာတော်၊ အဲဒီ ကျွဲနဖားတောင်ကို ဒုဌ၀တီမြစ်ကြီးက ရစ်ခွေပတ်လည် စီးဆင်းနေသတဲ့။ သိတ်ကောင်းတဲ့ သီချင်း။

ပီးတော့ ဘာတဲ့ လုပ်ပါဟ ဆိုစမ်းပါဦး။
'ဟင်း စကားလုံးမလှ လိုက်တာနော်။ ဟေ့ကောင် ငြိမ်ငြိမ် နားထောင်ကွာ။ ဘာသာမပြန်နဲ့။ ကဲ အတောလေး လုပ်စမ်းပါဦး ကိုကိုရယ်။ xxx ဒုဌ၀တီရစ်ခွေပတ်လည် xxx အင်းxx မြစ်ကမ်းသာဝယ် ရွှင်လန်းဖြာတယ် အဲဒီအတက် ဈေးနားဝယ် ထန်းရွက်ပုတီလေး xx ဆေးအလှ xxx ရောင်စုံခြယ် xxx အိမ်အပြန် လက်ဆောင်ပေးပါရစေxxx ကလေးနှမရယ်တဲ့ အမြတ်တနိုး ဆင်မယ် xx မောင်ရယ် ကျွန်မ အသက်ငယ်သေး တယ်'
အေး ဟုတ်တယ်။ ဆရာတော်ရယ်၊ တပည့်တော် အသက်ငယ်သေးတယ်။ နုပျိုသစ်လွင် တက်ကြွတဲ့ ကဗျာများစွာကို စပ်ဦးမယ်။ ဟား ဟား စပ်မယ်နော် ဆရာတော်။ ပျော်တယ်နော် ဆရာတော်။ ဟေ့ ကလေးမ ပျော်တယ်မဟုတ်လား။ အေး ပျော်တယ် ဟုတ်ပြီ။ ဟေ့လူ ခင်ဗျားရော ပျော်တယ်နော်။ သူငယ်ချင်း မင်းရော ပျော်တယ်နော်။ အေး ငါ့ သူငယ်ချင်းကြီးက အမြဲတမ်း ပျော်နေတာဟ ကလေးမရ။ အဲဗားဂျော်လီ နဲဗားဆောရီး။
 
ဟေ့ ကလေးမ ညည်းတခု စဉ်းစားစမ်း။ တို့ ဒီလထွက် ညလေးဟာ ပျော်စရာ၊ ကြည်နူးစရာ၊ ချမ်းမြေ့စရာ ကောင်းသလို၊ လွမ်းစရာလည်း ကောင်းမနေဘူးလားဟင်။ ကောင်းတယ်နော ညည်းတို့တော့ မသိဘူး။ ငါတော့ ခံစားနေရတယ်။ တကယ် ခံစားနေရတယ်။
 
ခံစားတတ်တဲ့ နှလုံးသားဆိုတာ လူတိုင်းမှာမရှိဘူးနော။ အင်း အနုပညာသမားကို နားလည်နိုင်တဲ့ နှလုံးသားပိုင်ရှင်ဆိုတာလည်း သိပ်ကိုရှားတယ် ကလေးမရေ။ ကဗျာကို နားလည်နိုင်တဲ့၊ ကဗျာကို ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်မျိုးလေးဟာ ဘယ်လိုဟာမျိုးလေးပါလိမ့်ဆိုတာ ငါ သိပ်သိချင်တာပဲ။ ဟေ့ ကလေးမ စွန့်ပယ်ခြင်းရဲ့ဒဏ်၊ အထီးကျန်မှုရဲ့ဒဏ်၊ ငြင်းပယ်ခြင်းရဲ့ဒဏ် အဲဒါတွေရဲ့ ခါးသီးမှုဒဏ်ကို ညည်းခံစားဖူးသလား ဟင်။ သိတ် နာကြည်း ကြေကွဲဖို့ ကောင်းတာရယ်။ ကလေးမ၊ 

တကယ် ညည်း ကြားဖူးမှာပါ။ ပန်းချီဆရာကြီး ဗန်ဂိုး။
ကနေ့ ဗန်ဂိုးရဲ့ပန်းချီကား တကားကို ပိုင်တဲ့လူဟာ သန်းကြွယ်သူဌေးလို့ ပြောခံရတဲ့အချိန်။ အေး ဗန်ဂိုး သက်ရှိထင်ရှားရှိစဉ်တုန်းကတော့ ဗန်ဂိုးဟာ ပန်းချီကားကလေး တကားကိုတောင် အနိုင်နိုင် ရောင်းခဲ့ရပြီး ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ လူတွေရဲ့ စွန့်ပယ်မှု၊ ငြင်းပယ်မှုဒဏ်တွေကို အများကြီး ခံခဲ့ရရှာတာ။ 

ဘယ်လောက်များ ခံခဲ့ရသတုန်းဆိုရင် ဗန်ဂိုးရဲ့ မေတ္တာကို မိန်းမပျက်ကလေးကတောင်မှ မတုံ့ပြန်နိုင်ရုံမက ဖိုးတာအိုကြီးရယ် ရှင့်ရဲ့ ကြီးမားလှတဲ့ နားရွက်ကြီးတွေကို ဖြတ်တောက်ပြီး လက်ဆောင်ပေးပါလားလို့ နောက်ပြောင်ပြောလိုက်တာကို အထီးကျန်မှုဒဏ် မခံနိုင်လွန်းတဲ့ ဗန်ဂိုးဟာ အဟုတ်ကြီးမှတ်ပြီး ချစ်သူမိန်းမပျက် လေးဆီ သူ့နားရွက်ကို ဖြတ်ပြီး ပို့ခဲ့ရှာတယ်။ 

ဘယ်လောက်ရင်နင့်စရာကောင်းလဲဟင် ကလေးမ။ ညည်းခံစားလို့ ရမှာပါ။
ကလေးမရေ ဟောဒီက လရောင်နဲ့ တလက်လက်တောက်ပနေတဲ့ အင်းရေပြင်ကြီးကို ကြည့်ပြီး သတိရသေးတော့တယ်။ ဗန်ဂိုးလောက်မဟုတ်ပေမယ့် ဟောဒီလို ရေပြင်ကြီးကို ကြည့်ရင်း အထီးကျန်မှုဒဏ်ကို ဆယ်နှစ်တော်တော်များ ငါ ခံစားရဖူးတယ်အေ့ သိလား။ ပြီးတော့ စွန့်ပယ်မှုရဲ့ဒဏ်၊ ငြင်းပယ်မှုရဲ့ဒဏ်၊ ကလေးမရေ အဲဒီဒဏ်ရာ ဒဏ်ချက်တွေ များစွာထဲမှာ မိန်းကလေးတယောက်ရဲ့ ငြင်းပယ်မှုဒဏ်ကိုလည်း ငါ အလူးအလဲ ခံစားဖူးတယ်နော။ ညည်းမရယ်နဲ့။ 

အလူးအလဲဆိုလို့လည်း ညည်း ငါ့ကို အထင်မသေးနဲ့ဦး။ ငါအလူးအလဲဖြစ်လောက်အောင်လည်း ငါ့အဖြစ်က ထူးခြားတယ်ရယ်။ ကလေးမ ညည်း ၀တ္ထုဖြစ်လောက် တယ်နော။ တကယ် ပြောတာရယ်။
ငါးဆယ့်ခုနှစ်၊ ငါးဆယ်ရှစ်။ ရေဇလာ ရွှေကြာ ဝေဆာ မွှေးသပ။ ရွှေညာကျေးက မန်းတက္ကသိုလ်ကို တက္ကသိုလ် ကျောင်းတော်သားကြီးတယောက် အနေနဲ့ ငါ စရောက်တဲ့ နှစ်ပေါ့အေ။ နေဦး ကလေးမ ငါးဆယ်ခုနှစ်နှစ်ဟာ ညည်းမွေးတဲ့နှစ်နော်။ အင်းကလေးမရေ နောင် ဆယ့်ခြောက်နှစ်၊ ဆယ်ခုနှစ်နှစ် ရှိမှ ညည်းတွေ့ရမယ့် မန်းတက္ကသိုလ်ဟာ အဲဒီတုန်းကတည်းက သိပ်ကို လှတာ။ တမာ စိမ်းဝါ၀ါ၊ လယ်ကွင်း စိမ်းဝါ၀ါ၊ နီလွင်တဲ့ ရေအလျဉ် တသွင်သွင်စီးဆင်းနေတဲ့ ရေနီမြောင်း ညည်းလည်း သိပါတယ်။
တချို့က မန်းတက္ကသိုလ်ဟာ ခြောက်သွေ့သတဲ့။ ခြောက်သွေ့တဲ့အလှကို သူတို့ မခံစားတတ်လို့ပါ။ ငါ့အဖို့ကတော့ ရှမ်းရိုးမတောင်ရိပ်ပြာပြာအောက်က မန်းတက္ကသိုလ်ရဲ့ ခြောက်သွေ့တဲ့ အလှတွေဟာ အင်မတန် ဖမ်းစားတာပဲ။ အင်မတန် ရင်ခုန်စေတာပဲ။ ငါ ကဗျာတွေ အများကြီး ရေးဖြစ်ခဲ့တာပေါ့ အေ။
 
အဲဒီလိုပဲ မန်းတက္ကသိုလ်ရဲ့ တမာပွင့်ဝါ၀ါလေးတွေလိုပဲ နွဲ့တဲ့၊ လှတဲ့၊ ရင်ခုန်စရာကောင်းတဲ့ ကောင်မလေးတယောက်ကို ငါ သွားတွေ့တယ်အေ့ ကလေးမ သိလား။ အင်း အသားလေး ညိုစိမ့်စိမ့်ဆိုတော့ ခြောက်သွေ့တဲ့ အလှလို့လဲ ပြောမယ်ဆိုရင် ပြောနိုင်တာပေါ့လေ။ ဒါပေမယ့် ခြောက်သွေ့တဲ့အလှဟာ အင်မတန် ရင်ခုန်စေတာလား။ သူ့နာမည်က နှင်းတဲ့။ မခင်နှင်းတဲ့။ သူက နေ့ကျောင်းသူ။ မန္တလေးမြို့ထဲကနေ တက်တာ။ မှတ်မှတ်ရရ သူတို့အိမ်ရှေ့မှာ ဗာဒံပင်ပုပု ၀ိုင်းဝိုင်းလေးနှစ်ပင် ရှိတယ်။
 
ငါက အဆောင်နေတဲ့သူဆိုတော့ ညနေ၊ ညနေဘက်ကျရင် စက်ဘီးတစီးနဲ့ သူတို့အိမ်ရှေ့ကို သွား သွားပြီး ကြည့်တယ်။ သူငယ်ချင်းတယောက်က ငါ့ကို စက်ဘီးနဲ့ ရှေ့ကတင်နင်း။ ငါက နဂါးဆေးလိပ်လေး တဖွာဖွာနဲ့။ သူတို့ အိမ်နားရောက်တာနဲ့ သူ့ကို မမြင်ရသေးဘူး။ ဗါဒံပင်လေးနှစ်ပင်မြင်တာနဲ့ ရင်တွေခုန်ပြီး ကတုန်ကရင်ဖြစ်လာတာပဲ။ နဂါးဆေးပေါ့လိပ်ကို ခဲပြီး တအားဖွာပစ်မိတော့တာပဲ။ အဲဒီမှာ ငါ့ကို စက်ဘီးတင်နင်း ရတဲ့ ငါ့သူငယ်ချင်းက ဘယ်လို စ,သလဲဆိုတော့ ဟေ့ကောင် လက်စသတ်တော့ မင်း ဟိုကဗျာက စက်ဘီးကို မြင်းမှတ်၊ နဂါးဆေးပေါ့လိပ်ကို ဓားမှတ်ပြီး စပ်တာကိုးကွတဲ့။ ဒီိလိုအေ့ ကလေးမရဲ့။ ငါစပ်ထားတဲ့ ကဗျာလေးတပုဒ်ရှိတယ်။ ရှေးယခင်က မန္တလေးနန်းမြို့တော်သူလေးကို နောက်ပိုးသွားတဲ့ လုလင်ပျိုဟာ မြင်းကြီး စီးပြီး လက်ထဲမှာလည်း ဓားတ၀င့်ဝင့်နဲ့ နေမှာပေါ့လို့ဆိုပြီး စပ်ထားတဲ့ ကဗျာက ရှိတာကိုး။ သြော် လွမ်းမိပါတယ်အေ။ အဲဒီသူငယ်ချင်း ဆုံးသွားရှာပြီ။ ကဗျာစပ်လည်း တော်တယ်။ ယုံကြည်ချက်ကလည်း သိပ်ပြင်းထန်တဲ့ သူငယ်ချင်း။
 
ကဲ ထားပါလေ။ ကလေးမ ငါ့ဇာတ်လမ်းလေးကို ပြန်ဆက်ကြစို့။ ငါက မခင်နှင်းကို လိုက်သာ ကြည့်ပြီးတော့သာ သဘောကျနေတာ။ တနှစ်သာကျော်ရော စကားလည်း တခါမှ လိုက်မပြောဖူးဘူး။ စာလည်း တစောင်မှ မပေးဖူးဘူးရယ်။ ဒါပေမယ့် သူကတော့ ငါ့ကို သိတာပေါ့။ ငါ သူ့ကို သဘောကျနေမိတယ်။ ချစ်နေမိတယ်။ ငါသူ့ကို သဘောကျနေမိတယ်၊ ချစ်နေမိတယ်။ သူ့နောက်လိုက်ကြည့်နေတယ် ဆိုတာကိုတော့ သူသိတာပေါ့။ ဘာတဲ့ မိန်းကလေးတို့ရဲ့ အလိုလို သိစိတ်နဲ့ပေါ့အေ။ ညည်း နားလည်တယ် မဟုတ်လား။
 
ငါက သူ့ကို စာမပေးချင်ဘူးအေ့ ကလေးမ သိလား။ ကဗျာပေးချင်တာ။ ရည်းစားစာ မပေးချင်ဘူး။ ကဗျာစာအုပ် ပေးချင်တာ။ ငါ့ရဲ့အချစ်ကို ကဗျာတွေကနေတဆင့် သူ နားလည်စေချင်တာ။ ငါ အစိုးရိမ် အပူပန်ဆုံးက သူ ကဗျာကို ချစ်တတ်ရဲ့လား၊ ကဗျာကို မြတ်နိုးတဲ့ စိတ်ကလေး ရှိရဲ့လား ဆိုတာကိုပဲ။ ကဗျာဆရာရဲ့ ချစ်သူဟာ ကဗျာကို ချစ်မှ။ ကဗျာကို မြတ်နိုးမှ ကဗျာဆရာကို နားလည်မှာရယ်။ ဒါ အရေးကြီးဆုံးပဲ။ ဟုတ်တယ်နော်။ ကလေးမ ဟုတ်တယ် မဟုတ်လား။ အေး ဒီတော့ကာ သူ့ကို ငါ ရည်းစားစာမပေးဘူး။ ရည်းစားစကား လိုက်မပြောဘူး။
 
ဒီလိုနဲ့ ထောင့်ကိုးရာနဲ့ ခြောက်ဆယ် ခုနှစ်မှာ ( ညည်း သုံးနှစ်သမီးပေါ့နော်) ငါ့ရဲ့ ပထမဦးဆုံး ကဗျာစာအုပ်လေးထုတ်တယ်။ ကိုယ့်ရဲ့ ကဗျာလေးတွေကို တစုတစည်းတည်း ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခွင့် ရတဲ့ စာအုပ်လေးပေါ့အေ။ ကဗျာစာအုပ်လေးကို တစိမ့်စိမ့်ကြည့်ပြီးရင်း ကြည့်။ ကြည့်လို့ကို မ၀ဘူး။ ဘယ့်နှယ်လဲ ညည်းခံစားဖူးမှာပေါ့နော်။ ညည်း ပထမဆုံးလုံးချင်းဝတ္ထုလေးတုန်းကလည်း ဒီလိုပဲ မဟုတ်လား။ အဲဒီ အရသာက တမျိုးရယ်၊ နော ကလေးမ။ ခံစားဖူးမှ သိတာရယ်။ အင်း အဲဒီတင် ကဗျာစာအုပ်လေးကို ကြည့်ပြီး ငါ ဘာအကြံပေါက်လာသလဲ ဆိုတော့ ၊ ဟာ ဟုတ်ပြီ၊ ငါ စာအုပ်ကို သူ့ သွားပေးမယ်။ မခင်နှင်းလက်ထဲ ငါ့လက်နဲ့ ကိုယ်တိုင်ပေးမယ်။
စာအုပ်ရဲ့ ပထမစာမျက်နှာမှာ ချစ်တဲ့မခင်နှင်းသို့ ဆိုတာလေးပဲ ရေးထည့်လိုက်ပြီး ငါ့လက်မှတ် ထိုးလိုက်မယ်ပေါ့။ တကယ်ပဲ သိတ်ပျော်သွားတယ်အေ ကလေးမသိလား။ တကတဲ ဘာပြောကောင်းမလဲ။ 

ကဗျာစာအုပ်တွေထဲက အသပ်ရပ်ဆုံး၊ အပြန့်ပြူးဆုံး၊ အကောင်းဆုံးလို့ ထင်ရတဲ့ စာအုပ်လေးကို သေချာရွေး၊ စာလုံးအကျအပေါက်တွေ ပါမှာစိုးလို့ တညလုံးပဲ လိုက်စစ်ဆေးကြည့်ရသေးတယ်။ စိတ်တိုင်းကျပြီ ဆိုတော့မှ စာရေး၊ ဆိုင်းထိုးပြီး မခင်နှင်းကျောင်းအပြန်မှာ ငါလိုက်ပေးတယ်။ ပေးတဲ့နေရာက ဘယ်နေရာလဲ သိလား ကလေးမ။ တို့ ကျောင်းဝင်းထဲက မြို့ထဲပြေးတဲ့ ဘတ်စ်ကားဂိတ် ကုက္ကိုပင်ကြီးအောက်က ထိုင်ခုံလေးမှာ။ စက်ဘီးပြင်ဆိုင်လေးလည်း ရှိတယ်။ သိတယ်မဟုတ်လား။ အေး သိပါတယ်။ အဲဒီနေရာလေးဟာ မန်းတက္ကသိုလ်က ချစ်သူပေါင်းမြောက်မြားစွာရဲ့ ဇာတ်လမ်းအစနဲ့ အဆုံးများစွာတို့ ဖြစ်ပျက်ခဲ့တဲ့ နေရာလေးပဲ အေ။ ဘယ့်နှယ့်လဲ ညည်းတို့ရော အဲဒီနေရာလေးမှာ အမှတ်တရလေးတွေ ရှိသေးလား။ ဟား ဟား သိပ်ရှိတာပေါ့ ဟုတ်လား။ ရှိရမှာပေါ့ ကလေးမရယ် ရှိရမှာပေါ့။
 
အေး နေဦး ပြောဦးမယ်။ အဲဒီနေ့က မခင်နှင်းဝတ်ထားတာ အပြာရောင်အေ့ ကလေးမ။ ငါ ကောင်းကောင်းမှတ်မိတယ်။ အပြာနုနုလေး။ မျက်စိအေးတဲ့အရောင်။ ကြည်နူးစရာကောင်းတဲ့ အရောင်လေးပေါ့။ အဖော်တယောက်လည်း သူနဲ့ ပါတယ်။ သူတို့က စက်ဘီးပြင်ဆိုင်လေးနားက ထိုင်ခုံလေးမှာ ထိုင်ပြီး ဘတ်စ်ကား စောင့်နေကြတယ်။ ငါ အဲဒီနေ့က ဘယ်သူ့မှ အဖော်မခေါ်ဘူး။ ငါတယောက်တည်း ကဗျာစာအုပ်လေးကိုင်ပြီး သူ့နားကပ်သွားတော့ မခင်နှင်းက မျက်လုံးလေးတွေ ပြူးပြီး ငါ့ကို လှမ်းကြည့်တယ်။ ငါလည်း စိတ်သာတင်းထား ရတာ။ တကယ်တော့ သူ့နားကို အဲလောက်နီးနီး တခါမှ မနေဖူးဘူးရယ်။
 
ဒီမှာ မခင်နှင်းအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာစာအုပ်လေးဆိုပြီး ငါ သူ့ကို လှမ်းပေးလိုက်တယ်။ ရှင် တဲ့။ သူ့မျက်နှာတပြင်လုံး ရှက်သွေးဖြန်းသွားလိုက်ပုံများ အေ သနားစရာ၊ အားနာစရာတောင် ကောင်းသေးတော့။ အင်း ချစ်စရာလည်း ကောင်းတယ်အေ့ သိလား။
ကလေးမ သူကလေ ရှက်သွေးဖြန်းနေတဲ့ မျက်နှာလေးနဲ့ပဲ ငါ့ကဗျာစာအုပ်လေးကို ယူတယ် သိလား။ ပြီးတော့ စာအုပ်လေးကို ကြည့်တယ်။ ဟာ ငါဝမ်းသာလိုက်ပုံများအေ ရင်ထဲမှာ ကြည်နူးပြီး သူ့နားကနေ ငါ ပြန်လှည့်လာခဲ့တယ်။ ဟင့်အင်း ငါ ဘာအပိုတွေမှ မပြောခဲ့တော့ဘူး။ ပြောစရာမလိုတော့ဘူးလို့ ငါထင်တယ်လေ။ သေချာပါတယ် သူကလေးဟာ မုချ ကဗျာကို ချစ်တတ်၊ မြတ်နိုးတတ်တဲ့ မိန်းကလေးပါပဲလို့ ငါ စွဲမှတ်လိုက်တော့ တယ်။ အဲဒီည ငါ ကဗျာတွေ အများကြီး ရေးပစ်လိုက်မိတယ်။ စိတ်ကူးယဉ်လို့လဲ ဘယ်မဆုံးပေါ့အေ။
 
ဒါပေမယ့် ကလေးမရေ မုန်တိုင်းမလာခင် တိုက်ခတ်နေတဲ့ လေပြေလေညှင်း၊ လေနုအေးကလေး တိုက်ခတ်ချိန်က အင်မတန် တိုတောင်းပေတာပဲ။ ငါ ကျောင်းက ထွက်ရတယ်။ ငါချစ်တဲ့ အမိတက္ကသိုလ်က ငါ့ကို စွန်ပစ်လိုက်ပြီ။ စွန့်ပယ်လိုက်ပြီ။ ငါ့ကို စွဲလန်းဖမ်းစားတဲ့၊ ငါ့ကို ရင်ခုန်စေတဲ့ ရှမ်းရိုးမပြာပြာ၊ လယ်ကွင်း စိမ်းဝါ၀ါ၊ တမာစိမ်းဝါ၀ါ၊ ရေနီမြောင်း၊ ပြီးတော့ မခင်နှင်း။ သူတို့ အားလုံးကို ငါ နှုတ်ကလေးတချက်တောင် မဆက်ခဲ့ရဘူး။ ကလေးမရေ အဲဒီကစပြီး တကိုယ်တော်ခရီးကြမ်းကို စတင်ရတော့တာပဲပေါ့။ 

ငါ့လွယ်အိတ်ထဲမှာ အ၀တ်အစားတစုံရယ်၊ ငါ့ကဗျာစာအုပ်လေးရယ်၊ အမေ့ရဲ့ ပင်နီအင်္ကျီအဟောင်းလေးရယ်၊ ဒါပဲပါတယ်။ ဒီလွယ်အိတ်လေး တလုံးလွယ်ပြီး မြို့ပြပတ်ဝန်းကျင်၊ ပညာတတ် အသိုက်အ၀န်း၊ တက္ကသိုလ်အသိုက်အ၀န်း၊ ကဗျာအသိုက်အ၀န်း၊ စာအသိုက်အ၀န်းတွေနဲ့ စွန့်ခွါပြီး အထီးကျန်မှု ဝေဒနာကို ခံစားပြီးနေရတာ နည်းတဲ့နှစ်တွေလား ကလေးမရယ်။ ဆယ်နှစ်ကျော်တယ်ရယ်။
 
ဟိုးအထက်မြစ်ညာ ဝေးလံသီခေါင်လှတဲ့ တံငါရွာလေးတရွာမှာ တံငါသည်တပိုင်းဘ၀နဲ့ ငါ နေခဲ့ရတယ်။ ကလေးမ ဘာလဲ ညည်းအံ့သြသွားလား။ အင်း ဟောဒီလို ရေပြင်ကြီးပေါ်မှာ လှေကလေးတစင်းနဲ့ ငါကျင်လည်ခဲ့ဖူးတာပေါ့။ ဒါပေမယ့် ဟေ့ ကလေးမရေ၊ အဲဒီတုန်းက ကဗျာဆရာဟာ လရောင်ကို မုန်းတယ်အေ့၊ သိရဲ့လား။ ဟောဒီလို ရေပြင်မှာ လရောင်ဖြာနေရင် တံငါကဗျာဆရာ သိတ်ကိုမုန်း။ ခုချိန်မှာ တို့တတွေကသာ လရောင်နဲ့ ရေပြင်ရဲ့ အရသာကို တရှိုက်မက်မက် ခံစားနေကြတာ။ တံငါရွာက လူတွေကတော့ စိတ်ပျက်နေကြရှာရော့မယ်။ ကလေးမ ညည်း သိရဲ့လား။ လသာညဟာ ငါးမရတဲ့ ညလေ။ 
လရောင်ဖြာရင် ငါးတွေက မလာဘူးရယ်။ လရောင်လန့်နိုး၊ ငါးမတိုးလို့၊ စိတ်ဆိုးမာန်ဆိုး၊ သူ ငြင်ငြိုကာ၊ လကိုမော့ကြည့်၊ ကျိန်ဆဲမိ။ ကဗျာဆရာ၊ တံငါရွာတွင်၊ ကာလညည့်နက်၊ ၀မ်းစာခက်တော့၊ ပိုက်ကွက်တဖောင်၊ လှေဦးထောင်နဲ့၊ လရောင်မုန်းသူဖြစ်နေပေါ့တဲ့။ ငါ ကဗျာလေး စပ်ခဲ့တယ်။ ညမှာ မီးခွက်ကလေးတခွက်နဲ့ ငါ ကဗျာရေးတယ်။ နေ့မှာ တံငါအလုပ်ကို ၀ိုင်းကူ လုပ်ပေးပေါ့။ အဲဒီမှာ ကလေးမ နားထောင်၊ သူတို့တွေနဲ့ ရောနှောနေထိုင် လုပ်ကိုင်ပြီး ငါ ဘာတွေ သိလာရသလဲဆိုတော့ သူတို့ရဲ့ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ ဆိုပုံစရိုက်တွေ၊ လူနေမှုဘ၀တွေ၊ သူတို့ရဲ့ စကားလုံး၊ ဝေါဟာရ၊ သုံးပုံသုံးနည်းတွေ။ အဲဒါတွေဟာ သိတ်ကို အဖိုးတန်တာရယ်။ လူ့အလွှာတခုအကြောင်းကို ရေးတော့မယ်ဆိုရင် အဲဒီအလွှာထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ဆင်းသက်နိုင်လေ ကောင်းလေပဲနော် ကလေးမ။ ညည်း ၀တ္ထုဟာ ပိုပြီးတော့ ပီပြင်မယ်။ ပိုပြီးတော့ သဘာဝကျမယ်။ အဲဒါ ညည်းအတွက် စကားလက်ဆောင်ပေါ့နော်။ ငါ့ အကြောင်းကို ဆက်ကြဦးစို့ ဆိုရင်....။
 
အဲဒီ တံငါရွာလေးမှာ အထီးကျန်မှုဒဏ်ကို ခံစားနေရချိန်မှာ ငါ မခင်နှင်းကို သိပ်သတိရတယ်။ အမေ့ကိုလည်း သိပ်လွမ်းတယ်။ အမေ့ကိုလွမ်းရင် ငါ့ ခေါင်းအုံးအောက်က အမေ့ပင်နီအင်္ကျီဟောင်းလေးကို အလွမ်းပြေ နမ်းရှိုက်ရတယ်။ မခင်နှင်းကို သတိရရင်တော့ ကဗျာစာအုပ်လေးကို ထုတ်ထုတ်ပြီး ကြည့်ရတယ်။ သြော် သူ အခုအချိန်ဆိုရင် ငါ့ကဗျာလေးတွေကို ဖတ်ကြည့်ပြီး ပျောက်ချင်းမလှ ပျောက်သွားတဲ့ ကဗျာဆရာကို ဒေါကလေးများ ပွနေမလား။ ဒါမှမဟုတ် ပူပင်သောကများ ပွါးနေမလားပေါ့။
 
ကလေးမလေးရေ ကိုယ်လိုရာ ကိုယ်ဆွဲပြီး ကြည်နူးတဲ့အခါ ကြည်နူးရပေမယ့် သေချာစဉ်းစားမိပြန် တော့လည်း ၀မ်းနည်းရပြန်ရော သိလား။ ငါ နဲ့ ကွဲကွာနေရတဲ့ အချိန်ကာလဟာ သိပ်ကို ကြာခဲ့ပြိလေ။ ခုချိန်ဆို သူက ကျောင်းပြီးသွားလို့ ကြင်သူသက်ထားတွေ့ခဲ့ရင် ကလေးတွေ ဘာတွေတောင် ကြီးလောက်ရောပေါ့ဆိုတဲ့ အတွေးကို တွေးမိပြန်တော့ ၀မ်းနည်းတယ်အေ့ သိလား။ ဒါပေမယ့် ငါ သူ့ကို ခွင့်လွှတ်ရမှာပေါ့လို့။ ငါ့အပြစ်ပဲ။ သူ့အပြစ်မှ မဟုတ်တာလေလို့ စိတ်ကို ဖြေတွေးပေမယ့် ဘာတဲ့ ဟေ့လူ။ ခင်ဗျားတို့ ဆိုက်ကိုမှာခေါ်တဲ့ မသိစိတ်၊ အဲ မသိစိတ်က မျှော်လင့်နေသေးတယ်။ သူ ကလေးဟာ ခုချိန်ထိ ကဗျာစာအုပ်လေးတအုပ်နဲ့ ငါပြန်လာမယ့် အချိန်ကို စောင့်နေရှာရော့လေသလား။ အင်း ဒါမှမဟုတ် အိမ်ထောင်ရက်သားများ ကျနေခဲ့လို့ ရှိလျှင်လည်း ကဗျာစာအုပ်လေးကို ထုတ်ပြီး သူ့ကလေးတွေကိုများ ဖတ်ပြနေလေမလား။ ကဗျာစာအုပ်ကလေးကို ခစခဏထုတ်ကြည့်တတ်တဲ့ သူ့ကို သူ့အိမ်သားကများ မနာလိုဝန်တိုဒေါသနဲ့ ဆူပူတာ ခံနေရလေမလား။ တမြည့်မြည့်နဲ့ပေါ့။ ဒါပေမယ့် ကလေးမရေ ဒီဒဏ်လောက်ကိုတော့ ငါ ခံနိုင်ရမှာပေါ့။ ကဗျာနဲ့ ယုံကြည်ချက် အတွက်ဆို ငါ အားလုံးကို စွန့်လွှတ်နိုင်ပါတယ်။ အဆိုးဆုံး အခြေအနေတွေအတွက် ငါ အမြဲတမ်း အဆင်သင့် ပြင်ထားပါတယ်။
 
ပြီးတော့ ဟေ့ ကလေးမ ငါ ပြောပြရဦမယ်။ အထီးကျန်မှုဝေဒနာကို ကြိတ်မှိတ်ခံစာရင်း တံငါရွာလေးမှာ ငါ ၀မ်းနည်းပက်လက် ခံစားခဲ့ရတာလေး ရှိသေးတယ်။ အဲဒီမှာတုန်းက တလတခါလောက် ငါက တံငါရွာလေးနဲ့ အနီးဆုံးမြို့ကလေးကို သွားသွားပြီး ဖတ်ချင်တဲ့ စာအုပ်လေးတွေ ၀ယ်တယ်။ စာအုပ်ဆိုင်တွေက ငါ့ကို မသိကြပါဘူး။ ခေါင်းပေါင်ကြီးနဲ့၊ ပုဆိုးတိုတိုနဲ့၊ နေလောင်ထားတဲ့ အသားအရေ မွဲကြမ်းကြမ်းနဲ့ တံငါသည်ကြီးဟာ စာဖတ်ပါလား၊ အင်္ဂလိပ်စာ တတ်ပါလားဆိုတဲ့ အံ့သြမှု မျက်လုံးတွေနဲ့ အထူးအဆန်း ကြည့်ခံရတာပဲ ရှိတယ်။ 

အဲဒီမှာ တနေ့ ငါမြို့ပေါ်ကို စာအုပ်ဝယ်ဖို့အသွား ညဦးပိုင်းလေးပေါ့။ တို့ရွာနဲ့ မြို့ကလေးနဲ့က အနီးဆုံးဆိုတာတောင် နေ့ချင်းပြန်လို့ မရဘူး။ တညအိပ်ရတယ်။ အဲ အဲဒီညပိုင်းလေးမှာ မြို့ပေါ်ကလူတွေ လှုပ်လှုပ်ရှားရှား၊ စည်စည်ကားကား သွားလာနေကြတာ တွေ့ရတယ်။ ဘာလို့ဆိုတော့ ပွဲရှိတယ်တဲ့။ ပွဲ....။ ပွဲက မြန်မာပြည်တပြည်လုံး အဲဒီအချိန်မှာ ဟိုးဟိုးကျော် နာမည်ကြီးနေတဲ့ ဇာတ်ပွဲ။ ရေလမ်းပဲရှိတဲ့ ဒီမြို့လေးမှာ အင်မတန် လာခဲတဲ့ပွဲ။ ကြည့်ရခဲတဲ့ ပွဲကိုး။
ငါ ပွဲကြည့်လေ့ ကြည့်ထ မရှိပါဘူး။ ဒါပေမယ့် တံငါရွာလေးမှာ နှစ်ပေါင်းတော်တော်ကြာကြာ သီချင်း၊ ဂီတ၊ အဆိုအက ဆိုတဲ့ ဖျော်ဖြေမှုတွေနဲ့ ဝေးနေခဲ့ရတော့ ငါ အဲဒီညမှာ ပွဲသွားကြည့်တယ်။ ငါသွားတော့ ပွဲထွက်နေပါပြီ။ လူတွေရဲ့ ဟိုး နောက်ဆုံးကနေ ငါ ကုပ်ကုပ်လေးဝင်ပြီး ကြည့်လိုက်တော့ ဇာတ်က အော်ပရာကနေတယ်။ ဘာအော်ပရာလဲသိလားကလေးမ။ ငါ့ရဲ့ ကဗျာတပုဒ်ကို အော်ပရာအဖြစ် တင်ဆက်ပြနေ တာလေ။ ငါ့ရဲ့ နှလုံးသားထဲက ဇာတ်ကောင်လေးတွေ ဇာတ်ခုံပေါ်မှာ သက်ဝင်လှုပ်ရှားနေတာကို ကြည့်ပြီး ငါ့မယ် ပီတိဖြစ်လိုက်ရတာလေ။ ပရိသတ်တွေ သဘောကျနေတာ ကြည့်ပြီးတော့လည်း ရင်ထဲမှာ တလှပ်လှပ်နေအောင် ခံစားရတယ်။ အော်ပရာပြီးတော့ ငါ့နာမည်ကို ကြေညာသံ ကြားရတယ်။ ငါ့ ကဗျာကို ကျေညာသံ ကြားရတယ်။ ပရိသတ်တွေ ချီးမွမ်းသံကို ကြားရတယ်။ ပွဲခင်းရဲ့ ဟိုးနောက်ဆုံးမှာ ခေါင်းပေါင်းကြီး ပေါင်းပြီး ပြောင်းဖူးဖက် ဆေးလိပ်ကြီးနဲ့ ထိုင်နေတဲ့ တံငါသည်ကြီးတယောက်ကိုတော့ ဘယ်သူမှ သတိမပြုမိကြပါဘူး။
 
ငါလေ ငါ့မိတ်ဆွေ အော်ပရာပြဇာတ် နာမည်ကျော် ဒါရိုက်တာကြီးကိုလည်း သွားတွေ့ နှုတ်ဆက်ချင် လိုက်တာ။ စကားတွေ ပြောချင်လိုက်တာ။ ငါ့ကဗျာရဲ့ ဇာတ်ကောင်တွေကိုလည်း သွားပြီး ချီးမွမ်းကျေးဇူး တင်စကား ပြောချင်လိုက်တာ။ ဒါပေမယ့် ငါ လုပ်လို့မရဘူးလေ အေ ကလေးမရဲ့။ ၀မ်းနည်းပက်လက်နဲ့ပဲ တံငါရွာလေးကို ငါ ပြန်ခဲ့ရတယ်။ ကလေးမရေ ဒီအထီးကျန်ဘ၀ကနေ အမေရှိရာ၊ မခင်နှင်းရှိရာ၊ သူငယ်ချင်းတွေရှိရာ၊ စာတွေ ကဗျာတွေရှိရာ ငါ့ပတ်ဝန်းကျင်ကို ပြန်ရောက်တော့ ညည်း တက္ကသိုလ်ရောက်လို့ ရည်းစားတွေ ဘာတွေတောင် ထားချင်ထားနေတော့မယ်ဟုတ်လား။
ငါဟာလေ တောသားတံငါသည်ကြီး မြို့တက်လာသလိုပဲ။ သိလား ကလေးမ။ အရာရာဟာ ငါ့အတွက် အထူးအဆန်းတွေဖြစ်ပြီး လူတွေကို ငါကြောက်နေသလိုပဲ။ အဲဒီတော့ ငါ ဘာဖြစ်သလဲဆိုတော့ လူတွေကို ငါ ရှောင်တယ်။ ဒီတော့ ငါ့မှာ လူတောထဲမတိုးသလို၊ လူရာမ၀င်သလို၊ လူမှုရေးနားမလည်တဲ့ လူ့အပြင်ဘက်က လူလို့ သတ်မှတ်ခံရတယ်။ ဒါ ငါ့ အပြစ်လားအေ့ ကလေးမ ဟင်။
 
ကလေးမရေ သူငယ်ချင်းတွေဆီကနေ ငါ မခင်နှင်းသတင်းကို ကြားခဲ့ရပါတယ်။ သူ အိမ်ထောင်ကျနေ ပြီတဲ့။ ချမ်းချမ်းသာသာဖြစ်နေတယ်တဲ့။ မသိစိတ်ရဲ့ မျှော်လင့်ချက်ကြောင့် ရင်ထဲမှာတော့ ဟာကနဲ ဖြစ်တာပေါ့ အေ။ ဒါပေမယ့် တွေးပြီးသားပဲ။ သူ့အပြစ်မဟုတ်ပါဘူး။ ငါ့ အပြစ်နဲ့ငါ ဘာတတ်နိုင်မှာလဲ၊ မဟုတ်ဘူးလား။
ဟေ့ ကလေးမ နေဦး။ ညည်း ငါ့ကို မေးခွန်းတွေထုတ်ဖို့ ပါးစပ်ပြင် မနေနဲ့ဦး။ ငါ့ဇာတ်လမ်းက မပြီးသေးပါဘူး။ ညည်း နားထောင်ပါဦး။
 
တနေ့၊ ငါ ပြန်ရောက်ပြီးမှ လူတွေ သူတွေထဲကို ပထမဆုံးသွားတဲ့နေ့။ စစ်ကိုင်းတောင်၊ အနုရုဒ္ဓါချောင်က စာသမား၊ ကဗျာသမားတွေ ဆုံကြတဲ့ ကထိန်ပွဲကို ငါသွားခဲ့တယ်။ သွားတော့ အဲဒီမှာ သစ်ပင်ရိပ်ကလေး တရိပ်အောက်မှာ အပေါင်းအသင်းတွေနဲ့ စကားဝိုင်းဖွဲ့နေကြတုန်း လူငယ်လေးတယောက် ငါ့ဘေးနားကို ဖြတ်ဆို ရောက်လာတယ်။ ဆရာ ကျွန်တော် ကဗျာရေးပါတယ်တဲ့။ ဆရာ့ကဗျာတွေကို အင်မတန်ကြိုက်တဲ့သူပါတဲ့။ သူ့နာမည်လေးလည်း ပြောတယ်။ ငါက ခင်ခင်မင်မင် နှုတ်ဆက်စကား ပြန်ပြောတာပေါ့လေ။ လူငယ်လေးက ခေါင်းကလေး တညိတ်ညိတ် နားထောင်နေရာက ရုတ်တရက် သူ့လွယ်အိတ်ထဲက စာအုပ်လေးတအုပ် ထုတ်လိုက်ပြီး ငါ့ကိုပြတယ်။ ဆရာ ဒီစာအုပ်ကလေးကို မှတ်မိသလား ဆရာတဲ့။ ငါ့ရဲ့ ပထမဆုံးကဗျာစာအုပ်လေး ကို ငါ မမှတ်မိဘဲ ရှိပါ့မလား။ 

ဒါပေမယ့် သူငယ်လေးက စာအုပ်မျက်နှာဖုံးလေးကို လှန်ပြီး ပထမစာမျက်နှာလေး ကိုလည်း ဒီမှာ ကြည့်ပါဦးဆရာလို့လည်း ပြလိုက်ရော ကလေးမရေ ငါ့တကိုယ်လုံး တုန်သွားတယ်။ ငါ့ လက်ရေးနဲ့ ရေးခဲ့တဲ့ ချစ်ရတဲ့ မခင်နှင်း ဆိုတဲ့ မှုန်ဝါးဝါး စာကြောင်းလေးက ငါ့ကို လှောင်ပြောင်နေသလိုပဲ။
သူငယ်လေးကို ပြုံးကြည့်နေရင်း ဒီသူငယ်လေးက မခင်နှင်းနဲ့ ဘယ်လိုများ တော်စပ်ပါလိမ့်မလဲ။ ငါ ရှိရာအရပ်ကို ဒီသူငယ်လေးနဲ့ ဒီစာအုပ်လေးကို အရောက်ပို့လိုက် ရှာတာလားဆိုတဲ့ မတွေးသာ အတွေးတွေနဲ့ ငါ ရင်တခုလုံး ဗြောင်းဆန်နေတာပဲ။ ဒီစာအုပ်လေးကို ကျွန်တော့်အဖေဆီက ရတာဆရာဆိုတဲ့ မမျှော်လင့်တဲ့စကား ကိုလည်း ငါ ကြားလိုက်ရရောဟာ သိတ်လန့်သွားတာပဲ။ ငါ ဘယ်လို ထင်လိုက်တယ်မှတ်လဲ ကလေးမ။ မခင်နှင်းတယောက် လူ့လောကကြီးမှာ မရှိရှာတော့ဘူး။ ဒီသူငယ်လေးဟာ မဟုတ်မှလွဲရော ဆိုပြီး ငါ သိပ် တုန်လှုပ်သွားတယ်။
 
ဒါပေမယ့် ကလေးမရေ ငါ ထင်သမျှ အားလုံး လွဲခဲ့ရပါတယ်။ သူငယ်လေးက တုန်လှုပ်နေတဲ့ ငါ့ကို ဘာထပ်ပြောလိုက်တယ် ထင်သလဲ။ ဆရာ ကျွန်တော့်အဖေက အရင်တုန်းက မန္တလေးတက္ကသိုလ် ဘတ်စ်ကားဂိတ်နားက စက်ဘီးပြင်သမားကြီးပါ ဆရာတဲ့။ ကလေးမရေ စကားတွေ တတွတ်တွတ်ဆက်ပြော နေတဲ့ သူငယ်လေးကို ငါ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ အင်း ကလေးမ ညည်း ရှင်းသွားအောင် ငါပြောရမယ် ဆိုလို့ရှိရင် ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မန်းတက္ကသိုလ် ဘတ်စ်ကားဂိတ်အနီးမှာ စက်ဘီးပြင်သမားကြီး တယောက်ရှိတယ်။ တနေ့မှာ သူ့ စက်ဘီးပြင်ဆိုင်နားက ထိုင်ခုံကလေးမှာ ထိုင်နေတဲ့ ကျောင်းသူ မိန်းကလေး တယောက်ကို ကျောင်းသားလေးတယောက်က မ၀ံ့မရဲနဲ့ စာအုပ်လေးတအုပ်ပေးတာကို သူ မြင်လိုက်ရတယ်။ ကျောင်းသားလေးက ကသုတ်ကရက်နဲ့ ပြန်ထွက်သွားတာကိုလည်း သူ ကြည့်နေမိတယ်တဲ့။ အဲဒီအချိန်မှာဘဲ မြို့ထဲသွားမယ့် ဘတ်စ်ကားက ထိုးဆိုက်လာတယ်။ စာအုပ်လေးကို ကိုင်ထားတဲ့ ကျောင်းသူမိန်းကလေးဆီက ဘာတွေမှန်းလည်း မသိဘူးဆိုတဲ့ လှောင်သံလေးနဲ့အတူ စာအုပ်ကလေးက စက်ဘီးပြင်သမားကြီးရှေ့ မြေကြီးပေါ်ကို ဘုတ်ခနဲ ကျလာတယ်။ မိန်းကလေးက စာအုပ်လေးကို လွှင့်ပစ်ခဲ့ပြီး သူ့အဖော်လက်ဆွဲလို့ ဘတ်စ်ကားပေါ်ကို အပြေးလေးတက်သွားခဲ့ပြီ။ အဲဒီအခါမှာ စက်ဘီးပြင်သမားကြီးက သူမသိတဲ့ ကျောင်းသားလေးကို သနားတဲ့စိတ်နဲ့ စာအုပ်လေးကို ကောက်ယူပြီး သိမ်းထားလိုက်တယ်။ 

ကဗျာစာအုပ်လေးမှန်း သိပေမယ့် သူက ၀ါသနာမပါတော့ ဖတ်လည်းမကြည့်ဖြစ်ဘူး။ လှန်လည်း မကြည့်မိဘူး။ ဒီအတိုင်းပဲ သိမ်းထားခဲ့သတဲ့။ အဲဒီလိုနဲ့ သူ့သားလေး အရွယ်ရောက်လာတဲ့အခါမှာ ကဗျာဝါသနာပါပြီး ကဗျာဆရာဖြစ်ချင်နေတဲ့ သူ့သားလေးကို အဲဒီစာအုပ်လေး ထုတ်ပေးသတဲ့။ အဲဒီအခါမှာ သူ့သားလေးက ၀မ်းသာအားရဖြစ်ပြီး ဟိုတချိန်က သူသနားခဲ့ဖူးတဲ့ ကျောင်းသားလေးဟာ အခု သူ့သားလေး သိပ်ကြည်ညို လေးစားတဲ့ ကဗျာဆရာကြီးဖြစ်နေတာကို တွေ့ရသတဲ့။ ကဲ ကလေးမရေ မိန်းကလေးတယောက်ရဲ့ ငြင်းပယ်မှုဒဏ်ကို အလူးအလဲ ခံစားဖူးပါတယ်လို့ ငါ ဆိုလောက်ပါတယ်နော်။ ဟင် ဆရာတော် ဘယ့်နှယ်လဲ၊ တပည့်တော် သူ့အပေါ် ကဗျာကို ချစ်သူ၊ ကဗျာသမားကို ချစ်သူ သစ္စာရှင်အဖြစ်နဲ့ အထင်ကြီး၊ လေးစား၊ မြတ်နှိုး တွယ်တာခဲ့တာဟာ ထုနဲ့ထည်နဲ့၊ ကျောက်သားကျောက်ဆိုင်မှာ အမြစ်တွယ်နေသလို ခိုင်မာနေခဲ့ရတာရယ်။ အနှစ်နှစ်ဆယ်၊ အနှစ်နှစ်ဆယ်ကျော်တောင် စွဲမြဲခိုင်မာသမျှတွေ တခဏအတွင်း ကြေမွပျောက်လွင့်ခဲ့ရတာဟာ ဘယ်လောက် ခံးစားရတယ် မှတ်လဲ။ 

ဆရာတော် မချိပြုံးပြုံးရင်း တပည့်တော် တခွန်းပဲဆိုနိုင်တယ်။ သြော် သူက ကဗျာ မုန်းသူကိုးလို့။
ဟေ့ ကလေးမ ညည်း ကိုယ်ချင်းစာလို့ ရပါတယ်နော်။ ဘာ ဘာရယ်ကလေးမ။ လေးလေးတော်တော် ပြန်ပြီး တည်ဆောက်ရမှာပေါ့ ဟုတ်လား။ ဟား ဟား ဒီလောက် မဟုတ်ပါဘူးအေ။ ညည်း ငါ့ကို အထင်မသေးပါနဲ့။ တက်ကြွပြတ်သားတဲ့ စကားလုံးကာရန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာလေးတွေက ကဗျာဆရာကို အမြဲတမ်း အသက်ရှင်စေပါတယ်။ ကလေးမရေ ကဗျာမုန်းသူ၊ စာမုန်းသူတွေ နားမလည်လို့ပါ။ မင်းတုန်းဘုရင်ရဲ့ ရာဇ၀င်ဆိုတာ ဦးပုညရဲ့ ကဗျာတပုဒ်၊ စာတပုဒ် နောက်ကွယ်မှာ မှေးမှိန်ပျောက်ကွယ်ရတာပါ။ ဟုတ်တယ်မဟုတ်လား။ နော် ဆရာတော်။ ဟေ့ သူငယ်ချင်း ဟုတ်တယ်မဟုတ်လားကွ။ ဘာရယ် ဆရာတော် လေသိပ်ကြမ်းလာပြီ။ အင်း ဟုတ်တယ်၊ လေသိပ်ကြမ်းလာပြီ။ သြော် တံငါတွေ မုန်းတဲ့ လရောင်ကတော့ လှလိုက်ပါတဲ့အမျိုး။ ကလေးမ ညည်း ချမ်းနေပြီထင်တယ်၊ ဟုတ်လား။
ကဲ ပြန်ကြတာပေါ့အေ။ ဟေ့ ကလေးမရေ ဟိုးအရှေ့ဆီကို လှမ်းကြည့်လိုက်စမ်း။ အဲဒီမှာ မန္တလေး ရှိတယ်။ အင်း အဲဒီမန္တလေးရဲ့ တနေရာမှာ ကဗျာဆရာချစ်တဲ့ ကဗျာမုန်းသူတယောက် ရှိတယ်။ ဟုတ်တယ်၊ ကဗျာဆရာ မမေ့နိုင်သေးတဲ့ ကဗျာမုန်းသူတယောက်ရှိတယ်။

နုနုရည်အင်းဝ 
ရွှအမြုတေမဂ္ဂဇင်း၊ အမှတ် ၂၃၆၊ ၂၀၀၉ ဇူလိုင်မှ)
source...... မာယာ 

သူစိမ်းတွေကြားမှာ (၅) ဇာတ်သိမ်း


အို.... အသင်လောက...။ ယခု ကျွန်မကား ကျွန်မ၏ မနက်လက်ဘက်ရည်ချိန်လေးကို ပြန်လည်ရရှိပေပြီ....။
အသင်လောက....၊ ကျွန်မ၏ ကိုးရီးယားစာ သူငယ်တန်းကျောင်းသူဘ၀ ပြီးဆုံးသွား လေပြီ။
အဟောသုခံ... ချမ်းသာစွ...။ လာကြလော့.. ဒေါ်ရီသန့်တို့၊ ဒေါ်ချိုပြုံးတို့၊ ကိုသုမောင်တို့၊ စိန်မောင်ကိုကြီးတို့၊ စိန်မွတ်တားတို့၊ ဦးအံ့ကြီးတို့ရေ.. စိမ်းမြတဲ့ တောအုပ်ကလေးကို ကြည့်ရင်း လက်ဘက်ရည်တူတူ သောက်ကြရအောင်... လာကြလော့..။
မကြာမတင်မှာလဲ ကျွန်မသည် အိမ်လက်ဘက်ရည်လေးကို ချစ်တဲ့သူနဲ့ အတူ သောက်ရပေတော့မည်။
ကျွန်မ အိမ်ပြန်ရတော့မှာလေ...။
သူစိမ်းတွေကြားမှာ ကျွန်မ နေခဲ့ရှာတာ ငါးလကျော်ကြီးများတောင် ရှိခဲ့ပြီလေ။
နိုဝင်ဘာ သုံးဆယ်ရက်နေ့ဆို.... ကျွန်မ အိမ်ပြန်ရတော့မှာ...။

နောက်တလနေရင်ပေါ့...၊ တလဆိုတာ ခဏလေးပါ..၊ ခဏလေးပဲ စောင့်ရတော့မှာပါ.. လို့ အားတင်းစကား ဆိုတတ်တဲ့ ချစ်တဲ့သူ ပြောသလိုပါပဲပေါ့။
ခုဆိုရင် ဂျူမုံတို့ ရှေးဂျိုဆောင်နယ်မြေကလဲ အေးစိမ့်စ ပြုလာနေပြီ..။
စိမ်းမြတဲ့ သစ်ရွက်တွေက အရောင်ပြောင်းစ ပြုပြီ။ မကြာခင်မှာ ဆောင်းဦးရွက်ကြွေ လေးတွေကို မြင်ရတော့မယ်...။ ပြီးတော့မှ အရိုးပြိုင်းပြိုင်း သစ်ပင်တွေဘဝနဲ့ အင်မတန် အေးလှတဲ့ ဆောင်းရာသီကို ဖြတ်သန်းရရှာတော့မယ်။
 
သူတို့ ဆောင်းရာသီမှာ ဘယ်လောက်များ အေးသလဲဆိုရင် ဆိုလ်းမြို့ကို ဖြတ်သန်းစီး ဆင်းနေတဲ့ ဟန်မြစ်ဟာ ရေခဲသတဲ့။ ဟန်မြစ်ရေခဲပြင်ပေါ်မှာ လမ်းလျှောက်သွားလို့ ရသတဲ့။ အဆိုးဝါးဆုံးက 'ရေခဲလေ' ပဲတဲ့။ ရေခဲလို အေးစိမ့်နေတဲ့ လေတိုက်ထဲမှာ လှုပ်ရှားသွားလာ ရတာဟာ အဆိုးဝါးဆုံးပဲတဲ့။ အိမ်ထဲမှာလဲ အပူငွေ့ လွှတ်မထားရင်၊ Heater မရှိရင် ဘယ်လိုမှ နေလို့ မရ၊ အိပ်လို့မရအောင် အေးတာပေါ့..။ သူတို့ပြောတဲ့ ရေခဲလေကို ၁၉၉၈ ခုနှစ် အင်္ဂလန်နွေရာသီမှာ ကျွန်မခံစားဖူးခဲ့ပြီ။ ကျွန်မ ကိုယ်ချင်းစာနိုင်ပါတယ်။
 
သူတို့က ဒီ အောက်တိုဘာလ အေးစိမ့်စိမ့်ကလေးကို အင်မတန်ကြိုက်ကြတယ်။ သူတို့အတွက် မပူမအေး၊ အနေတော်လေးနဲ့၊ အဲယားကွန်းမလို၊ ဟီတာ Heater မလို။ ပိုက်ဆံလဲ ချွေတာလို့ ရတာကိုး...။ အဲယားကွန်းခ၊ ဟီတာခက ဈေးသိပ်ကြီးတယ်လေ။ သူတို့အတွက် အေးစိမ့်စိမ့်ကလေးပေမယ့် ကိုယ့်အတွက်ကတော့ တော်တော်ကလေးကို အေးစိမ့်ပါတယ်။ အပြင်ထွက်ရင် ဂွမ်းကပ် ဆွယ်တာ ထူထူနဲ့ ခြေအိတ်စွပ်၊ ခြေနင်းစီးထွက်တဲ့ ကျွန်မကို အင်္ကျီလက်ရှည် အပါးလေးတွေနဲ့ သူတို့က အထူးအဆန်း ကြည့်ကြတယ်။ ဈေးတွေ၊ စူပါမားကက်တွေ၊ မောလ် Mall တွေမှာလဲ ဖြတ်ဆို နွေရာသီသုံး ပစ္စည်းတွေ အကုန်ပျောက်ကုန်ပြီ။ ဆောင်းရာသီသုံးပစ္စည်းတွေ အကုန်ရောက်လာတော့တာပဲ။
 
နွေအ၀တ်အစားတွေ၊ ဖိနပ်တွေ၊ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူး။ အနွေးထည်တွေ..၊ လည်ပင်းစီ စကပ်ပုဝါနဲ့။ ဖိနပ်တွေကလဲ အားလုံး ထိပ်အလုံတွေနဲ့ ဝေါ့ကင်းရှူးတွေချည့်ပဲ။ ပြီးတော့ သူတို့ဆီမှာ ဈေးဝယ်ရတာ ထူးဆန်းတာ တခုက တွေ့ရင်ဝယ်ထား၊ ဈေးမများဆိုသလိုပဲ။ ပစ္စည်းတခုကို တွေ့လို့ ကြိုက်ရင် ၀ယ်ပစ်လိုက်ပေတော့...။ မဟုတ်လို့ ကတော့ နောက်နေ့မှ စဉ်းစားအုံးမယ်လေဆိုရင်တော့ နောက်နေ့မှ နောက်တခါမှာ မရှိတော့ ဘူးသာ၊ မှတ်ပေတော့။ ချီတုံချတုံ လုပ်တတ်တဲ့ ကျွန်မ ခဏခဏ ကြုံဖူးပြီ။
 
ပြီးတော့ ဈေးထဲက ဈေးဝယ်နဲ့ ဈေးသည်ဆက်ဆံရေးကိုလဲ ခဏခဏ နားမလည်နိုင် ဖြစ်ရဖူးပြီ။ ဈေးဝယ်တဲ့သူက ပစ္စည်းတခုကို အကြာကြီးရွေးနေရင် သူတို့ စိတ်မရှည်တော့ဘူး။ စိတ်တိုနေတဲ့ အမူအရာ၊ သည်းမခံတော့ဘူးဆိုတဲ့ အမူအရာကို ခပ်ရိုင်းရိုင်းပဲ ပြတတ်တယ်။ ပြီးတာနဲ့ မရောင်းတော့ဘူး ဆိုတာမျိုးလဲ လုပ်တတ်တယ်။ သူတို့ လူမျိုးအချင်းချင်းကိုရော၊ နိုင်ငံခြားသားကိုရောပဲ။
'မြောင်ဒုံ' လို့ခေါ်တဲ့ နံမည်ကျော် ဈေးအကြီးကြီးထဲမှာ မောင်ငယ် ဦးမြတ်ထွန်းအောင် (မန္တလေးယဉ်ကျေးမှုတက္ကသိုလ်၊ ပန်းချီတွဲဖက်ပါမောက္ခ) တွေ့ခဲ့တာဆို...၊ အရုပ်ရောင်းတဲ့ ဆိုင်ရှင်ယောက်ျားက ဈေးဝယ်အမျိုးသမီးတယောက် (သူတို့လူမျိုးပဲ) ကို သူ့ဆိုင်က မြေကြီး ပေါ်ပေါက်ကြည့်ရတဲ့ ပလပ်စတစ်ပျော့ ဘောလုံးအရုပ်လေးကို မပြောမဆို မြေကြီးပေါ် ပေါက်ကြည့်လိုက်တဲ့ အမှုနဲ့ 'ပါး' ကို ဖျန်းကနဲ ရိုက်ထည့်လိုက်သတဲ့။
ပြီးတော့ သူတို့တွေ (sub way) ပေါ်မှာ တယောသံစုံနောက်ခံတေးဂီတနဲ့လဲ ရန်ဖြစ်၊ နပန်းလုံးတတ်ကြတယ်။ အစိုးရ အစည်းအဝေးတွေမှာလဲ ဖိနပ်ချွတ်ပြီး ဖိနပ်နဲ့ ထပေါက်ကြ တာမျိုးလဲ ရှိတယ်။
 
ဘယ်လိုလဲ မသိပါဖူး။ တခုတော့လဲ ကျွန်မတွေးမိပါတယ်။ သူတို့တွေလဲ အာရှတိုက် သားတွေပီပီ၊ သွေးပူ၊ သွေးဆူလွယ်၊ စိတ်လှုပ်ရှားလွယ်ကြတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ဒီက 'ရွှေမြန်မာတွေ၊ (ရွှေ)တွေ' ရဲ့အခေါ် 'ကကြီးသား' တိုင်းတော့ မဟုတ်ပါဖူး။ တချို့သော 'ကကြီးသား' တွေကျတော့လဲ သူတို့ခင်မိရင် ဇွတ်ကို ခင်နေတော့တာပဲ။ ကျွန်မတို့ ကျောင်းနားက 'ဆန်ဝဲကုတ်' ဈေးကလေးထဲမှာတင်ကို ဈေးလေး အလည်တန်းက ကိုးရီးယားမိတ် ဖိနပ်တွေ ရောင်းတဲ့ 'ကကြီးသား' ဆို ကျွန်မတို့ကို 'ဖတ်စ်ကပ်ချင်းဂု' တဲ့၊ 'ပထမတန်းစာသူငယ်ချင်း' ပေါ့လေ။ 'ချင်းဂု' ဆိုတာ ကိုးရီးယားလို 'သူငယ်ချင်း' ကို ပြောတာ။ ကျွန်မတို့ သူ့ဆိုင်ရှေ့က ဖြတ်သွားတာနဲ့ 'ဟေး' ဆိုပြီး ၀မ်းသာအားရ အော်နှုတ်ဆက်တော့တာပဲ။ သူ့ဆီက ဖိနပ်ဝယ်ရင်လဲ ဈေးအမြဲလျှော့ပေးတယ်။ 
ကုန်စုံဆိုင်က 'အိုမား(အမေ)' တယောက်နဲ့ 'အိုနီး(အမ)' တယောက်လဲ အဲလိုပဲ။ သဘောကောင်းပြီး အမြဲကူညီတယ်။ ဈေးလဲ အမြဲ လျှော့ပေးတယ်။ အဲဒီကျွန်တို့ ဈေးလေးထဲမှာပဲ နဲနဲလေး ပစ္စည်းရွေးတာ ကြာတာနဲ့ 'ရှူးရှူး' 'ရှူးရှူး' ဖြစ်ပြီး စိတ်တိုမောင်းထုတ်တတ်တဲ့ သူတွေလဲ ရှိတယ်။
ကိုးရီးယားလူမျိုးတိုင်းဟာ 'ဂျွန်စော' တို့၊ 'အွန်စော' တို့၊ 'ဂျူမုံ' တို့၊ 'ဒါရိုက်တာရင်' တို့ 'ချန်ဂင်' တို့လိုတော့ မဖြစ်နိုင်ဘူးလေ။ ရုပ်ရှင်ထဲက ဘ၀တွေနဲ့ အပြင်လောက က ဘ၀တွေဟာ ထပ်တူထပ်မျှ ဘယ်လိုတူနိုင်ပါ့မလဲ..။ သူတို့ မင်းသား မင်းသမီးလေးတွေ တောင်မှ သူတို့သရုပ်ဆောင်နေရတဲ့ ဘ၀နဲ့ အပြင်ဘ၀တွေက တူနိုင်ရှာကြတာမှ မဟုတ်တာ။
 
အခု... ဒီ အောက်တိုဘာလဆန်းမှာတင် ကိုယ့်ကိုယ်ကို သတ်သေသွားရှာတဲ့ နံမည်ကြီး မင်းသမီးလေးတယောက် ရှိတယ်လေ။ 'Choi' တဲ့။ ကျွန်မတို့ဆီက ကိုးရီးယားရုပ်ရှင် ပရိသတ်တွေ ကောင်းကောင်းသိတဲ့ မင်းသမီးလေးတယောက်ပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ မင်းသားတယောက် အဲလိုပဲ။ (suicide) ပဲ။
 
ကိုးရီးယားမင်းသား မင်းသမီးတွေကြားမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide ဟာ ဖက်ရှင်တခုလို ဖြစ်နေတာဟာလဲ ကြောက်စရာကောင်းပါတယ်။ သူတို့ စာရင်းမှာ ကျွန်မဖတ်ကြည့်တာ ရုပ်ရှင်လောကသားတွေရဲ့ (suicide) ဟာ ၁၉၆၀ ခုနှစ်ပိုင်းကနေ စလိုက်တာ ၁၉၉၀ လောက်ကစပြီး ဒီနှစ်ထိ နှစ်တိုင်း၊ နှစ်ယောက်နဲ့သုံးယောက်ကြာမှာ ဖြစ်နေတာပဲ။
ကျွန်မထင်တော့ ဘာသာရေးအဆုံးအမ မရှိတာလဲ ပါမယ်ထင်တယ်။ ဒီနေ့ခေတ် မျိုးဆက်သစ် ကိုးရီးယားလူငယ်တော်တော်များများက ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့၊ ဘာသာမရှိတဲ့ 'ဘာသာမဲ့' တွေ ဖြစ်ကုန်ကြပြီလေ။
 
ဘာသာရှိတဲ့ လူနည်းစု ကိုးကွယ်ကြတာက ခရစ်ယန်ဘာသာပေါ့။ ဗုဒ္ဓဘာသာဝင်က သိပ်နည်းတယ်။ ပြီးတော့ မဟာယနပဲ။ ကျွန်မတို့ ထေရ၀ါဒ ကိုးကွယ်သူ ရှားတယ်။ ဆိုးလ်မြို့တ၀ိုက်မှာ နေကြတဲ့ မြန်မာတွေရဲ့ ကြိုးစားမှုနဲ့ မြန်မာဘုန်းကြီးကျောင်း ၃ ကျောင်း ရှိတယ်။ မြန်မာပြည်က တကူးတက ပင့်ပြီးကိုးကွယ်ထားတဲ့ ဥာဏ်တော်၊ တော်တော်မြင့်တဲ့ ရုပ်ပွါးတော် တဆူလဲ ရှိတယ်။ ကိုးရီးယားမှာ တောင်တွေ အလွန်ပေါပေမယ့် စေတီပုထိုးကတော့ အလွန်ရှားတာကိုး။
အံ့သြစရာကောင်းပြီး ထူးခြားတာတခုကတော့ ကျွန်မတို့နိုင်ငံကို 'မြန်မာ' လို့ ပြောလိုက်တာနဲ့ ချက်ချင်းသိပြီး 'မြန်မာ' အကြောင်းကိုပါ သိနေတဲ့ 'ကကြီးသား ကကြီးသူ' တွေဟာ အခြေခံလူတန်းစားတွေ ဖြစ်နေတာပါပဲ။
 
ကိုးရီးယားရဲ့ ဒုတိယမြို့တော် ပူဆန် (Pusan) ကို ( cultural field trip ) သွားရတုန်းက ပုဆန်ရဲ့ ပင်လယ်ကမ်းခြေ၊ မီးပြတိုက်က သန့်ရှင်းရေး အလုပ်သမကြီး 'ချွဲစုအီ' က ကျွန်မကို 'မြန်မာ' မှန်း သိတာနဲ့၊ အင်္ဂလိပ်လို ပြောတတ်တဲ့ ကိုးရီးယားမလေးကနေ တဆင့် တန်းပြောတာ..၊ 'နာဂစ်' အကြောင်းကိုလေ...။ 'နာဂစ်' မုန်တိုင်းဒဏ်ကို ခံကြရတဲ့ မြန်မာပြည်အကြောင်းကို သူ တီဗွီမှာကြည့်ရတယ်တဲ့..။ သူအများကြီး စိတ်မကောင်း ဖြစ်တယ်တဲ့..။ ခုကော ဘယ်လိုနေသေးလဲလို့ မေးရှာတယ်။ ပြီးတော့ ကျွန်မကို...၊ စာရေးဆရာမှန်းလဲ သိသွားရော (women right) ကို သူသိသလို ပြောပြခဲ့သေးတယ်။ သူ့ရဲ့ဇာတိမြို့ (ပူဆန် မလာခင် ကျွန်မတို့ တည၀င်အိပ်ခဲ့ရတဲ့မြို့) 'ဂျောင်ဂျူး (Gyeongju)' မြို့က ကိုးရီးယားအမျိုးသမီးတွေမှာ လွတ်လပ်စွာ ကွာရှင်းခွင့် မရှိဘူးတဲ့။ အဲဒါကြောင့် သူဟာ ပူဆန်သားကို လက်ထပ်ပြီး၊ ပူဆန်ကို လိုက်လာခဲ့တာတဲ့။
 
နောက်.. ပူဆန် ဟိုတယ်က လုံခြုံရေး ၀န်ထမ်း အလုပ်သမားကြီးတယောက်..။ ဓါတ်လှေကားထဲမှာ 'မြန်မာ' မှန်း သိတာနဲ့ 'နာဂစ်' အကြောင်းရော၊ သူမြင်ဖူးတဲ့ တီဗွီသတင်း တွေထဲက မြန်မာအကြောင်းတွေကိုရော မေးတော့တာပဲ။ ပြီးတော့...၊ ကျွန်မတို့ ဈေးသွားဝယ် ရာ လမ်းကလေးဘေးက စားသောက်ဆိုင် သေးသေးလေးမှာ အမြဲချွေးတလုံးလုံးနဲ့ ကြော်လှော်နေတဲ့ 'ကကြီးသူ' ကြီးတယောက်...၊ မြန်မာဆိုတာနဲ့ သူသိထားတဲ့ မြန်မာနံမည်တခုကို ချက်ခြင်းပြောလိုက်တာ အံ့သြသွားတာပဲ။ ကျွန်မနဲ့ တွေ့ရတဲ့ ပညာတတ် လူတန်းစားတွေထဲက 'နာဂစ်' အကြောင်း တခုတ်တရ မေးသူ တယောက်မှ မရှိပါဘူး။ 'မြန်မာ' ဆိုတာနဲ့ ချက်ခြင်းမသိဘဲ 'မြန်မာ မြန်မာ' ဆိုပြီး မျက်တောင် ပုတ်ကလပ် ပုတ်ကလပ် လုပ်နေတဲ့ သူတွေ များတယ်။ အော်... ကိုယ့်စိတ်ထဲမှာတင် မျိုးဆက်သစ်တွေဆိုတော့ မေ့ကြပြီပေါ့။ တကယ်တော့ မမေ့စကောင်းပါဖူးကွယ်။ ၁၉၅၀ ခုနှစ်များဆီတုန်းက.. အစာရေစာ ပြတ်လပ်နေတဲ့ မင်းတို့ အဖိုးအဖွားတွေအတွက် တို့မြန်မာပြည်က ဆန်တန်ချိန်များစွာ ထောက်ပံ့ခဲ့ဖူးပါတယ်လို့....။ ၁၉၇၃ မှာလဲ ကိုးရီးယားသမတ ပတ်ချုံဟီးရဲ့ 'ပတ်ချုံဟီးဖလား' ကို အနိုင်ရ ဗိုလ်စွဲယူနိုင်ခဲ့တဲ့ ဘော့လုံးအသင်းဟာ မြန်မာဘော့လုံးသင်း ပါလို့....။
 
အင်း... ကျွန်မလဲ ရွှေရောင်ရက်တွေကို တမ်းတတတ်တဲ့.. 'တို့ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ 'အဖွားကြီးလေသံ' မျိုးပေါက်နေပြီလားမသိ..။ မကြာခင် ကျွန်မမြေး စကားပြောတတ် ရင် 'အဖွားတို့ ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ စကားကို ကျွန်မမပြောခင် ကြိုပြောပြီး နောက်ပြောင်ခံရတော့မှာ အသေအချာပေါ့။
 
ကျွန်မ ဒီမှာနေရတဲ့ အတောအတွင်းအမှာ၊ သူတို့ လိုက်ပို့ပေးတဲ့ ယဉ်ကျေးမှု လေ့လာရေးခရီး ခေါ်မှာပေါ့။ (cultural field trip) တွေကိုတော့ အကြိုကပ်ဆုံးပဲ။ ကိုးရီးယား နိုင်ငံထဲက သွားသင့်တဲ့ မြို့တွေကို နှစ်ညအိပ်၊ သုံးညအိပ် လျှောက်သွားကြည့်တာပေါ့...။ အဲဒီမှာ ကျွန်မ စိတ်ဝင်စားတဲ့ တခုက တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနဲ့ နယ်စပ်ဘော်ဒါ၊ စစ်မဲ့ဇုံ ( Demiliterized zone DMZ) လို့ သူတို့ခေါ်တဲ့၊ လွမ်းစရာ၊ ကြေကွဲဖွယ်ရာ နေရာလေးပဲ။
လူမျိုးလဲ အတူတူ၊ ဘာသာစကားလဲတခုတည်း၊ ဒါပေမယ့် တောင်နဲ့ မြောက် နှစ်ခြမ်းကွဲပြီး၊ ရန်သူကြီးတွေလို အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး၊ ခုချိန်ထိလဲ အညှိုးအတေး၊ 

အမုန်းတွေနဲ့ ပြန်လည်ပေါင်းစည်းလို့ မရသေးဘူးလေ။ အဖေနဲ့သား၊ အမေနဲ့သမီး၊ အစ်ကိုနဲ့ နှမ၊ ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေဟာ အများကြီး ရှိမှာပေါ့။ အဲဒီ စစ်မဲ့ဇုံ ဘော်ဒါမှာ တန်းစီချထားတဲ့ မှန်ပြောင်းလေးတွေ ရှိတဲ့နေရာကို သူတို့က 'အမျိုးကြည့်တဲ့နေရာ' တဲ့...။ အဲဒီ မှန်ပြောင်းလေးတွေကနေ ကိုယ့်ဆွေကိုယ့်မျိုးကို အလွမ်းပြေ လာကြည့်ကြသတဲ့။ ရာသီဥတုကောင်းရင် ဟိုဖက် မြောက်ကိုရီးယားဘက်က လယ်ကွင်းတွေ ထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကို ဒီတိုင်း လှမ်းမြင်ရတာကိုး။ ကျွန်မတို့ သွားတဲ့နေ့ကတော့ မိုးတွေက သဲသဲမဲမဲ ရွာနေလေတော့ လှမ်းကြည့်လို့ ဘာမှ မမြင်ရဘူး။ မှတ်မှတ်ရရ ကျွန်မတို့ (၆၁) နှစ် မြောက် အာဇာနည်နေ့ပေါ့။ မိုးရွာကြီးထဲမှာ မျက်နှာသေကြီးတွေနဲ့ တောင့်တောင့်ကြီး ရပ်နေတဲ့ စစ်သားအစောင့်တွေကို ကျွန်မတို့ကို လိုက်ပို့တဲ့ တာဝန်ရှိတဲ့သူတွေက 'ကျေးဇူးပြုပြီး ပြုံးမပြပါနဲ့၊ စကားလှမ်းမပြောပါနဲ့....' တဲ့။ ကြောက်နေရပါလား။ 

ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီနယ်စပ် ဘော်ဒါတ၀ိုက်ကို စစ်မဲ့ဇုံလို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားပေမယ့် မသွားရတဲ့နေရာတွေ ရှိတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပါတ်ကပဲ မသွားရတဲ့ နေရာကို သွားမိတဲ့ တောင်ကိုးရီးယား အမျိုးသမီးကြီးတယောက်ကို ဟိုဖက် မြောက်ကိုးရီးယားတပ်က သေနတ်နဲ့ ပစ်ချလိုက်လို့ သေရှာပါရော့လား..။ ကျွန်မတို့မှာ တာဝန်ရှိသူများနဲ့ တလက်မမှ မခွါရဲပါဘူး။
အဲဒီ စစ်မဲ့ဇုံမှာ ဒီဖက် တောင်ကိုးရီးယားက ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုတရပ် အနေနဲ့ လုပ်စားနေတာ တခုကတော့ မြောက်ကိုးရီးယားများအတွက် မခံချိ မခံသာ ဖြစ်ဖွယ်ပါဘဲ။ ၁၉၇၈ မှာ မြောက်ကိုးရီးယားက ဒီဖက် ဆိုးလ်မြို့လည်ခေါင်ထိ ဥမင်လှိုင်ခေါင်းတူးပြီး တိုက်ခိုက်မဲ့အကြံအစည်ကို တောင်က သိသွားတာလေ။ ဥမင် လှိုင်ခေါင်းက သုံးခုတောင်တူးတာ။ တောင်ကိုးရီးယားထဲကို တော်တော်ရောက်နေပြီ။ လယ်သမားတယောက်နဲ့ တက္ကစီသမားတယောက်က သတိထားမိရာက ပေါ်သွားတာ။ အဲဒီ လှိုင်ခေါင်းတွေကို ထရော်လီတွေ၊ ကားလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ပြပြီးတော့ တောင်ကိုးရီးယားက လုပ်စားတော့တာကိုး။ အိုး ကျွန်မဖြင့် အေးစိမ့်နေတဲ့ အဲဒီလှိုင်ခေါင်းရှည် တွေကို ဖြတ်ရင်း မြောက်ကိုးရီးယားများကိုလဲ ချီးကျူးမိပါတယ်။ မပြေနိုင်တဲ့ အညှိုးအတေး၊ အမုန်းတွေက ပေးတဲ့ အားအင်တွေနဲ့ ဒီဥမင်တွေကို တူးနိုင်ခဲ့တာ ထင်ပါရဲ့။
 
စစ်မဲ့ဇုံ (DMZ) နယ်ခြားမြေရဲ့ နောက်ထပ် လွမ်းမောကြေကွဲစရာ နေရာလေးက 'ဒိုရာဆန်ဘူတာရုံ' (Dorasan station) ကလေးနဲ့ မီးရထားလေးပါ။ ဒီရထားလေးဟာ တောင်နဲ့မြောက် နှစ်နိုင်ငံက ကွဲကွာနေသူများ ပြန်လည်ဆုံတွေ့ကြမဲ့နေ့ကို စောင့်နေရတာ (၅၂) နှစ်တောင် ရှိပါပြီတဲ့...။ ဒီဖက် ဟိုဖက် ကွဲကွာနေသူများကို တင်ဆောင်လို့ ဟိုဖက်ဒီဖက် လွန်းထိုးပြေးချင်လွန်းလို့ စောင့်နေရှာပါတယ်တဲ့လေ။ ဆိုးလ်မြို့ကလာတဲ့ မီးရထားလမ်းဟာ ဒီ 'ဒိုရာဆန်' ဘူတာကလေးမှာ ခရီးဆုံးပါတယ်။
နောက် ကျွန်မ သဘောကျတဲ့ နေရာလေးတခုက (DMZ) နဲ့ တနေ့ထဲ သွားခဲ့တဲ့ 'ဟေရီ (Heyri)' ဆိုတဲ့ အနုပညာရွာလေး (Art village) ပေါ့။ ဆိုးလ် ကနေ (၉) မိုင်ကျော်ပဲ ဝေးတယ်။ ဟေရီ အနုပညာရွာလေးက အနုပညာသမားတွေချည်း သီးသန့်နေထိုင်ကြတဲ့ ရွာလေး လေ...။ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာ၊ ပန်းချီဆရာ၊ ဒီဇိုင်းဆရာ၊ အတီးအမှုတ်ဆရာ၊ အက မင်းသား မင်းသမီး စတဲ့ စတဲ့ အနုပညာသမားတွေ စုပြီး နေထိုင်ကြသတဲ့။ နေထိုင်သူပေါင်း သုံးရာကျော်၊ လေးရာနီးပါး ရှိသတဲ့။ ဒီနေရာမှာ တယောက်က စနေရင်း သဘောကျကြပြီး လိုက်နေကြရင်းနဲ့ များများလာတာလို့ ပြောတယ်။ ခုဆိုရင် ဒီနေရာက ဈေးလဲ သိပ်ကြီးသွားပြီ၊ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာလဲ ဖြစ်သွားပြီတဲ့။
 
အိမ်တွေက တောင်ကုန်းလေးတွေပေါ်မှာရော၊ ချိုင့်တွေထဲမှာရော၊ တောင်ကြားမှာ ခပ်စောင်းစောင်း ကန့်လန့်ဖြတ်တင်ထားတာရော၊ ရှည်မျောမျော၊ ၀ိုင်းတိုင်းတိုင်း၊ မျှောင်းမျှောင်းကလေးတွေမျိုးလဲ ပါရဲ့....။ အိမ်ပုံစံတွေကတော့ အမျိုးစုံပါပဲ။ စိတ်ထင်ရာတွေ လုပ်ထားကြတာလေ။ တကယ်တော့ ကျွန်မတို့လို လူစားမျိုးတွေရဲ့ 'အရူးရွာ' ပေါ့။
 
အဲဒီ 'ဟေရီ' ဆိုတဲ့ နံမည်ကတော့ ကိုးရီးယားရိုးရာသီချင်းခေါင်းစဉ် 'The Sound of Heri' ကနေ ယူထားတာတဲ့။ အဲဒီမှာ စာအုပ်ဆိုင်တွေလဲ ရှိတယ်။ (ထုတ်ဝေသူတွေလဲ နေတာကိုး)။ ပန်းချီပြခန်းတွေလဲ ရှိတယ်။ အတီးအမှုတ်ဂီတဆရာတွေ အိမ်ကျတော့ နိုင်ငံတကာ တူရိယာပစ္စည်းတွေနဲ့ ဆင်ယင်ထားလိုက်တာ။ ကြည့်လို့ရတယ်လို့ ရေးထားလို့ ၀င်မသွားလိုက်နဲ့၊ တယောက်ကို ၀မ် ငါးထောင် ရှင်းရပြီးသာမှတ်။ အဲလိုပဲ ပန်းချီပြခန်းလဲ ကြည့်ချင်ရင် ပိုက်ဆံပေးရတယ်။ ကျန်တဲ့ အိမ်တွေလဲ အဲလိုပဲ၊ ဘာမှ အလကားကြည့်လို့ မရဘူး။ စာအုပ်ဆိုင်တခုပဲ အလကား ၀င်ကြည့်လို့ ရတယ်။ စာအုပ်ကြိုက်ရင် ၀ယ်ပေါ့။ စားသောက်ဆိုင်လေး တွဲဖွင့်ထားတယ်။ စားချင်ရင် ၀ယ်စားပေါ့။ 'ဟေရီ' ဟာ ကမ္ဘာလှည့် ခရီးသည်စိတ်ဝင်စားတဲ့ နေရာတနေရာ ဖြစ်နေပြီလေ။ 'ဟေရီရွာ' ကလေးရဲ့ တောင်စောင်းတခု ပေါ်ကနေ ကာလာရောင်စုံရွာလေးကို စီးမိုးကြည့်ရင်း ကျွန်မ စိတ်ကူးယဉ်မိတယ်။ 

ဒို့တတွေလဲ မြေကျယ်ကျယ်နဲ့ အေးအေးချမ်းချမ်း ရှိတဲ့နေရာလေး၊ တနေရာမှာ ဒို့လူတွေ ဒီလိုမျိုးလေး စုနေကြရင် ကောင်းမှာပဲလို့။
ကျွန်မ စဉ်းစားကြည့်မိတယ်။
ကျွန်မအိမ်ပုံစံကို ကျွန်မတို့ရဲ့ ပိသုကာ (ဆရာရွှေ)ကို အဆန်းတကာ့ အဆန်းဆုံး ထွင်ခိုင်ပြီး ဆောက်မယ်လေ...။
ပြီးတော့ ကျွန်မ ဘယ်သူတွေနဲ့ အိမ်နီးနာချင်း နေရင်ကောင်းမလဲ။
 
အင်း.... ကျွန်မကို မြောက်ဒဂုံပစ္စန္တရာဇ်အရပ်မှာ အိမ်နီးနာချင်းနေဖို့ ဆွယ်တရားဟော ဖူးတဲ့ ကျွန်မ အကိုကြီး ဆရာမောင်ကျောက်မဲ (ဒါရိုက်တာကြည်စိုးထွန်း) (အဲလေ.. မောင်ကျောက်ခဲ ပါ။ အသားအရေက မျက်လုံးထဲ အရင်ပေါ်လာလို့ပါ...) ဆိုရင်ရော... မဖြစ်ဖူး...မဖြစ်ဖူး...။ ဒင်းက အညာစာက အင်မတန်ငတ်ပါဘိသနဲ့...၊ ကျွေးရတာက ကိစ္စမရှိဘူး၊ မောင်ကျောက်မဲနဲ့ ဘာမှမဆိုင်အောင် ဖြူဖွေးသဘောကောင်းတဲ့ ကျွန်မအစ်မ မဂွမ်းပုံလေးက ပြောဖူးတယ်။ မောင်ကျောက်မဲ ဗိုက်ကြီး အင်မတန် စူထွက်လာလို့ ၀ိတ်လျှော့တာ၊ ညနေစာမစားဘူး။ အသုပ်ကလေးပဲ စားမယ်ဆိုလို့ သုတ်ပေးရတာ၊ 'ဇလုံ' အကြီးကြီးနဲ့ အပြည့်အမောက်တဲ့။ မဖြစ်ဖူး..။ မဖြစ်ဖူး..။
မောင်ဂွစာ(ပုတီးကုန်း) ကျတော့လဲ နေ့စဉ်နဲ့အမျှ 'နှလုံး' (နှလုံးသားမဟုတ်) ဝေါဟာရတွေ..၊ နားညီးအောင် လာပြောနေမှာ။ ပြီးတော့ သူ့ခွေးတွေ ရန်ကလဲ ရှိသေးတယ်။ ဆရာမောင်ဘိုချစ် (ချစ်ဦးညို) ကျတော့လဲ ယောင်းမ 'မယ်မြင့်ကြီး' က စေတနာကောင်းပြီး၊ အချက်အပြုတ်ကောင်းတော့ (ကိုယ်စာရေးနေတဲ့အချိန်၊ အိုးပျောက်ခွက်ပျောက် ဖြစ်တဲ့အချိန် မှာ) အရှည်ကို မျှော်တွေးပြီး စဉ်းစားမိပေမဲ့ ညနေတိုင်း ရင်ဆိုင်ရမယ့် အရေးဟာ ဘယ်လိုမှ စိတ်အေးနိုင်စရာ မရှိဘူး။ အက၊ အဆို၊ အငို မြိုင်ဆိုင်စွာနဲ့ စတိတ်ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး၊ နောက်ပိုင်း စုံနေအောင် (သမီးယောက်ဖနှစ်ယောက်) မိုးအလင်းခင်းပစ်မှာ.. တော်၊ တော်၊ မဖြစ်ဖူး...။
 
ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် စေတနာကောင်းပြီး အချက်အပြုတ် ကောင်းတဲ့ မတင်တင်ရီလေး(ဦးသွေးဆိုသူ၏ဇနီးလေး) ကိုလဲ ခေါင်းထဲရောက်လာပေမယ့်၊ ကဗျာဆရာမောင်သွေးသစ် ဆိုသူသည်လဲ နဲနဲလေးမှ ရီဝေလာပလားဆို 'ညီမလေး.. ငါပြောမယ်' ဆိုပြီး ဘာမှလဲ မပြောပဲ အလကားနေရင်း မျက်နှာကြီးက အရင် 'မဲ့' လာပြီး မျက်ရည်တွေ...၊ တွေတွေ တွေတွေ စီးကျလာတဲ့ ဒဏ်၊ တဖြည်းဖြည်း ပြင်းထန်လာပြီး ဘာမှန်းမသိ ရှိုက်ငို၊ နှပ်တွေ တရွှီးရွှီး ညှစ်တဲ့ဒဏ်ကို ဘယ်လိုမှ မခံနိုင်ပါဘူး...။ မဖြစ်ဘူး..မဖြစ်ဘူး..။
 
အင်း ကိုသုမောင်တို့၊ ကိုမင်းလူတို့ ဆိုရင်ရော...၊ မအေးဘုံတို့၊ မစန်းစန်းအောင်တို့က ကျွန်မနဲ့ ချစ်ခင်တဲ့သူတွေ၊ ကိုမင်းလူရဲ့ မစန်းစန်းအောင်ဆို ကျွန်မနဲ့ စာကြည့်တိုက်ဆွေမျိုး လေ။ ဒါပေမယ့် မဖြစ်နိုင်..။ ဒင်းတို့ ညီအကို နှစ်ယောက်လုံးဟာ အိမ်နီးချင်း လှုပ်သမျှကို၊ ၀တ္ထု လုပ်စားတတ်တဲ့လူတွေ၊ ပြီးတော့ တောင်ကျောင်းဘုန်းကြီး မောင်မင်းလူတယောက်၊ မစန်းစန်းအောင်ရဲ့ စီမံခန့်ခွဲ ညွှန်ကြားမှု အောက်မှာ ရေခပ်၊ ထင်းခွဲ၊ အ၀တ်လျှော်၊ ကြမ်းတိုက်၊ ခြင်ရိုက်၊ ခွေးမောင်း၊ ဈေးဝယ်၊ ထမင်းချက်၊ ဇက်ကြောဆွဲ စတဲ့ စတဲ့ တောက်တိုမယ်ရတွေ လုပ်နေရတာကို ကိုယ့်အချင်းချင်းဆိုတော့ မကြည့်ရက်ပါဘူး။
သူတို့ အကိုကြီး ဟိုပိန်တာရိုး လူကြီး (ချစ်ခင်တဲ့ မချိုရီလေးအတွက် စဉ်းစားမိတိုင်း ရင်ထုမနာ ဖြစ်ရတဲ့) ဒါရိုက်တာ မောင်ဝဏ္ဏ ဆိုတဲ့သူတော့ ( အခုလောလောဆယ် ကျွန်မနဲ့ မခေါ်တဲ့အတွက်) လုံးဝကို မစဉ်းစားဘူး။
 
နေအုန်း...၊ အိမ်နီးနာချင်းအဖြစ် အသင့်တော်ဆုံးဟာ ဘာမှဇယား မရှုပ်တဲ့၊ ကျွန်မအကို လူပျိုကြီး ရွှေ (ရွှေကိုဝင်းငြိမ်း) ဆိုဘယ်နှယ်လဲ။ စာမူခတွေ ဘာတွေ ကြိုထုတ်လို့ရမယ်။ ပြီးတော့ ဒင်းက စာနယ်ဇင်းခေါင်ချုပ်ကြီး ဖြစ်တဲ့အပြင်၊ မိတ်ဆွေတွေလဲ ပေါများတော့ စားစရာ၊ သောက်စရာ၊ လက်ဆောင်ပဏ္ဏာတွေလဲ ပေါများတယ်။ ဒင်းတယောက်ထဲဆို အလျှံပယ်ဖြစ်နေတာ...။ ကိုယ်သွားစားရုံပဲ။ မကောင်းဖူးလား..။ ဟင့်အင်း မကောင်းသေးဘူး၊ မဖြစ်ဘူး၊ ဒင်းရဲ့ လက်သုံးစကားကြီး ရှိတယ်လေ..။ "ဒီမယ် ငါ့နှမ..၊ စာမူမပါရင် တိုက်ကို မလာနဲ့" ဆိုတဲ့ စကားကြီးလေ။ 'စာမူမပါရင် အိမ်ကိုမလာနဲ့.. ငါ့နှမရေ' လို့ ပြောမဲ့လူမျိုးကြီးနဲ့လဲ နေလို့မဖြစ်နိုင်။
 
သူနဲ့တွဲရက် စဉ်းစားမိတဲ့ ဇမ္ဗူတလူ (ရွှေမောင်ဇော်) (ဆိုက်ကားတစီးနဲ့ တမြို့လုံး လှည့်တဲ့ ဇမ္ဗူတလူ (ရွှေဦးဥာဏ်လှိုင်) ရဲ့ သားချစ်ကလေး) ကျတော့လဲ ငယ်ငယ်ကတည်းက ချစ်ခင်တဲ့ ကလေး၊ ကိုယ့်စာအုပ်တွေကိုလဲ ဂရုတစိုက် လုပ်ပေးရှာတဲ့ ကလေးပေမယ့်.. ဒင်းကလေးကလဲ 'ထုတ်ဝေသူ is ထုတ်ဝေသူကလေး'....။ (ဒီကိုမထွက်ခင် ဒင်းမှာတဲ့ စကား က 'အမ ကိုးရီးယားမှာ လုံးချင်းတအုပ် ပီးအောင်ရေးခဲ့၊ ကျွန်တော်ထုတ်မှာ' တဲ့) ဆိုတော့ အိမ်နီးနားချင်းဆိုလို့ကတော့ ကျွန်မ ဘယ်လောက်များ နားညီးရမလဲ..။ တော်သေးပြီ။
 
အင်း... ရေးတေးတေးရှိတာကတော့ 'ရွှေ'ရဲ့ ညီလေးတွေ၊ ကိုဆန်နီငြိမ်းတို့၊ ကိုမျိုးမြင့်ငြိမ်းတို့တွေပဲ။ ကျွန်မ၀တ္ထု မျက်နှာဖုံးအတွက် ကိုဆန်နီကို အချိန်မရွေး အပူကပ်လို့ ရမယ်။ ပြီးတော့ သူ့ချစ်ဇနီးကလေး 'အေမီ'လေးက စစ်ကိုင်းသူပီပီ ကျွန်မကြိုက်တဲ့ အညာစာတွေ အကုန်ချက်တတ်တယ်။ မဆိုးဖူးနော်။ ဒါတောင် ဆရာမျိုးမြင့်ငြိမ်းကို (ပေဖူးလွှာ သံယောဇဉ် ဘယ်လောက်ကြီးပေမယ့်) စဉ်းစားရမဲ့ထဲမှာ ပါတယ်။ ကျွန်မ နေရဲပါ့မလား...။
အိုတော်ပြီ..၊ အကောင်းဆုံးကတော့ လူကြီးတွေနဲ့ နီးနီးနေတာ အကောင်းဆုံးပဲ။ ဆရာပါ၊ ဆရာတာ၊ မေဦး၊ မမ၀င်း၊ ကျွန်မဦးလေးကဗျာဆရာကြီးတွေ၊ ဆရာနိုး (ဆရာနိုးကတော့ သူ့ကို ဇာတ်လိုက်လုပ်မှာစိုးလို့ ကျွန်မနားမှာ နေချင်မယ်မထင်)။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ နားမှာ နေတာပဲ ကောင်းမယ်။
အင်း.... ကျွန်မ မြင်ယောင်သေးတော့တယ်...။
 
ရွာလမ်းမပေါ်မှ ကဗျာကို အော်ဟစ်ရွတ်နေမယ့်သူတွေ။ 'ဘယ်သူပြောလဲ တတောလုံးကြွေ' တွေလေ..။ ဆွေးနွေးငြင်းခုန် ရန်ဖြစ်သံတွေ..။ ရီဝေသီဆို ကခုန်သံတွေ။ အိုး.. ကိုယ့်လူတွေကတော့ လူဂုဏ်တန်တွေချည့်ပဲ။
ပြောရင်းဆိုရင်းနဲ့ ကိုယ့်လူ၊ လူဂုဏ်တန်တွေကို ကျွန်မ လွမ်းလိုက်တာ။
လွမ်းအောင်လဲ ကျွန်မကို ရွာစားကျော် စိန်မောင်ကိုကြီးနဲ့ ကိုအံ့ကြီးတို့ရဲ့ နံမည်ကျော် 'မြိုင်ဟေမ၀န်' မြိုင်ထနှစ်ပါးသွားက ဖေးကူနေတယ်လေ...။
 
'xx လွမ်းစရာ့ မြိုင်ကုန်းဗွေxx တခိုင်လုံးရွှေ' တဲ့...။
တခိုင်လုံးရွှေ..၊ ဟုတ်တာပေါ့..။ ကြည့်ပါအုံး.. တကယ့်ကို တခိုင်လုံးရွှေ။ ကျွန်မရှေ့က ခူနွာ တောအုပ်ကလေး လေ..။ ကျွန်မရောက်စတုန်းက အစိမ်းရောင်တွေနဲ့ ကျွန်မကို ကြိုဆိုခဲ့တဲ့ စိမ်းမြမြ တောအုပ်ကလေးက လွမ်းစရာ အ၀ါရောင်တွေနဲ့ ကျွန်မကို နှုတ်ဆက်နေပါပေါ့လား။
'xx သင်း၍ပျော်ကျူးဝေ.. ညှင်းလေ့ဆော်ဦးနွေxx သင်း၍xx သင်း၍ ပျော်ကျူးဝေ..၊ နွေဦးဆန်း.. သမို့xx'
လွမ်းဖွယ့် ဦးအံ့ကြီးရဲ့အသံ..။ မြန်မာဆန်လှတဲ့ အသံ၊ အလွန်ဆွဲဆောင်မှု ရှိတဲ့အသံ။ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့အသံ။
အိုး ရွာစားစိန်မောင်ကိုကြီးရဲ့ လက်သံကရော၊ ကောင်းလိုက်တာ၊ တ၀ိုင်းလုံးကလဲ မြိုင်နေတာပဲ၊ 'ချွင်' ဆိုတဲ့ စည်းသံလေးကလဲ လွင်နေတာပဲ၊ ၀ါးလက်ခုပ်သံလေးကလဲ ချိုနေတာပဲ။ ဆိုင်းနောက်ထကြီး ပြောသလို 'ပါရမီ့ရှင်' နှစ်ဦးတွေ့တဲ့ ပွဲပေကိုး။
 
ကျွန်မငယ်ငယ်တုန်းက၊ ဂါဝန်ဝတ်အရွယ်တုန်းက၊ ဘာမှန်းညာမှန်း မသိပဲ၊ ဒီမြိုင်ဟေမ၀န် မြိုင်ထကို မပီကလာ ပီကလာဆိုပြီး ကတန်းခုန်တန်း ကစားခဲ့ဖူးတယ်။ သီချင်းထဲက 'တောင်ဝဏ္ဏဗွေတခွင်မှာxx မောင်လှဖေ မြင်ရုံနဲ့မော' ဆိုတာကို 'မောင်လှဖေ မြင်ရုပ်ကြီးနဲ့..' လို့ပဲ ကျွန်မက ဆိုတယ်လေ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ကျွန်မအဖိုးရဲ့ ကူးတို့ဆိပ်က ရထား(မြင်းလှည်း) မောင်းတဲ့ ကိုလှဖေကြီးကို ပြောတယ်လို့ ထင်နေတာ။ အဲဒီခေတ်အခါက အင်မတန် ခေတ်စားပြီး လူတိုင်းပါးစပ်ဖျား ရောက်ခဲ့တဲ့ သီချင်းမို့၊ ကလေးတွေ ပါးစပ်ထဲအထိ ရောက်သွားတာပေါ့....။
နဲနဲကြီးလာတော့ ဒီသီချင်းကို ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ 'သူငယ်ချင်းလို့ပဲဆက်၍ခေါ် မည်ခိုင်' ၀တ္ထုထဲက 'ကြိုင် လှိုင် ခိုင်လုံးရယ်၊ မြိုင်လုံးရယ်' ဆိုတာနဲ့ ထပ်ပြီး သိတယ်။ သေသေချာချာ ခံစားဖူးတာက ကိုအံ့ကြီးသီချင်းတွေကို ကျွန်မ အရူးအမူး စွဲလန်းသွားတဲ့ အချိန်။ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲလန်းဆုံး သီချင်းနှစ်ပုဒ်က 'မြိုင်ဟေမ၀န်' မြိုင်ထနဲ့ ဆရာကြီးဦးဘသိန်း(မန္တလေး)ရဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန် နှစ်ပါးသွားပေါ့..။
 
ဝေးမြေရပ်ခြား ရောက်နေတဲ့ အချိန်မို့လေလား..၊ မပြောတတ်ပါဘူး...၊ နားထောင်ရ တာ ပိုလို့ အရသာ ရှိနေသလိုပဲ။ လွမ်းစရာလဲ ပိုတောင်ကောင်းနေသလိုပဲ။ အခုဒီမှာ ကျွန်မတယောက် ဘယ်လိုဖြစ်နေလဲ မသိ။ မနက်စာစားလဲ ဒီသီချင်းနှစ်ပုဒ်...။ ညစာစားလဲ... ဒီသီချင်းနှစ်ပုဒ်နဲ့။ စာရေးတော့လဲ ဒီသီချင်းနှစ်ပုဒ်နဲ့..။ အငိုဆရာတွေရဲ့ နှမပီသစွာ မျက်ရည်ကလဲ ကျရသေးတာ။ ကျွန်မရူးလောက်အောင်လဲ သီချင်းက ကောင်းပေတာကိုး။ အဆိုက ကောင်းပေတာကိုး။
'စိမ့်ကြီးမြိုင်ကြီး' ထဲက ဆရာကြီးဦးဘသိန်းရဲ့ စကားလုံး အနု၊ အနွဲ့၊ အလှလေးတွေ ကိုလဲ ကြည့်စမ်းပါအုန်း...။
 
'xxx ဖိုးရွှေခေါင် ငှက်ငယ်ကရယ်... မလေးကို မြည်ကာချော့တယ်...
ရီကာချော့တယ်xxx ရီပါတော့ကွယ်...၊ မြည်ကာချော့တယ်လေး...' တဲ့။
ပြည်တော်ပြန်လမ်း ခရီးကြမ်းမှာ...၊ ပင်ပန်းရှာတဲ့ ချစ်သူမင်းသမီးလေးကို မင်းသားလေးက ချော့တဲ့ အချော့လေး လေ..။ စကားလုံးလေးတွေ ထပ်ထားတာများ ဘယ်လောက်လှလဲ။ ကြင်နာ ညှာတာတတ်တဲ့ ယောက်ျားကောင်းတို့ရဲ့ စိတ်ကိုလဲ ကြည်နူး စရာ မြင်ရတယ်။ မလေးရယ်၊ မင်းမျက်နှာလေး ညှိုးနေလို့၊ ရွှေဖိုးခေါင်ငှက်ကလေးက၊ ပြုံးကာရီကာနဲ့ အော်မြည်လို့ ချော့နေရှာတာ.... ရီလိုက်ပါတော့ကွယ်တဲ့။
'ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်.. မောင်ပုခုံးကို မှီတွဲလိုက်ပါ့ကွယ်' ဆိုတဲ့ အဖွဲ့လေး ကိုများ ကြည့်ပါအုန်း..။ 'ချော်မယ်' ဆိုတဲ့ စကားလုံးမျိုးလေးကို လူတိုင်း သုံးနိုင်ဖို့ မလွယ်ပါဖူး။
'တလှမ်းမကွာတယ်၊ ဘယ်ဆီ မြန်းပါစေတော့ရယ်xx၊ နန်းညာနွယ် တွယ်မှီကာ လိုက်ရှာလေတဲ့ မယ်' တဲ့။
'ကန္တာမဆုံးမီမှာကွယ်... တလမ်းလုံး သီကရီ... မဒီပန်းရှာရော့မယ်' တဲ့။
 
'ရှာ' ဆိုတဲ့ စကားထောက် လှလှလေးကို မန္တလေးသားဆရာကြီးက သုံးသွားတာလေး များ လှလိုက်တာ။
ကျွန်မကြိုက်သလောက်သာ ပြောရမယ် ဆိုရင်ဖြင့် ဒီသီချင်းနှစ်ပုဒ်ကို နားမထောင်ဘူး သေးရင်၊ နားထောင်ပြီးတော့လဲ မခံစားရဖူးဆိုရင် အဲဒီသူဟာ မြန်မာမဟုတ်ဖူး။
'မြိုင်ဟေမ၀န်' ကို တစိမ့်စိမ့် နားထောင်ရင်းနဲ့ မြိုင်ဟေမ၀န်စပါယ်ရှယ်လစ် ဆရာနိုး (ဆရာမောင်သာနိုး) ရဲ့ အသံဝါကြီးကိုလဲ လွမ်းပါ့ ဆရာနိုးရယ်။ အိုး.. ပြီးတော့ ခုမှ သိတယ်။ ကိုအံ့ကြီး ဆိုပေါက်တွေကို.. ဆရာနိုးက အပီရတာပဲ။ 'နွေဦးဆန်း... သမို့' 'ဆန်း' ဆိုတဲ့ နေရာမှာ လည်ချောင်သံလေးနဲ့ 'ဆန်း' လိုက်တာကအစ အပီပါပဲလား။
 
တောရိပ်တောင်ရိပ်တွေအောက်မှာ အသံကုန် ဟစ်အော်တတ်တဲ့ ဆရာနိုးရဲ့ 'မြိုင်ဟေမ၀န်' သံကို နားမထောင်ရတာ ကြာပြီ။
ကျွန်မ ပြန်လာရင် တောရိပ်တောင်ရိပ် တနေရာကို ကျွန်မတို့သွားပြီး အော်ကြရအောင် ဆရာနိုးရေ...။
ဒါပေမယ့် မမခင်လေးနွယ်ရေ...။ ကျွန်မတို့မှာ ဆရာနိုးအော်ရင် လိုက်အော်မဲ့ အဖွဲ့က နည်းသွားပြီနော်။ လက်ခုပ်သံတွေက သိပ်မြိုင်မှာ မဟုတ်တော့ဘူး။
'မောင်မင်းတို့ရေ' လို့ တိုင်လိုက်တဲ့နေရာရောက်ရင် 'ဘုရား' ဆိုတဲ့ အသံကုန် အော်လိုက်မယ့် အသံတွေက အားပျော့နေတော့မှာ....။
လက်ခုပ်တီးနေရာက စိတ်ပါလာရင် ခါးထောက်ပြီး ကဗျာလွတ်ထ 'က' တတ်သူ တယောက်လဲ ပါမှာမဟုတ်တော့...။
ပြုံးချိုမြမြနဲ့ လပ်ခုပ်တီးရင်း ပြာလဲ့လဲ့အသံနဲ့ လိုက်အော် ပျော်ရွှင်တတ်ရှာသူ တဦးဟာလဲ ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ဟို... အဝေးကြီးကို ထွက်သွားခဲ့ပြီ။
 
'ကမ္ဘာတ၀ှမ်းမှာ
ငါအလွမ်းဆုံး ရိပ်မြုံ
ရွှေတိဂုံစေတီရှိရာ
ကိုယ့်ပြည်ကိုယ့်ရွာသို့
ဘယ်ခါကျမှ ပြန်နိုင်ပါ့
လေယဉ်ဘယ်တော့မှ ဆိုက်နိုင်ပါ့
သည်မှာ မင်္ဂလာဒုံ
သည်မှာ ရွှေတိဂုံ လို့
အာရုံညွှတ်တမ်း
စိတ်ကပဲ မှန်းလိုက်ရ
အိမ်ပြန်လမ်းစ... မှုန်ပျပျ....' တဲ့....။
 
ကျွန်မ စိတ်ထိခိုက်လှတဲ့ ဒီကဗျာအပိုင်းအစလေးကို ပြီးခဲ့တဲ့ အပါတ်တနင်္ဂနွေ စာအုပ်ဂုဏ်ပြုပွဲမှာ ကျွန်မ ရွတ်ပြမိတော့၊ မျက်ရည်သုတ်ရှာတဲ့.. မြန်မာလူငယ်လေးတွေ...။
အိမ်ပြန်ချင်နေကြရှာတဲ့ ကျွန်မတို့ လူမျိုးတွေ...။
ကျွန်မမှာ အိမ်ပြန်ချိန် နီးပေမဲ့ ဒီမှာ ကျွန်မကို တုပ်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေ ကလဲ အများကြီးရယ်...။
ညနေစောင်းလို့ အလုပ်သိမ်းချိန်ရောက်တာနဲ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ တဖျပ်ဖျပ် စိမ်းလာကြတဲ့ G Talk ရဲ့ သံယောဇဉ် မီးစိမ်းလေးတွေ....။
 
'ဆရာမ နေကောင်းပါရဲ့လားခင်ဗျာ...၊ ရာသီဥတု အေးလာလို့ နွေးနွေးထွေထွေ ၀တ်ပြီး နေပါခင်ဗျာ..'
'လိုတာရှိရင်လဲ အားမနာပဲ မှာစေချင်ပါတယ်ခင်ဗျာ..၊ ရာသီအကူးအပြောင်းမှာ ဖျားနာ တတ်တဲ့အတွက် ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ..'
'ဆရာမ ဒိနေ့ ကျောင်းမသွားရဖူးလား၊ မီးစိမ်းနေတာ မြင်လို့၊ နေမှ ကောင်းရဲ့လားလို့...၊ ဘာပဲဖြစ်ဖြစ် အကြောင်းကြားစေချင်ပါတယ် ခင်ဗျာ..'
'ဆရာမရေ.. ခုတလော အဖမ်းအဆီးတွေ ကြမ်းနေတယ်၊ အသွားအလာခက်နေလို့ တနင်္ဂနွေ ဆရာမဆီ လာလို့ မရတော့ဘူး၊ စိတ်မပူပါနဲ့ ဆရာမ'
'ကျွန်တော်က ကျွန်ဇာတာပါတယ် ထင်ပါရဲ့ ဆရာမရယ်၊ ဆယ့်လေးနှစ်ရှိပြီ၊ ခုထိတော့ အဖမ်းမခံရသေးဘူး ဆရာမရဲ့...'
'ဆရာမ.. ကိုးရီးယားမှာ မြင်းခွါရွက်နဲ့ နံနံပင်ကို ခွဲလို့ရရဲ့လား၊ ဆရာမ ဒီလို ခရီးတွေ လျှောက်သွားနေတာကို အဖိုး (ဘိုးကျောက်ကြီး) များသိရင် သိပ်ဝမ်းသာမှာပဲနော်၊ သမီးက ငယ်ငယ်လေးကတည်းက ဆရာမရဲ့ စာဖတ်ပရိသတ်ပါ၊ စင်္ကပူကပါ၊ သမီး ဆရာမကို မအိပ်ခင် စင်္ကပူပုံပြင်တွေ ပြောပြမယ်နော်..'
'ဆရာမရေ.. ဟိုတခါ.. ဘောကျော်မွေးနေ့မှာ မုန့်ဟင်းခါး တူတူစားတဲ့ 'ကိုဘိုးသာ' တယောက် ပြေးရင်လွှားရင်း နှလုံးသွေးရပ်ပြီး ဆုံးသွားရှာပြီ.. ဆရာမရယ်'
'ဆရာမက ကြွက်နီ ကျတော့ သတိရ၊ မိုးဇော်ကျတော့ သတိရ ကျနော့်ကျတော့မေ့...၊ ချင်းမိုင်က.. ကြွက်ဖြူလေ..၊ ခုတော့ ချင်းမိုင်ကို မေ့ပြီပေါ့....'
ကျွန်မမှာ သူတို့လေးတွေရဲ့ မေတ္တာတွေနဲ့လဲ နွေးထွေးလှပါရဲ့...။
 
စိတ်ထိခိုက်စရာကျတော့လဲ စိတ်ထိခိုက်ပါရဲ့။
ညဖက်ရောက်လို့ တယောက်ယောက်ရဲ့ မီးစိမ်းလေး တက်မလာရင်.. ရင်ပူရပြီ..။ ကလေးတွေ ပါသွားပြီလား။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ဖုံးဆက်ချင်ပြီ။
မီးစိမ်းလေးတွေနဲ့အတူ တင်ထားတတ်တဲ့ သူတို့ပြောချင်တာ၊ သတင်းပေးချင်တာ၊ ဝေမျှချင်တာ၊ ခံစားရတာလေးတွေကို ဖတ်ရတာကလဲ တခါတရံ စိတ်ဝင်စားစရာ၊ တခါတရံ ပြုံးစရာ၊ တခါတရံကျတော့လဲ မျက်ရည်ဝဲချင်စရာပါ။
 
'ကိုဘိုးသာ' လေး ဆုံးတဲ့နေ့က သူတို့တင်ထားတဲ့ စာလေးတွေလေ...။
'စနေနေ့တိုင်း သတိရနေတယ် ဘိုးသာရာ' တဲ့။
'ငါတို့အားလုံး စိတ်မကောင်းကြပါဖူးကွာ.. ဘိုးသာရာ၊ ကောင်းရာသုဂတိလားပါစေ' တဲ့။
ဒီက သံယောဇဉ်တင်မကပါဖူး..။ ဟိုး..... ကမ္ဘာအနောက်ခြမ်းမှာ နေထိုင်တဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်း အကိုကြီး မောင်မာယာ တယောက်ကလဲ အလွန်စိတ်ထိခိုက်အောင် ပြောတတ်တာ....။
'မြန်မာပြည်က ထညက်ခဲကို လွမ်းတယ်ဗျာ... မစားရတာ ဘယ်လောက် ကြာသွားပြီလဲ တောင် မပြေတတ်တော့ဘူး....'
 
'.... သူနဲ့ ငရံ့ အူနဲ့ မစားရတဲ့ သက်တမ်း၊ အတူတူလောက်ရှိမှာ.....'
'ဒီနေ့ တခုသတိရတယ်၊ '၀ရောင်းချဉ်'၊ မစားရတာ နှစ်နှစ်ဆယ် ကျော်သွားပြီ..'
' '၀ရောင်းချဉ်' ဆိုတာ သိလား၊ မော်လမြိုင်က။ ဒေါင်းခြေရောပဲ'
'အညာက နွားနို့ခဲ၊ ကျွဲနို့ခဲ ကိုလဲ လွမ်းတယ်....'
'စားချင်တာတွေ၊ သွားချင်တာတွေ၊ ကျန်းမာတုန်း၊ စားနိုင်တုန်း၊ သွားနိုင်တုန်း၊ ပြန်နိုင်ရင် ကောင်း မှာနော်...၊ ကပ်ပေါ်တင်ပြီး ပက်လက်ပြန်သွားရလို့ ဘာလုပ်ရမှာလဲ...'
'ဘယ်လိုမှ မတတ်နိုင်ပါဖူး.....'
 
ဘယ်လိုမှ မတတ်နိုင်ပါဘူးတဲ့.....။ မပြောပါနဲ့...။ အဲလို မပြောကြပါနဲ့...။
အိမ်ပြန်ချိန်ဆိုတာ ရောက်လာမှာပါ...။
ပျော်စရာ အကောင်းဆုံးနဲ့ ကြည်နူးစရာအကောင်းဆုံး အိမ်ပြန်ချိန်ဟာ တနေ့နေ့မှာ ရောက်ကိုလာမှာပါ..........။

နုနုရည် အင်းဝ။
source..... မာယာ
သူစိမ်းတွေကြားမှာ (၄) ဒုတိယပိုင်း

နောက်စာသင်ဖက်နှစ်ယောက်က မွန်ဂိုက အကဆရာမ နှစ်ယောက်......။
တယောက်က အသက်အစိတ်၊ တယောက်က နဲနဲကြီးရှာပြီ။ ငါးဆယ့်ငါးနှစ်တဲ့...။ နှစ်ယောက်လုံးက အင်္ဂလိပ်လို မပြောနိုင်ရှာတော့ ပြဿနာပေါ့။ အငယ်မလေးက နဲနဲလေး ရတယ်။ 'ဂျာဂါ' ဆိုတဲ့ အကြီးမကြီးက လုံးလုံးမရရှာဖူး။ သူက သူတို့နိုင်ငံမှာ နံမည်ကြီး မင်းသမီးကြီးပေါ့။ သူတို့ ယဉ်ကျေးမှုတက္ကသိုလ်မှာ အကဆရာမပေါ့...။ သနားဖို့ကောင်းတာက ကိုးရီးယားစာကို သူ့ခမျာ ဘယ်လိုမှ မလိုက်နိုင်ရှာဖူး။ လက်တခါခါနဲ့ ခေါင်းကို ထိုးပြပြီး သူဘာမှ မသိဖူးတဲ့။ သူတို့ မွန်ဂိုတွေ ကျွမ်းကျင်တာက ရုရှားဘာသာစကားတဲ့။ ရုရှားလိုတော့ ကောင်းကောင်းပြောတတ်တယ်။ မွန်ဂိုတွေလဲ ကိုးရီးယားကို အလုံးအရင်းနဲ့ ၀င်နေကြတာပေါ့။ ပညာသင်ဖို့ ရောက်လာကြတဲ့ လူငယ်တွေ အများကြီးရှိသလို စားသောက်ဆိုင်တွေမှာလဲ မွန်ဂိုမလေးတွေ အများကြီးပဲတဲ့...။



မွန်ဂိုမင်းသမီးကြီး 'ဂျာဂါ' ကို ကျွန်မ တကယ့်ကို ကျေးဇူးတင်ရတာရှိတယ်။ ကျွန်မ ဒီကို ရောက်ပြီး တလလောက်မှာ လမ်းလျှောက်တာတွေ များလို့လား ဘာလား မသိပါဖူး..။ အခန့်မသင့်ဖြစ်ပြီး အခန်းထဲမှာပဲ ကျွန်မညာဘက် ခြေဖမိုးထဲက မျက်ကနဲဖြစ်သွားပြီး လမ်းလျှောက်လို့ကို မရတော့ဖူး ဖြစ်သွားသေးတယ်။ တကယ်ဆိုတော့ ကျွန်မအစဉ်အလာက ဘယ်နေရာရာ ရောက်ရောက်၊ ချော်လဲတတ်တဲ့ အစဉ်အလာရှိတယ်။ အရိုးအကြော စပါယ်ရှယ်လစ် 'ဒေါက်တာပင်ဒိုရာအောင်ကြီး' ဟာ ကျွန်မရဲ့ အားထားရာပေါ့...။ ဒေါက်တာပင်ဒိုရာ မရှိတဲ့ ဒီနေရာမှာ ချော်မလဲအောင် ကိုယ့်ဟာကိုယ် သတိထားနေရင်းက ဖြစ်သွားတာလေ....။ အဲဒါ တက္ကသိုလ်ဆေးရုံကို သွားဖို့ပြင်နေတုန်း မွန်ဂိုမင်းသမီးက ကျွန်မဆီရောက်လာတာ။ သူကလဲ ကျွန်မတို့ (KNUA) အစီအစဉ်နဲ့ ရောက်နေတဲ့သူလေ..။ သူက ကျွန်မကို လိမ်းဆေးအဆီ ရှိလားတဲ့။ မရှိလဲ ဟင်းချက်တဲ့ ဆီဆိုလဲ ရတယ်တဲ့။ ကျွန်မက လင်ဇီးလိမ်းဆေး အဆီရှိတယ်လို့ သူ့ကိုပြတော့ 'ပေး' ဆိုပြီး တခါထဲ ကျွန်မအိပ်ရာဘေးမှာ ဒူးလေးထောက်ပြီး ကျွန်မ ခြေဖမိုးတ၀ိုက်ကို နှိပ်တော့တာ....။ တကယ့်ကို ညင်သာပြီး ကျွမ်းကျင်တာပဲ...။ သူက လက်ဟန်ခြေဟန်တွေနဲ့ ပြောပြရှာတယ်...။ သူတို့ က,တဲ့သူတွေဟာ ခဏခဏ အကြောတင် တတ်တယ်တဲ့။ အဲဒါကြောင့် သူ ဒီပညာကို သင်ထားတာပေါ့လေ....။ ဘာမှ မစိုးရိမ်နဲ့၊ ဆေးရုံလဲ မသွားနဲ့၊ ဆေးရုံသွားရင် ကိုးရီးယားထုံးစံ အပ်တွေနဲ့ စိုက်လိမ့်မယ်တဲ့....။ သူ သုံးရက်နှိပ်ပြီးရင် ပျောက်သွားလိမ့်မယ်ဆိုပြီး ကျွန်မကို...၊ မနက်တိုင်း သုံးရက်တိတိ လာနှိပ်ပေးရှာတာ...၊ အံ့သြစရာ၊ နှစ်ရက်မြောက်မှာ ကျွန်မ လမ်းလျှောက်နိုင်သွားတယ်လေ...။ သူငယ်ချင်း 'ဂျာဂါ' ကို တကယ်ကို ကျေးဇူးတင်ရ တာပေါ့...။

နောက်နှစ်ယောက်သော သူငယ်ချင်းက 'မန်ဂျူ' ဆိုတဲ့ နီပေါမလေးနဲ့ 'ဂျူဒီ' ဆိုတဲ့ အိန္ဒိယသူ ကုလားမလေး။ အသက်ကလေးတွေက နှစ်ဆယ်တနှစ်နဲ့ နှစ်ဆယ်နှစ်နှစ်။ 'ဂျူဒီ' လေးက အသက်နှစ်ဆယ်နှစ်နှစ်ပေမဲ့ အိန္ဒိယထုံးစံအတိုင်း သားတယောက်အမေ ဖြစ်နေပြီ....။ သူ့ယောက်ျားလေးက သြစတေလျမှာ...။ သားငယ်လေး တနှစ်သားကို အဖေအမေဆီမှာ ထားခဲ့ပြီး သူ့ကုမ္ပဏီက တက်ခိုင်းတဲ့ ကိုးရီးယားဘာသာစကား ဆယ်ပတ်သင်တန်းကို လာတက်ရရှာတာ...။

နိပေါမလေး 'မန်ဂျူ' ကတော့ ကျောင်းတက်ဖို့လာတာ..။ ထုံးစံအတိုင်း ကိုးရီးယားစာ သင်ပြီး ကျောင်းရှာရမှာပေါ့။ သူကလေးက ကိုးရီးယားစာကို အပြင်းအထန်လုပ်ရမှာဆိုတော့ ဒီတတန်းထဲတင်မဟုတ်ပဲ တခြားအတန်းတွေကိုပါ တနေကုန် လိုက်တက်နေရရှာတာ...။ ကျွန်မတို့ အတန်းထဲမှာတော့ မန်ဂျူဟာ အတော်ဆုံးပေါ့။ မသိတာရှိရင်...၊ သူ့ကို အားလုံးမေး ကြရတာပဲ။ သူရယ်၊ ကုလားမလေးဂျူဒီရယ်၊ ကျွန်မသူငယ်ချင်း နီပေါပန်းချီဆရာမ အယ်ရီနာရယ် သုံးယောက်က ဟိန္ဒူစတန်နီစကားနဲ့ ပြောလို့ရကြတော့... အိုး... အတန်းထဲမှာ တကယ် ကုလားသိုက်ကျားဝင်ကိုက်ပဲ။
'ဆရာမအင်' က သူတို့ကြောင့်ပဲ အတန်းထဲမှာ ကိုးရီးယားစကားကလွဲရင် တခြား မည်သည့်ဘာသာစကားကိုမျှ မပြောရ၊ ပြောတဲ့သူ တခါပြောရင် ၀မ် ၅၀၀ ပေးရမယ်၊ အဲဒီပိုက်ဆံနဲ့ ဒီသင်တန်းပြီးရင် ပီဇာပါတီလုပ်မယ်ဆိုပြီး စည်းကမ်းသတ်မှတ်ရတော့တာ။

အဲဒီ စည်းကမ်းသတ်မှတ်တဲ့နေ့မှာပဲ အီရန်သားလေး အားလီက ၀မ်တသောင်းတန်ကို ရန်ပုံငွေပုံးလေးထဲ ချက်ချင်းထည့်တယ်လေ...။ သူက မဖြစ်ဖူးတဲ့၊ သူစာနားမလည်တာကို အီရန်မလေး 'မာရီ' ကို မေးမှ ဖြစ်မှာတဲ့..။ သူဘာမှ နားမလည်ဖူးတဲ့...။ တကယ်လဲတကယ်...၊ အဲဒီကလေးဟာ အတန်းထဲမှာ ဘာမှလဲ လိုက်မရေး၊ လိုက်မမှတ်တော့ဖူး၊ ထိုင်နားထောင်နေ တာပဲ..။ ပြီးရင် တခိခိရယ်ရော..။ သူ့ကြောင့်လဲ ဆရာမ'အင်' မျက်လုံးပြူးရပြီး တတန်းလုံး တဟားဟားရယ်ရတာလဲ အကြိမ်ကြိမ်...။ 'လှတယ်' ဆိုတဲ့ ကိုးရီးယားစကားကို 'အားလီ' တလွဲသုံးလိုက်ပုံက 'အရသာရှိတယ်' ဆိုတဲ့ စကားနဲ့လေ...။ ဆရာမ'အင်' က နံမည်ကျော်မင်းသမီး 'ဆောင်းဟေဂို' (ကျွန်မတို့ရဲ့ အွန်စော) ပုံကို ပြပြီး 'အားလီ' ကို စကားလုံး သုံးခိုင်းတာ.. အားလီသုံးပြလိုက်တယ်လေ..။ "ဆောင်းဟေဂိုဟာ အရသာသိပ်ရှိတယ်" တဲ့...။
ကျွန်မလဲ ဆရာမ 'အင်' ကို မျက်လုံးပြူးအောင် လုပ်ပြီးပါပြီ...။

တခုသော စာသင်ချိန် အစမှာ ဆရာမလေးက မျက်နှာလေးညှိုးညှိုးနဲ့..။ မနေ့ညကပဲ သူ့ရဲ့ ချစ်သူဟာ မီဂု(အမေရိကား) ကို ပြန်သွားပြီတဲ့။ အဲဒါကြောင့်.. သူ အခု ဘာဖြစ်နေသလဲ လို့ class ကို အသုံးချမေးခွန်းမေးတော့တာပဲ။ လူကြီးဦးဏှောက်နဲ့ စကားလုံးတွေကို မှတ်တတ်တဲ့ ကျွန်မက ဖြတ်ခနဲ ဖြေချလိုက်တယ်။ 'ဆရာမအင် ခေ့ဖုမီတာ ဖြစ်နေတယ်' လို့လေ...။ ဆရာမအင် ၀မ်းနည်းနေတယ်ပေါ့။ ဆရာမအင်မှာ မျက်လုံးပြူးသွားပြီး 'ဘာ... ခေ့ဖုမီတာ' ဆိုပြီး 'နိုးနိုး အာနိယို ဆေ့ဖုမိတာ' လို့ ကဗျာကရာ ပြင်ပေးရင်းက တဟားဟားရယ်ရော..။ ပြီးတော့မှ "ဂမ်ဆမ်းမီသာ၊ ကျေးဇူးပဲ နုနု၊ ငါ့ချစ်သူကြောင့် ဆေ့ဖုမီတာ ဖြစ်နေတာ မင်းကြောင့် ခုမှ ငါ ခေ့ဖုမီတာ ဖြစ်သွားတော့တယ်.." တဲ့။ 'ဆေ့ဖုမီတာ' က ၀မ်းနည်းတာ၊ 'ခေ့ဖုမီတာ' က ပျော်ရွှင်တာလေ...။

ကျွန်မတို့ အတန်းလေးဟာ ကိုယ့်ဟာနဲ့ကိုယ်တော့ 'ခေ့ဖုမီတာ' ဖြစ်နေတာပါပဲ...။ မန်ဂျူလေးနဲ့ ဂျူဒီလေးကလဲ တချိန်လုံး ကျွန်မကို ကုလားသီချင်း လိုက်သင်လား သင်ရဲ့....။ တခါသား ကျွန်မက နောက်ပြီး သူတို့အရွယ်တွေ မသိနိုင်တော့ဖူး ထင်တဲ့ ကျွန်မတို့ ငယ်ငယ်က ကုလားသီချင်း 'ရူးပွတ်တေနား၊ မာစတားနား' ကို ဆိုပြလိုက်မိတာ....၊ အံ့သြစရာ သူတို့က သိနေပြီး၊ ခုချိန်ထိ ခေတ်စားနေဆဲ.. သီချင်းတဲ့။ တချိန်လုံး ကျွန်မကို သင်ပေးနေတော့တာပဲ။ class ခဏနားတဲ့အချိန်ဆို အိန္ဒိယသူ ဂျူဒီက အက, လေးတောင် ပါလိုက်သေးတယ်။ ချစ်စရာလေးတွေပါ။
ချစ်စရာ ပျော်တတ်သော ဂျူဒီလေးဟာ အံ့သြစရာ.... မျက်ရည်ကျတတ်သော၊ အနုပညာကို ခံစားတတ်သော ကလေးလဲ ဖြစ်လို့ နေပါသေးတယ်။ ကိုးရီးယားစာသင်ကြား ရေးမှာ နားထောင်တတ်ဖို့၊ နားလည်နိုင်ဖို့ အတွက် ရုပ်ရှင်ပြပြီး သင်တာပါတယ်။ ကိုးရီးယားလို စကားပြော၊ စာတန်းလဲ ထိုးပေးထားတာပေါ့။

ကျွန်မတို့ကို ပြတဲ့ ရုပ်ရှင်ကားလေးက 'The way home' တဲ့။ ကိုးရီးယားလို 'ဂျီဘေ့ယို' မြန်မာလို 'အိမ်အပြန်' ပေါ့လေ..။ မြေးအဖွား နှစ်ယောက်အကြောင်းလေးကို ရိုက်ပြထားတာ။ သူတို့ဆီမှာ ဆုတွေ အများကြီး ရတဲ့ကားပေါ့။ ဇာတ်ကားထဲက အသက် (၇၇)နှစ် အရွယ် ဇာတ်ဆောင်အဖွားကြီးက ရုပ်ရှင်သရုပ်ဆောင် မဟုတ်ဖူး။ အပြင်က တကယ့်အစိမ်း သက်သက်ကို ထည့်ပြီး ရိုက်ထားတာ။ ရိုက်ရတာ သိတ်ကို ခက်မှာပါပဲ..။ ဒီကားလေးကို ကျွန်မက မြန်မာပြည်မှာ ကတဲက ကြည့်ပြီးနေပြီလေ။ စာသင်ခန်းမှာ ကြည့်တာသုံးကြိမ် မြောက်လို့ ပြောတဲ့အခါ ဆရာမ'အင်' က အံ့သြလို့...။ မြန်မာပြည်မှာ ရှားရှားပါးပါး ဇာတ်ကား လေးတွေ ရလာရင် လက်တို့ လဲလှယ်ကြည့်ကြတဲ့ ရုပ်ရှင်ရူးအဖွဲ့မှာ ကျွန်မလဲ အဖွဲ့ဝင်တယောက်ပေါ့။ ဆရာသုခမိန်လှိုင်ဟာ ဥက္ကဌတောင် ရွေးချယ်တင်မြှောက်ထိုက်တဲ့ သူလေ...။
ရှားရှားပါးပါး၊ ဇာတ်ကားကောင်းလေးတကား ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဖူး။ ၀တ္ထုကောင်းလေးတပုဒ် ဖတ်ရတဲ့ အရသာနဲ့လဲ ဆင်ဆင်တူပါတယ်။

ကိုးရီးယားဇာတ်ကားအားလုံးကို ကျွန်မ မကြိုက်ပါဖူး။ အထူးသဖြင့် Series လို့ ခေါ်တဲ့ Soap Opera အမျိုးအစား၊ ဇာတ်လမ်းတွဲတွေကို မကြိုက်ဖူး။ soap opera ထုံးစံအတိုင်း..၊ ဇာတ်ကို ဆွဲဆန့်ရတဲ့အခါမှာ လှလှပပ၊ သပ်သပ်ရပ်ရပ်၊ ဆွဲမဆန့်တတ်ရင်..၊ 'ဆွဲဆန့်ထားတဲ့ အရာကြီး' ကို မြင်နေရရော...။ အရသာက ဘယ်လိုမှ မရှိတော့ဖူး။ ကိုးရီးယားရုပ်ရှင်ဇာတ်ကား ကို ပိုကြိုက်တယ်။

မြန်မာပြည်မှာတုန်းက ဘယ်လိုမှ အရသာမရှိတဲ့ ခိုးကူးခွေတွေကို မကြည့်ချင်တာနဲ့ မကြည့်ဖြစ်ခဲ့တဲ့ နံမည်ကျော် ဒါရိုက်တာ ရင် (ဂျန်ဒေါင်ဝန်) နဲ့ ထယ်ဆောက် တို့ရဲ့ နံမည်ကြီး ကိုးရီးယားစစ်ကားကို ဒီကျမှ ကျွန်မကြည့်ရတယ်။ 'Taegukgi' ဆိုတဲ့ ၁၉၅၀က တောင်နဲ့မြောက် ကိုးရီးယားစစ်ပွဲကားပေါ့။
ကျွန်မကြည့်ရတဲ့ နေရာက အဲဒီ စစ်ပွဲဖြစ်ခဲ့တဲ့နေရာ၊ 'ဒယ်ဂု' မြို့ရဲ့ စစ်သမိုင်းပြတိုက်ကို လေ့လာဖို့အသွား၊ ကားပေါ်မှ အဲဒီရုပ်ရှင်ကို ပြတာ...။ ကာလ ဒေသ နောက်ခံကပဲ တိုက်ဆိုင်နေလို့လား မသိပါဖူး။ ကောင်းလိုက်တဲ့ ရုပ်ရှင်..။

တောင်နဲ့မြောက်ကိုးရီးယား စစ်ပွဲအတွက် လူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲ ၀င်ဖို့ ဆွဲခေါ်တဲ့အထဲမှာ ညီငယ်လေးက ပါသွားတော့၊ အကိုလုပ်သူက လိုက်ခေါ်ရင်း... သူပါ .. လိုက်သွားရပြီး၊ စစ်ပွဲထဲ ရောက်သွားကြရတဲ့ ဇာတ်ပေါ့။ စစ်ပွဲတွေကို ရိုက်တာလဲ သိပ်ကောင်းတာပဲ၊ ကင်မရာတွေရော၊ သရုပ်ဆောင်တွေရော၊ စစ်ပွဲထဲကို ကိုယ်ပါရောက်သွား တော့တာပါပဲ။ တကယ်တမ်းဆို ကျွန်မက 'စစ်ကား' ဆို သိပ်မုန်းတာ..၊ သိပ်ကောင်းလွန်းတဲ့ ကားကျမှ ကြည့်တာ။ ဒီဇာတ်ကားကို ကျတော့ သဘောကျလိုက်တာ။ စိတ်ထဲမှာလဲ ဖြစ်မိတယ်၊ အော် သူတို့ စစ်ကားလဲ ကောင်းကောင်း ရိုက်တတ်သွားပြီလို့....။

အဲဒီကားထဲမှာ ကျွန်မ သိပ်ကို ခံစားရတဲ့ အကွက်လေး တကွက် ရှိတယ်..။ ကျွန်မကို ရက်ပေါင်း တော်တော်ကြာကြာ စိတ်ထိခိုက်စေခဲ့တဲ့ အခန်းလေးပေါ့။ စစ်ထဲပါသွားတဲ့ အကို လုပ်သူမှာ မအေမုဆိုးမ မိသားစုနဲ့အတူတူ ကျန်ခဲ့တဲ့ ငယ်ငယ်ကတည်းက အတူနေလာခဲ့ သူလေး ရှိတယ်။ အဲဒီ မိန်းကလေးကပဲ ညီအကိုနှစ်ယောက်ရဲ့ မိသားစုကို စစ်အတွင်းမှာ လုပ်ကိုင်ကျွေးမွေးခဲ့ရှာတာပေါ့။ တောင်ကိုးရီးယားတပ်တွေက အောင်ပွဲခံပြီး၊ ညီအကို နှစ်ယောက် ပြန်လာတဲ့အခါမှာ အဲဒီမိန်းကလေးဟာ စစ်အတွင်းမှာ မြောက်ကိုးရီးယားတပ်ကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့မှုနဲ့ အဖမ်းခံနေရရှာပြီ။ 

အကိုလုပ်သူက ဒေါသနဲ့ လိုက်သွားတဲ့အခါမှာ သူတို့ရဲ့ တောင်ကိုးရီးယားစစ်တပ်က မရဖူး၊ သစ္စာဖောက်တွေကို လွှတ်မပေးနိုင်ဖူးတဲ့။ စစ်အတွင်း တိုက်ပွဲတွေမှာ အသေခံတိုက်ပွဲဝင်ခဲ့တဲ့..၊ သူရဲကောင်းဘွဲ့ တံဆိပ်ရ အကိုလုပ်သူက မိန်းကလေးကို...၊ 'ဒါ ငါ့မိသားစုဝင်ကွ' လို့ပြောပြီး ဆွဲခေါ်တဲ့အချိန်မှာ မိန်းကလေးက ပြောရှာတယ်။ 'ငါလက်မှတ်ထိုးတာ မှန်ပါတယ်ဟယ်....တဲ့...၊ ဒါပေမဲ့ ငါ ငတ်လွန်းလို့ ထိုးလိုက်မိတာပါ...၊ အဲဒီလက်မှတ်ထိုးရင် တို့မိသားစုအတွက် စားစရာပေးမယ် ဆိုလို့ပါ... ' တဲ့။ အကိုလုပ်သူက မချိတင်ကဲနဲ့ မိန်းကလေးကို ဆွဲအထွက်၊ နောက်ကနေ သေနတ်နဲ့ ပစ်ချလိုက်တာ...၊ နောက်ကျောတည့်တည့်မှန်ပြီး လဲကျသွားရှာတဲ့ မိန်းကလေးက ချစ်တဲ့သူရဲ့ ရင်ခွင်မှာ နောက်ဆုံး စကားလေးတခွန်းကို ပြောပြီး ဆုံးပါးသွားခဲ့ရှာတာ။

'ငါနင့်ကို ဘယ်လောက်လွမ်းခဲ့ရတယ်ဆိုတာ နင်သိမှာ မဟုတ်ပါဖူး....' တဲ့။ မျက်ရည်မပါပဲ သူပြောသွားတဲ့ စကားလေးတခွန်းဟာ ကျွန်မကို မျက်ရည်တပေါက်ပေါက် ကျစေခဲ့ပါတယ်...။ တကယ်တော့ သူပြောတဲ့ စကားလေးဟာ အင်္ဂလိပ်လို စာတမ်းလေးပါ။ သူပြောတဲ့ ကိုးရီးယားစကားကို ကျွန်မ နားမလည်ပါဖူး.....။
ကျွန်မတို့ စာသင်ခန်းမှာ ကြည့်ရတဲ့ မြေးအဖွားဇာတ်ကားလေးကလဲ....၊ ဇာတ်ကလေးက ပါးပါးလေးရယ်...။ ဝေးလံသီခေါင်လှတဲ့ ရွာကလေးမှာ တယောက်ထဲ နေရရှာတဲ့ အဖွားအိုဆီကို ဆိုးလ်မြို့ကြီးမှာနေတဲ့၊ သမီးလုပ်သူက သူ အဆင်မပြေတဲ့ အခိုက် အတန့်လေးမှာ သူ့ရဲ့ ခုနှစ်နှစ်ရွယ်သားလေးကို ခဏလာပို့ထားတဲ့ အဖြစ်အပျက်လေးပေါ့။

မြေးနဲ့အဖွားက တခါမှ မတွေ့ဖူးကြဖူး။ အဖွားက စကားလဲမပြောတတ်၊ စာလဲကောင်း ကောင်းမတတ်ရှာဖူး။ မြေးကလဲ မြေးဆိုးကလေး...။ ခါးကုန်းကုန်းကြီးနဲ့ ဆင်းရဲပင်ပန်းစွာ နေရရှာတဲ့ အဖွားကို အမျိုးမျိုးဆိုး။ အဖွားက အားလုံးခွင့်လွှတ်။ နောက်ဆုံးတော့ မြို့ကအမေက ပြန်လာခေါ်ခါနီးမှ မြေးကလေးက သံယောဇဉ်တွယ်သွားပြီး စိတ်ထိခိုက်စွာ ခွဲခွါကြတာလေးကို ရိုက်ပြထားတာ။

ကျွန်မ ဒီဇာတ်ကားလေးကို ကြည့်တဲ့အခါတိုင်း မြို့ကို ပြန်ရခါနီးမှာ၊ မြေးကလေးက မမြင်မစမ်းနဲ့ အပ်ပေါက်ထိုးရရှာတဲ့ အဖွားအတွက် အပ်ပေါက်ထိုးပြီးသား ချည်အရှည်ကြီးတွေ နဲ့ အပ်တွေကို အပ်ချုပ်ခုံကလေးမှာ အများကြီး ထိုးပေးထားခဲ့တဲ့ အခန်းလေးကိုရောက်ရင်... ဘယ်လိုမှ ထိန်းမရပဲ မျက်ရည်က ဝေစမြဲပေါ့....။ ကျွန်မချစ်တဲ့အဖွားကို ဟိုစဉ်ငယ်ဘ၀တုန်း က အမြဲ အပ်ပေါက်ထိုးပေးရတာလေ...။

ကျွန်မတို့ ကြည့်နေကြတုန်း အဲဒီအခန်းလေးလဲရောက်ရော... မှောင်နေတဲ့ အခန်းထဲ မှာ ရှိုက်ကြီးတငင် ငိုချလိုက်တဲ့ အသံက အကျယ်ကြီး ထွက်လာခဲ့ပါတယ်။ ဆရာမ 'အင်' လဲ လန့်ဖြတ်သွားပြီး မီးကို ဖွင့်လိုက်တော့ အိန္ဒိယသူလေး ဂျူဒီရယ်လေ..။ ကျွန်မက 'ဂျူဒီ' လို့ ခေါ်လိုက်တော့ မျက်ရည်ဝေနေတဲ့ ကျွန်မဆီ သူပြေးလာပြီး 'နုနု.. နုနု' ဆိုပြီး ဖက်ပြီး ငိုတာ၊ ငိုတာ၊ မနဲချော့ရတယ်။
ခံစားတာချင်း၊ ခံစားတတ်တာချင်း မတူကြပုံများ..၊ အီရန်သားလေး 'အားလီ' နဲ့ အီရန်မလေး 'မာရီ'တို့ကတော့ တခိခိနဲ့...။ ဂျူဒီလေး ဘာကြောင့် အဲလို ဖြစ်တာလဲတဲ့။ မာရီက သူ့အနေနဲ့ အဲဒီရုပ်ရှင်ထဲက မြေးဆိုးကောင်လေးကို အပြင်ဖက်ခေါ်ထုတ်ပြီး ခပ်စပ်စပ်လေး ရိုက်ပစ်ချင်တာပဲ ရှိတယ်တဲ့။

နိပေါသူ 'မန်ဂျူ' လေး ဆရာမ'အင်' ကို မေးတဲ့ မေးခွန်းကတော့ good question ပါ။ ဒါလောက် အသက်ကြီးပြီး ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနေရရှာတဲ့ အဖွားအိုတယောက်ထဲ ပစ်ထားတာ ဘာကြောင့်လဲတဲ့။ ဆရာမ'အင်' ခမျာ ကျေနပ်လောက်တဲ့ အဖြေကို မပေးနိုင် ရှာဘူး။ 'တောရွာမှာနေကြတဲ့ လူငယ်တွေဟာ၊ ဆိုလ်း မြို့ကြီးမှာပဲ နေချင်ကြတယ်တဲ့၊ အဲလိုနဲ့ မြို့ကို တက်လာကြပြီး အဖိုးအို အဖွားအိုတွေကို တောရွာတွေမှာ အဲလိုပဲ ထားပစ်ခဲ့ကြတယ်...' တဲ့လေ။
ဒီဇာတ်ကားလေးဟာ သူတို့ရဲ့ ဒီနေ့ လူနေမှုဘ၀အစစ်ကို ထင်ဟပ်တယ်ဆိုရင်ဖြင့် စိတ်မကောင်းစရာပါ။ ကျွန်မတို့ အာရှရဲ့ လူနေမှုဘ၀ယဉ်ကျေးမှုဟာ ဒီလိုမှ မဟုတ်တာပဲ...။ ဒီလိုနဲ့ပဲ ပြောင်းလဲသွားရတော့မှာလား။

ကျူးဘားကလေး မောင်အန်းဒီက မျက်နှာငယ်လေးနဲ့ မျက်ရည်သုတ်စရာ တစ်သျှူးစက္ကူလေးတွေကို ကျွန်မနဲ့ ဂျူဒီကို ပေးရင်း သူ့စတိုင်အတိုင်း ခေါင်းလေးတရမ်းရမ်းနဲ့ 'grandma' 'grandma' တဲ့။
ရုပ်ရှင်ပြပြီးတော့ ဆရာမ'အင်' က စာဆက်သင်တော့ နဲနဲခက်တဲ့ သင်ခန်းစာအသစ်ကို စသင်တယ်လေ။ ထုံးစံအတိုင်း စိတ်ရှုပ်ထွေးသွားတဲ့ မျက်နှာနဲ့ မောင်အန်းဒီက ကျွန်မကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မနားကို ဖြတ်ကနဲ ကပ်ပြီး 'နုနု ဆဲဂျုန်း ဘုရင်က ရူးနေတာ' တဲ့ လေ။ ကျွန်မသာ ရယ်ချင်တဲ့ စိတ်ကို ချုပ်တည်းထားရတာ၊ သူက ခပ်တည်တည်နဲ့၊ လက်ညှိုးကို ကောက်ပြီး နားထင်ကို ထောက်ပြထားလို့...။ ဆရာမစာသင်တာကို စိတ်ဝင်စား ချင်ဟန်ဆောင်နေတယ်။ ချစ်စရာ ရယ်စရာကောင်းတဲ့ ကလေးလေး....။
ဒီ သူစိမ်းကလေးတွေနဲ့တော့ တခါတလေ ပျော်စရာကောင်းပေမဲ့....၊ အခန်းထဲမှာ တယောက်ထဲဆိုရင်တော့ စိတ်က ဖောက်ချင်လာတတ်တယ်.. မြေးကလေးရေ....။

ဟောကြားလား... ဒေါ်ရီသန့်ကလေ...
"xx ဘယ်ဝယ်ဆီxx တမ်းတကာxx မှန်းဆကာxx လွမ်းရပါ့မည်... ငှက်အသွင်xx တောင်ပံဖြန့်ချီ...." တဲ့.... မြေးကလေးရဲ့....။
ဘာတဲ့.. ကျောက်ပန်းတောင်း ခင်စိုးဦးလေးကလဲ... "ကျွန်မတို့.. ရွှေပြည်ကြီး.. ကွာဝေးသလို.. ကွာဝေးသလိုxx" တဲ့။

နုနုရည် (အင်းဝ)
KNUA ခူနွာညနေခင်း။
စက်တင်ဘာ၊ ၂၀၀၈။
source..... မာယာ


Friday, 2 December 2011

သူစိမ်းတွေကြားမှာ (၄) ပထမပိုင်း


မြေးကလေးရေ.... သူစိမ်းတွေကြားမှာ၊ သုံးလကျော်လာတော့၊ အဖွားတယောက် နဲနဲတော့ စိတ်ဖောက်ချင်လာပြီ......။
အခန်းထဲမှာ အင်တာနက်က အရိုင်း၊ ငှက်ပျောကြော်၊ ဒေါ်ရီသန့်တို့ရဲ့ စည်တော်ကြီး သီချင်းခွေတို့၊ မြို့မနှစ်ပတ်လည်တို့ကို အကျယ်ကြီးဖွင့်ပြီး.....၊ တယောက်ထဲ လိုက်အော် ဆိုတာတွေ လုပ်ကုန်ပြီ....။
ဂျူမုံတို့၊ အွန်စောတို့ရဲ့ နွေရာသီကလဲ သူတို့ပြောတဲ့ အပူဆုံးလဆိုတဲ့အတိုင်း၊ အတော်လေးတော့ ပူလာသား...။ သူတို့ပူနည်းက ချွေးမထွက်ပဲ၊ ခြောက်ခြောက်ကြီး (မီးဖိုနားရပ်နေရသလိုမျိုး) ပူတာပဲ...။ ဘယ်လိုကြီးမှန်းမသိဘူး။


'.. ဂါ၊ နာ၊ ခါ၊ လာ၊ မာ၊ ဘာ၊ ဆာ
.... အာ၊ ဂျာ၊ ချ၊ ခ၊ ထ၊ ဖ၊ ဟ'
ကျွန်မအော်နေတာကို နားထောင်ပြီး လွမ်းစိတ်ကြောင့် စိတ်ကရောက်ကယက် ဖြစ်သွားတာလား၊ ကိုးရီးယား နွေအပူဒဏ်ကြောင့် ဦးဏှောက်ချောင်သွားလေသလားလို့ မထင်လိုက်ပါနဲ့အုန်းနော်....။
ကိုးရီးယားဘာသာစကား သင်ယူနေရတဲ့ သူငယ်တန်းကျောင်းသူလေး နုနုရည်အင်းဝ ရဲ့ လေ့ကျင့်မှုပါ။ သူတို့ရဲ့ ဗျည်း (၁၄)လုံးကို ကျွန်မအော်နေတာပါ။
 
တယောက်ကို ဒေါ်လာ (၁၄၀၀)၊ ကိုးရီးယားဝမ် (၁၅) သိန်း ကျသင့်တဲ့ သင်တန်းကြေးနဲ့ (Hankuk Forigen Language Studies) ဆိုတဲ့ ကိုးရီးယားနိုင်ငံရဲ့ နံမည်အကြီးဆုံး နိုင်ငံခြားဘာသာတက္ကသိုလ်မှာ၊ (၁၀) ပတ်တိတိ ကိုးရီးယားဘာသာစကား အပျော်တမ်းသင်ကြားရေး အစီအစဉ် စတင်နေပြီလေ။
 
ကျွန်မတို့ (KNUA) အဆောင်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လိုက်ရင် ကျွန်မတို့ စာသင်ခန်းကို ရောက်တယ်။ မနက် (၉)နာရီမှာ စသင်ရပြီး၊ နေ့ခင်း (၁)နာရီမှာ ပြီးတယ်။ အဲဒီတော့ (၀မ်းသွားဖို့ ချော့မြူရတဲ့) ကိုယ့်ဒုက္ခနဲ့ကိုယ်၊ စောစောလေး ထရတယ်။ 'ခူနွာ (KNUA)' ရဲ့ စိမ်းမြတဲ့ တောအုပ်တွေကို ကြည့်ရင်း အင်တာနက်က ဒေါ်ရီသန့်တို့၊ ဒေါ်ချိုပြုံးတို့၊ ကိုသုမောင်တို့နဲ့ အတူတူ စိမ်ပြေနပြေ လက်ဘက်ရည်သောက်လေ့တဲ့ မနက်စာချိန်လေးကို နှမြောလှပါတယ်။ ခုဆို ကျွန်မမှာ တီးမစ်ထုပ်တွေလည်း ရှိနေပြီလေ။ Lipton Tea နဲ့ နို့ဆီဗူးလဲ ရှိနေပြီလေ။ မြန်မာပြည်က တီးမစ်ထုတ်တွေကို သမီးမျိုးမျိုး (မျိုးသန္တာထွန်း)က ကိုးရီးယား လူကြုံရှာပြီးတော့ကို တကူးတကန့် ထည့်ပေးလိုက်ရှာတာ။ Lipton Tea နဲ့ နို့ဆီကိုတော့ ဒီက စာဖတ်ပရိသတ်ကလေးတွေ ထိုင်းဆိုင်ကနေ ရှာပြီး ၀ယ်လာပေးကြရှာတာ၊ သိပ်အံ့သြဖို့ ကောင်းတာပဲ၊ Lipton Ton ကို မနဲ လိုက်ရှာရတာလေ....။ 

စူပါမားကက် အကြီးကြီးတွေမှာတောင် မရှိဘူး။ သူတို့က ကျွန်မတို့လို အင်္ဂလိပ် Tea ပေါ့လေ..၊ လက်ဘက်ရည်ချို သောက်လေ့မရှိကြဖူး။ လက်ဘက်ရည်ကြမ်း (Green Tea) ပဲ သောက်ကြတာကိုး။ ဘယ်ဆိုင် မှာပဲ ဖြစ်ဖြစ် Green Tea လက်ဘက်ခြောက်ထုပ်လေးတွေနဲ့ သူတို့ ကော်ဖီမစ်ထုပ်တွေချည့် ပဲ.....။ လက်ဘက်ရည်ငတ် နေတဲ့ ကျွန်မမှာ စိတ်ကို ပျက်ကရော ဆိုတဲ့အထဲကပဲ။
 
လက်ဘက်ရည်ထုပ်တွေ ရလာတော့လဲ ကြည့်အုန်း....၊ တော်တော် ချွေချွေတာတာ မရှိတဲ့ ကျွန်မ....၊ တီးမစ်တထုပ်ကို ရေနွေးမတ်ခွက်အပြည့်နဲ့ဖျော်ပြီး Lipton Tea တထုပ်ကို စိမ်၊ နို့ဆီဇွန်းသေးသေးလေးနဲ့ တဇွန်းထည့်ဖျော်ပြီး သောက်တယ်လေ။ အော်... အဲဒါမှလဲ ချိုပေါ့ကျလေး ဖြစ်တာကိုး။ ဒါပေမဲ့ ချစ်တဲ့သူရဲ့ မေတ္တာပါတဲ့ အိမ်လက်ဘက်ရည်လေးနဲ့တော့ မတူနိုင်ပါဖူး..၊ စိတ်ထဲမယ်.... တခုခု လိုနေသလိုပါပဲ....။
 
Lipton တီးမစ်လေးကို အရသာခံသောက်ပြီးတာနဲ့ ကျွန်မ စာထိုင်ရေးတော့တာ နေ့လည်လောက်အထိပေါ့။ 'ခူနွာ' ရဲ့ အနုပညာသင်တန်းတွေကို သွားကြည့်တာတို့၊ တခြားကိစ္စတွေတို့က နေ့ခင်းပိုင်းတွေမှ သွားလေ့သွားထ ရှိတာကိုး။ ကိုယ့်ဟာလေးနဲ့ကိုယ်၊ ကိုယ့်အစီအစဉ်ကလေးနဲ့ကိုယ် ဟုတ်နေတာ၊ ကိုးရီးယားစာသင်ကြားရေး အစီအစဉ်က အချိန်တွေကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ပစ်တော့တာ......။
ဒါပေမယ့် အံ့သြစရာ....။ စာသင်ခန်းဟာ ကျွန်မအတွက် စိတ်ဝင်စားစရာ ကောင်းနေ တယ်၊ ပျော်စရာ ကောင်းနေတယ်။
 
ဘာသာစကားတခုကို လူကြီးဦးဏှောက်နဲ့ သင်ဖူးတာဟာ ဒါပထမဆုံးပေါ့...။ အပျော်ထမ်းဆိုပေမဲ့ ဘာသာစကားတခုကို ဘယ်လို ချဉ်းကပ်လေ့လာမလဲဆိုတဲ့ စိတ်ဝင်စား မှုလေးရှိနေရင် ပိုကောင်းတာပေါ့။ ကျွန်မ ချစ်သူငယ်ချင်း ပါမောက္ခချုပ်ကြီးကတော့ စာရေးဆရာ၊ ကဗျာဆရာအချင်းချင်း ယိုင်းပင်းပြီးသားပါ။ 'ပျင်းတဲ့နေ့ မသွားနဲ့.. စိတ်ညစ်မခံနဲ့' တဲ့လေ။ ကျွန်မက စိတ်မညစ်ပဲ ပျော်နေတယ်ဆိုတော့ သူက အံ့သြလို့။ သဘောတွေလဲ ကျလို့ ပေါ့လေ...။
 
တကယ်တော့ ကျွန်မပျော်တယ်ဆိုတာ၊ ကိုယ့်အတွက် (မြန်မာလူမျိုးတယောက် အတွက်) မခက်လို့ပါ။ သူတို့နဲ့ ကျွန်မတို့နဲ့ Grammar က အတူတူပဲလေ။ "ကျွန်မ ထမင်း စားတယ်" ပဲ။ အင်္ဂလိပ်ဆို "ကျွန်မ စားတယ် ထမင်း" ကိုး။ သူတို့စာလုံးတွေ ကြည့်ပြီး ရေးရမှာ သိပ်ခက်မယ်ထင်တာလဲ ထင်သလောက် မခက်လှဘူး။
 
သူတို့မှာ 'ကိုယ်ပိုင်စာ' 'ကိုယ်ပိုင်ဘာသာစကား' ဆိုတာကို ၁၅ ရာစု၊ (၁၄၄၆) ခုနှစ်ကျမှ ဘုရင် 'ဆဲဂျုန်း' (King Sejong) နဲ့ ပညာရှိတသိုက်က တီထွင်လို့ ရှိလာတာ။ အရင်က နှစ်ပေါင်းရာကျော် တရုတ်ဘာသာစကားရဲ့ လွှမ်းမိုးမှု အောက်မှာပဲ နေခဲ့ရတာပေါ့...။ ခုချိန်ထိလည်း တချို့စကားလုံးတွေဟာ တရုတ်ဘာသာစကားရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိသေးတယ်တဲ့။ ဆဲဂျုန်းဘုရင်နဲ့ ပညာရှိတသိုက် တီထွင်ထားတဲ့ သူတို့ စာမှာ ဗျည်း consonents က (၁၄) လုံး၊ သရ vowels က ဆယ်လုံး (၁၀) ပဲ ရှိတယ်။ နှစ်ဆင့်ဗျည်း double consonents (၅လုံး) နဲ့ စကားဆက် combined vowels (၁၁) လုံး ရှိတယ်....။ ဒါပဲ...။
 
ကျွန်မတို့အတွက် လွယ်တယ်ဆိုတာက သူတို့အက္ခရာက ကိုယ့်လောက် မများတဲ့ပြင် အသံကလဲ ကိုယ့်လောက်မစုံဘူး။ သူတို့မှာ ရှိတဲ့ အသံတွေအကုန်လုံးဟာလဲ ကျွန်မတို့မှာ ရှိနေတာကိုး....။ 'ချ' တို့၊ 'ဂျ' တို့၊ 'ပ' တို့၊ 'ဘ' တို့ကို ကျွန်မတို့ ပီပီသသ ကွဲကွဲပြားပြား ရွတ်နိုင်တာကြည့်ပြီး၊ သူတို့မှာ အံ့သြလို့....။ ဒိပြင်လူတွေ မရဘူးလေ။ ကျွန်မတို့နဲ့ အက္ခရာ တော်တော်များများတူတဲ့ နိပေါလ်တောင် အသံကျတော့ မရဘူး။ ကျွန်မ သူငယ်ချင်းမလေး နီပေါသူ ပန်းချီဆရာမ 'အယ်ရီနာ' ဟာ တချိန်လုံး၊ 'အညာရှေးရိုး' ပဲ၊ ဘယ်လိုမှ 'ဆေးရိုး' လုပ်လို့မရဖူး....။ 'ရ' နဲ့ 'ဆ'၊ 'ရ' သံနဲ့ 'ဆ' သံကို တလွဲစီထွက်တာကိုး...။
အသံစုံပြီး နားထောင်ရင်လဲ ကွဲကွဲပြားပြား အသံရှိတဲ့ ကိုယ့်ဘာသာစကားလေးကို ပိုလို့ ချစ်မိတယ်။ 

ပြီးတော့ တန်ဘိုးထားမိတယ်။ ကျွန်မတို့မှာ...၊ 'က၊ ကာ၊ ကား..' ဆိုတဲ့ ကွဲကွဲ ပြားပြား အသံရှိပေမဲ့၊ သူတို့မှာ 'ကော' နဲ့ 'ကား' သံ နှစ်ခုပဲ ရှိတယ်။ ဒီနေရာမှာတော့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရမှာပဲ...။
သူတို့မှာ 'ဇ' သံ၊ 'Z (ဇက်)' သံ လုံးဝမရှိတော့ 'ဇက်' သံကို 'ဂျ' သံပဲ ထွက်တယ်လေ...၊ 'ဇစ်' ဆို 'ဂျစ်' ပဲ။ 'ဇာ' ဆို 'ဂျာ' ပဲဆိုတော့.... ၊ ဆရာမက 'ဂျွတ်' ဆို၊ ကျောင်းသားတွေက 'ဇွတ်'။ ပျော်စရာပါ....။
ဆရာမလေးက ငယ်ရှာပါသေးတယ်..။ 'လင်ဟေးဂျင် ( Lin Hye Jin)' တဲ့၊ 'အင် ဆန်ဆိနိ(ဆရာမအင်)' လို့ ခေါ်ရတယ်။ ချစ်စရာကောင်းပြီး အသင်အပြလဲ ကောင်းပါတယ်။ နိုင်ငံခြားသားကို သင်ရတာဆိုတော့ ရီစရာလေးတွေ၊ ဟာသလေးတွေ၊ အိုက်တင်လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်၊ ဖြစ်အောင် သင်ရှာပါတယ်။ ကျောင်းသားစိတ်ညစ်ပြီး မလာတော့မှာကို သူတို့ခမျာ သိပ်ကြောက်ရရှာတာကိုး။ 

ကိုယ်သင်တဲ့ စာသင်ခန်းမှာ ကျောင်းသား ရှိခြင်း၊ မရှိခြင်း၊ ကိုယ့်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်း ပေါ်မှာ အလုပ်တည်မြဲခြင်း၊ မမြဲခြင်းက မူတည်နေတာကိုး...။ ကြောက်တာပေါ့...။ လစာကလဲ ထိုက်ထိုက်တန်တန် ရတာကိုးလေ..။ နံမည်ကြီးပါမောက္ခတယောက်ဟာ တဘာသာသင်ရင် ၀မ် သိန်း(၈၀) ရတာတဲ့...။
ကျွန်မတို့အခန်းမှာ ကျောင်းသား ကျောင်းသူ ဆယ်ယောက်ရှိတယ်။ မြန်မာ၊ နီပေါ၊ အိန္ဒိယ၊ အီရန်၊ မွန်ဂိုးလီးယား၊ ကျူးဘား၊ ခြောက်နိုင်ငံကပေါ့...။ အသက်တွေက ဆယ့်ရှစ်နှစ်ကစပြီး ငါးဆယ်ကျော်ထိလေ...။ အီရန်က 'အားလီ' ဆိုတဲ့ ကောင်လေးက စာသင်ခန်းကို တပါတ်နောက်ကျပြီးမှ ရောက်လာတာ..။ အရပ်က အရှည်ကြီး၊ ခြောက်ပေလောက်ရှိမယ်၊ ခန္ဓာကိုယ်ကလဲ အကြီးကြီး၊ မျက်နှာလေးကတော့ နုနုလေးပေမဲ့ ဘယ်သူကမှ သူ့ကို ဆယ့်ရှစ်နှစ်လို့ မထင်ဖူး...။ 

အဲလောက်ငယ်မယ်လို့ မထင်ဖူးလေ..။ သူက.. ဘွတ်တွေ၊ ရွှတ်တွေ၊ ကုတ်တွေ အပြည့်အစုံနဲ့ ရှိုးစမိုးကလဲ ထုတ်ထားတာဆိုတော့ ဘယ်သူကမှ ဆယ့်ရှစ်နှစ်လို့ မထင်ဖူး...။ အနည်းဆုံး အသက်အစိတ်၊ အများဆုံး သုံးဆယ်လို့ ခန့်မှန်းထားတာလို့ ၀ိုင်းပြောကြတော့ 'အိုး.... ဂေါ့' ဆိုပြီး အားလီလေးဟာ သူ့နဖူးသူ ရိုက်လို့မဆုံး...၊ သူက အင်ဂျင်နီယာကျောင်းသားလေး..၊ ဒီ ကိုးရီးယားမှာ ကျောင်းတက်ဖို့ အတွက် လာလေ့လာတာတဲ့...။ ကိုးရီးယားဘာသာစကားနဲ့ပဲ သင်တာများတဲ့ ဒီနေရာမှာ အရင်ဆုံး ကိုးရီးယားဘာသာစကားကို စမ်းသပ်သင်ကြည့်တာတဲ့လေ..၊ 'မာရီ' ဆိုတဲ့ အီရန်မလေးလဲ ရှိသေးတယ်။ သူလေးက (၂၂) နှစ်၊ ကိုးရီးယားမှာနေတဲ့ အမဆီ လာလည်ရင်း စကောလားရှစ်နဲ့ ကျောင်းရဖို့အတွက်၊ ကြိုးစားနေရှာတာ..။ အီရန်တွေက အသားအရေ၊ မျက်လုံး၊ မျက်ခုံး သိပ်ကိုလှကြတာပဲကိုး..။ ပြီးတော့ သူတို့ရဲ့ လေယူလေသိမ်းက ဆွဲဆောင်မှု ရှိတယ်..။ ချွဲချွဲလေး...။ ဆရာမ'အင်' က သူတို့ လေယူလေသိမ်းကို 'very sexy' တဲ့။ ကိုးရီးယားအသံထွက်တွေကို သူတို့ လေယူလေသိမ်းနဲ့ ပြောတဲ့အခါ အဓိပ္ပါယ်တွေဟာ အကုန်ပြောင်းကုန်ရောတဲ့လေ..။ ဘာတတ်နိုင်မှာလဲ။
 
'အားလီ' လေးကို အမြဲတမ်း ကျောင်းပို့၊ ကျောင်းကြိုလာလုပ်တဲ့.. ကိုးရီးယား သူငယ်ချင်းလေး တယောက်ရှိတယ်။ 'အားလီ' ကို သိပ်ဂရုစိုက်တာပဲ..။ ကျွန်မတို့နဲ့ ဓါတ်လှေ ကားစောင့်ရင်း အမြဲဆုံနေကျပေါ့။ သူနဲ့ အပြန်အလှန် 'အညာဆေးရိုး' ကြရင်းကနေ၊ တနေ့မှာတော့ သူက ကျွန်မတို့ရဲ့ အဆိုအက နည်းပြဆရာဖြစ်သွားရော...။
 
အဲဒီနေ့က အတန်းထဲမှာ ဆရာမက ကလေးကဗျာလေးတပုဒ်ကို သင်တယ်လေ..။ '၀က်ဝံမိသားစုသုံးကောင်' သီချင်းလေးလေ..။ ကျွန်မတို့ဆီမှာ ကလေးတွေ တော်တော်များများ သိတဲ့ သီချင်းလေးပေါ့...။ ကိုးရီးယားနံမည်ကျော်ဇာတ်ကား၊ မြန်မာလို 'ချစ်စံအိမ်' လို့ ထင်တယ်။ နံမည်ကြီး ကိုးရီးယားမင်းသား 'ရိန်း (Rain)' နဲ့ နံမည်ကြီး မင်းသမီး 'အွန်စော' တို့ရဲ့ ကားပေါ့။ အဲဒီထဲမှာ အွန်စောလေးက အဲဒီကလေးကဗျာလေးနဲ့ ကတဲ့ အကွက်လေးပါတယ်။ အရပ်ကလေးပုပုနဲ့ သူကတာ အရမ်းချစ်ဖို့ကောင်းတာပဲ။ ကျွန်မသိနေတာလဲ အိမ်နီးနားချင်း ကလေးတွေကြောင့်ပေါ့။ သူတို့လေးတွေက အဲဒီဇာတ်ကားအခွေကို အပိုင်ဝယ်ထားပြီး အဲဒီ အွန်စော ကတဲ့၊ ဆိုတဲ့ နေရာလေးကို ထပ်တလဲလဲ ဖွင့်ကြည့်ကြတာ...။ ပြီးတော့ အဲဒီကဗျာလေးကို အော်ဆိုနေကြတာလေ...။
 
'..ဂုံဆယ် မာရီဂါxx ဟန်ဂျီဘဲ အစ်ဆောxx အာပါးဂုံxx အိုမား ဂုံ...အယ်ဂီဂုံ...' တဲ့။ အတန်းထဲမှာ ဆရာမက ဆိုပြတော့ ကျွန်မက အကလေးပါ ပါတယ် ကပြပါလားလို့ပြောတော့ မလုပ်ပါနဲ့၊ ရှက်လို့ပါတဲ့၊ သူ ကောင်းကောင်းကတတ်ပါတယ်၊ ဒါပေမယ့်.... ဆိုပြီး တောင်းပန်တယ်။ အဲဒါ ဓါတ်လှေကားမှာ 'အားလီ' သူငယ်ချင်း ကိုးရီးယားလေးနဲ့ တွေ့ရော၊ ကျွန်မတို့က အဲဒီကဗျာလေးကို ရွတ်လို့ကောင်းကောင်းနဲ့ ရွတ်လိုက်တာ....၊ အဲဒီကလေးက ဓါတ်လှေကားရှေ့မှာ ကျကျနန ကပြပါလေရော...။ ကျွန်မတို့ကိုလဲ ဒီလိုဆို၊ ဒီလိုက ဆိုပြီး သင်ပေးတော့တာ...။ တကယ်တော့ ဒီကလေးကဗျာ သီချင်းလေးဟာ ကိုးရီးယားလူမျိုးတိုင်း သိတဲ့ ကဗျာသီချင်းလေးပေါ့..။ သူတို့ ကလေးဘ၀မှာ ဆိုခဲ့၊ ကခဲ့ရတဲ့ သီချင်းလေးကိုး။ ချစ်စရာကောင်းပါတယ်။ ကျွန်မတို့မှာ ငယ်ငယ်က ဆိုခဲ့ကြတဲ့ ကလေးကဗျာလေးတွေ ရှိပေမယ့် ဒီလို အကလေးနဲ့ပါ တွဲထားတဲ့ သတ်သတ်မှတ်မှတ် ကဗျာသီချင်းမျိုးလေး မရှိဖူးလေ....။
ကျွန်မရဲ့ နောက်ထပ် သူငယ်ချင်းတယောက်ကတော့ 'အန်းဒီ' ဆိုတဲ့ ကျူးဘားလေး...၊ အသက်က (၂၁) နှစ်၊ ချစ်စရာ သနားစရာလေး။ သူတို့နိုင်ငံသုံး 'စပိန်' ဘာသာစကားပဲ ပြောတတ်တာဆိုတော့ တခြားသူတွေနဲ့ 

ဆက်သွယ်ဖို့၊ စကားပြောဖို့က ပြဿနာပေါ့။ အင်္ဂလိပ်လိုလဲ တလုံးနှစ်လုံးကလေးပဲ သိရှာတယ်။ ကိုးရီးယားလိုလဲ (ကျွန်မတို့အားလုံး) အရင်ဆုံး စပြောတတ်တဲ့ 'မိုးလားယို'၊ 'မသိဖူး' ဆိုတာပဲ ပြောတတ်တော့ နောက်ဆုံး အင်တာနေရှင်နယ်ဘာသာစကား၊ လက်ဟန်ခြေဟန်ပဲပေါ့။
ဒီကလေးကလဲ ကိုးရီးယားမှာ တနှစ်ဗီဇာ သက်တမ်းနဲ့ ကိုးရီးယားစာသင်ရင်း ကျောင်းတက်ဖို့ ကျောင်းရှာမှာ...။ ကျောင်းရှာတယ်ဆိုတာ၊ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေ ရဲ့ ၀င်ခွင့်စာမေးပွဲတွေကို လိုက်ဖြေရတာပေါ့...။ တက္ကသိုလ်အများစုက ကိုးရီးယားလိုသင်တာ ဆိုတော့ ကိုးရီးယားစားကို အရင်သင်ရတာပေါ့။
 
ကျွန်မက အန်းဒီကို 'ငါ မင်းတို့ ခေါင်းဆောင် ကပ်စထရိုကို သိတယ် အန်းဒီ' လို့ပြောတော့ သူ့မျက်နှာလေးက ရှုံ့မဲ့မဲ့လေး..။ ကျွန်မက ရယ်မောရင်း 'မင်း ကပ်စထရိုကို ကြိုက်လား' လို့ မေးတော့ 'မိုးလားယို' တဲ့...။ မသိဖူးတဲ့။ လူလည်လေး...။ ပြီးတော့ လူနောက်လူပြောင်လေး...၊ ကျွန်မက အပေါက်ဝကို လက်ညှိုးထိုးပြီး 'ဟိုမှာ ကပ်စထရို လာနေပြီ' လို့ နောက်လိုက်တာနဲ့ ပျာရိပျာယာ ခုံအောက်ဝင်ပုန်းတတ်တယ်။ ခုံအောက်မှာ 'ပု' နေရင်းကလဲ အားလုံးကို နှုတ်ခမ်းပေါ်လက်တင်ရင်း 'တရှူးရှူး' နဲ့ လုပ်တတ်သေးတယ်။
'ချေဂွေဗားရားလာနေပြီ' လို့အော်ရင်တော့ ဖျတ်ဆို သတိဆွဲပြီး အလေးပြုတတ်တယ်။ ပြီးတော့မှ လက်မထောင်ရင်း 'ဂျိုအာရို' တဲ့။ ကိုးရီးယားလို သိပ်ကောင်းတယ်လို့ ပြောတာလေ...။
ပြီးတော့ ဆရာမ 'အင်' က စကားလုံး အသစ်တလုံး၊ သင်ခဏ်းစာ အသစ်တခု တက်ပြီ ဆိုရင် သူ့အတွက် 

နဲနဲရှုပ်သွားတာနဲ့ ခေါင်းလေးခါပြီး... 'ဘာလို့ အဲလို ဖြစ်ရတာလဲ' လို့ ဆရာမကို မေးတတ်တယ်။ ဆရာမကလဲ ရယ်ရယ်မောမောနဲ့ အမြဲဖြေတယ်...။ 'အဲဒါ ငါလဲမသိဘူး၊ စာတီထွင်တဲ့ ဆဲဂျုန်း ဘုရင်ကို သွားမေးပါ' တဲ့...။ အဲဒါ နောက်ကျတော့ သူနားမလည်တော့ဖူးဆိုရင် 'အိုး ဆဲဂျုန်း' လို့ ခေါင်းရမ်းပြီး အော်တော့တာပဲ....။ ဟာသရှိတဲ့ အန်းဒီက စာသင်နေရင်းကလဲ ဘေးနားက ကျွန်မကို ကပ်ပြီးတော့လဲ မေးတတ်တယ်။ 'ဆဲဂျုန်း ဘာကြောင့် အဲလို လုပ်ရတာလဲ' တဲ့။ ကျွန်မက 'စာတီထွင်တုန်းက ဆဲဂျုန်းနဲ့ ပညာရှိတသိုက်ဟာ ဆိုဂျူးသောက်ပြီး တီထွင်တာ' လို့ ပြောတော့ သူ့မှာ ခုံအောက်မျက်နှာ ၀င်ပြီး တခစ်ခစ်နဲ့ အူတက်လို့ မဆုံးတော့ဖူး။

နုနုရည်အင်းဝ

source.... မာယာ